ကလိန်အောင်မြို့နယ်၌ မြေအောက်ရေဖြင့် စိုက်ပျိုးထားသော ကျောက်ဖရုံသီးများ အောင်မြင်ဖြစ်ထွန်း

ကလိန်အောင်မြို့နယ်၌ မြေအောက်ရေဖြင့် စိုက်ပျိုးထားသော ကျောက်ဖရုံသီးများ အောင်မြင်ဖြစ်ထွန်း

    တနင်္သာရီတိုင်းဒေသကြီး  ထားဝယ်ခရိုင်   ကလိန်အောင်မြို့နယ်၌   ရာသီအလိုက်   သစ်သီးဝလံသီးနှံ မျိုးစုံစိုက်ပျိုး လုပ်ကိုင်လျက်ရှိရာ    မြေအောက်ရေဖြင့်  စိုက်ပျိုးထားသော  ကျောက်ဖရုံသီးများ  အောင်မြင်ဖြစ်ထွန်းလျက် ရှိကြောင်း ဒေသခံတောင်သူများ၏ ပြောဆိုချက်အရ သိရသည်။

ကလိန်အောင်မြို့နယ်၌    ကျောက်ဖရုံသီး အပင်များကို မြေနုကျွန်းပေါ်များ ဖြစ်သည့် ကိုင်း၊ ခြံများတွင် နိုဝင်ဘာလပိုင်းမှစ၍   မျိုးစေ့များဝယ်ယူကာ   မြေအောက်ရေဖြင့်    စိုက်ပျိုးကြပြီး   အပင်များ အသီးအထွက်နှုန်း ကောင်းမွန်စေရန် အတွက် သဘာဝမြေသြဇာများ ကျွေးခြင်း၊ ပိုးသတ်ဆေးများ ဖျန်းပက်ပေးခြင်းတို့ဖြင့် ပြုစုပျိုးထောင်ပြီး ရက် ၁၀၀ ကျော်ခန့်မှသာ ဈေးကွက်အတွင်းသို့ ဆွတ်ခူးရောင်းချ ကြသည်။

“အရင်နှစ်တွေကတော့ ကျောက်ဖရုံသီးကို ဈေးကွက်ဝင်သီးနှံအဖြစ် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးခြင်းမရှိကြဘူး။ ဒီနှစ်ကျမှပဲ ဈေးကွက်ဝင်ပြီး အဝယ်များလာတာကြောင့် တိုးချဲ့ စိုက်ပျိုးလာကြတယ်” ဟု ကလိန်အောင်မြို့နယ်မှ တောင်သူတစ်ဦးကပြောသည်။

လက်ရှိကျောက်ဖရုံသီး စတင်ဆွတ်ခူးချိန်တွင် ဈေးနှုန်းမှာ အလုံးအရွယ်အစား အလိုက် အလုံးကြီးတစ်လုံးလျှင် ငွေကျပ် ၂၀၀၀၊ အသေးတစ်လုံးလျှင် ငွေကျပ် ၈၀၀  ရှိပြီး ထွက်ရှိသည့် အသီးများကို ထားဝယ်မြို့နှင့် ကံပေါက်ဒေသတို့ရှိ အဝယ်ဒိုင်များက ကိုင်း၊  ခြံများအထိ  လာရောက် ဝယ်ယူကြကြောင်း သိရသည်။

ကလိန်အောင်မြို့နယ်နှင့်   အနီးပတ်ဝန်းကျင် ကျေးရွာများသည် နှစ်ရှည်အပင် ဥယျာဉ်ခြံများ စိုက်ပျိုး လုပ်ကိုင်ကြသကဲ့သို့  ရာသီအလိုက်ထွက်ရှိသည့် ဖူးစားပြောင်း၊ နှမ်း၊ ဘူးသီး၊ တိုင်ထောင်ပဲ၊ ငရုတ် စသည် တို့ကို မြေအောက်ရေဖြင့် တစ်နှစ်ပတ်လုံး စိုက်ပျိုးကြကြောင်း သိရသည်။