ကမ္ဘာ့ဈေးကွက်သို့ထိုးဖောက်လာသည့် တရုတ်မောင်းသူမဲ့လေယာဉ်များ

ကမ္ဘာ့ဈေးကွက်သို့ထိုးဖောက်လာသည့် တရုတ်မောင်းသူမဲ့လေယာဉ်များ

တရုတ်နိုင်ငံသည် ၎င်းင်းတို့၏မောင်းသူမဲ့လေယာဉ်ဆိုင်ရာသုတေသနနှင့် ထုတ်လုပ်ရေးကို နှစ်ပေါင်းများစွာကြာ လုပ်ဆောင်လာရာမှ ယခု ၂၀၂၃ ခုနှစ်တွင် ကမ္ဘာပေါ်၌ မောင်းသူမဲ့လေယာဉ်အများဆုံးထုတ်လုပ်၍ ပြည်ပနိုင်ငံများသို့ တင်ပို့နေသည့်  ထိပ်တန်းနိုင်ငံကြီးတစ်နိုင်ငံ ဖြစ်လာခဲ့ပါသည်။  တရုတ်နိုင်ငံသည် ၎င်းတို့၏ မောင်းသူမဲ့လေယာဉ်  စွမ်းဆောင်ရည်မြှင့်တင်ရေး အစီအစဉ်ကို  ၁၉၅၀ ပြည့်နှစ်များအတွင်းမှစ၍ စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ယင်းအချိန်တွင် တရုတ်နိုင်ငံသည် အမေရိကန်နှင့် ဆိုဗီယက်ယူနီယံတို့၏ နည်းပညာကို အတုယူ၍လုပ်ဆောင်ခဲ့ခြင်းဖြစ်သော်လည်း ယခုအခါတွင် တရုတ်နိုင်ငံထုတ် မောင်းသူမဲ့ လေယာဉ်များကို အရှေ့အလယ်ပိုင်းဒေသ၊ အာဖရိကဒေသနှင့် ကမ္ဘာ့နိုင်ငံအများအပြားက ၎င်းတို့၏ လက်နက်ကိုင်တပ်ဖွဲ့များတွင် ဖြန့်ကြက်ထားလျက်ရှိသည်။

ယီမင်နိုင်ငံတွင်ဖြစ်ပွားနေသည့်ပဋိပက္ခအတွင်း၌ နက်ရှိုင်းစွာပါဝင်နေသည့် ဆော်ဒီဦးဆောင်သော ညွန့်ပေါင်းအဖွဲ့သည် တရုတ်နိုင်ငံထုတ် မောင်းသူမဲ့လေယာဉ်များကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလျက်ရှိသည်။

အရှေ့အလယ်ပိုင်းနိုင်ငံတစ်နိုင်ငံဖြစ်သည့် အီရတ်နိုင်ငံသည် နိုင်ငံအတွင်း၌ ၂၀၁၈ ခုနှစ် နှစ်လယ်ပိုင်းလောက်တွင် IS အကြမ်းဖက်စစ်သွေး<ကအဖွဲ့၏ပစ်မှတ်များကို တိုက်ခိုက်ရန်အတွက် တရုတ်မောင်းသူမဲ့လေယာဉ် များကိုအသုံးပြုရာ အောင်မြင်မှုနှုန်းမှာ ရာနှုန်းပြည့်နီးပါး ရရှိခဲ့သည်ဟု ဆိုထားသည်။

မောင်းသူမဲ့လေယာဉ် ထုတ်လုပ်တင်ပို့ရေးဈေးကွက်တွင် တရုတ်မောင်းသူမဲ့လေယာဉ်များက  လွှမ်းမိုးလာနိုင်သည့် အဓိကအကြောင်းရင်းမှာ တရုတ်တပ်မတော်အား ကမ္ဘာ့အဆင့်အတန်းမီ လက်နက်ကိုင် တပ်ဖွဲ့အဖြစ် တက်လှမ်းရန် ကြိုးပမ်းနေသည့် အစိုးရ၏ရင်းနှီးမြှုပ်နှံမှုများကြောင့်လည်းဖြစ်သည်ဟုဆိုနိုင်သည်။ မောင်းသူမဲ့ လေယာဉ်များသည် စစ်မြေပြင်အခြေအနေများကို အကြီးအကျယ်ပြောင်းလဲပစ်နိုင်စွမ်း ရှိသည်ဟု တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောကြားခဲ့ပြီး မောင်းသူမဲ့လေယာဉ်ထုတ်လုပ်ရေးကို အရှိန်အဟုန်တိုးမြှင့် လုပ်ဆောင်သွားမည်ဟု၂၀၂၂ ခုနှစ်ကကျင်းပခဲ့သည့် ကွန်မြူနစ်ပါတီ၏ ကွန်ဂရက်အစည်းအဝေးပွဲ၌ ကတိပြုပြောကြားခဲ့သည်။ ထို့ကြောင့်တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်သည် ပဋိပက္ခတစ်ခုခု ဖြစ်ပွားမည် ဆိုပါက ရန်သူ၏လေကြောင်းရန်ကာကွယ်ရေးစနစ်ကိုချည့်နဲ့စေရန်အတွက် မောင်းသူမဲ့လေယာဉ် အမြောက်အမြားကို အသုံးပြုလာဖွယ်ရှိသည်ဟု အနောက်နိုင်ငံများမှ အကဲဖြတ်သူများက ဆိုထားသည်။

တရုတ်နိုင်ငံသည် ၎င်းတို့၏မောင်းသူမဲ့လေယာဉ်များအား ပြည်ပနိုင်ငံအများအပြားသို့ တင်ပို့လျက်ရှိပြီး  အာရပ်စော်ဘွားများ ပြည်ထောင်စုသည်  တရုတ်မောင်းသူမဲ့လေယာဉ်များကို ဝယ်ယူအသုံးပြုနေသည့် အာရပ်နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်လျက်ရှိသည်။ အလားတူပင် ဆော်ဒီအာရေဗျနှင့် ပါကစ္စတန်နိုင်ငံ တို့ကလည်း တရုတ်မောင်းသူမဲ့လေယာဉ်များအား  ဝယ်ယူအသုံးပြုရေးအတွက် တရုတ်နိုင်ငံနှင့်စေ့စပ် ဆွေးနွေးခဲ့သည်။ တရုတ်မောင်းသူမဲ့လေယာဉ်များ၏ စွမ်းဆောင်ရည်မှာ တစ်စထက်တစ်စပိုမို ကောင်းမွန်လာလျက်ရှိသည်။ ထိုသို့ မောင်းသူမဲ့လေယာဉ်များ၏စွမ်းဆောင်ရည် ပိုမိုတိုးတက်ကောင်းမွန် လာရခြင်း၏ အဓိကအကြောင်းရင်းမှာ တရုတ်ကုမ္ပဏီများအနေဖြင့် အနောက်နိုင်ငံများရှိ မောင်းသူမဲ့လေယာဉ်ဈေးကွက်များအား ထိုးဖောက်ရန် ကြိုးပမ်းနေခြင်းကြောင့်ပင်ဖြစ်သည်။ ကမ္ဘာ့နိုင်ငံများကြား လူကြိုက်များနေသည့် တရုတ်နိုင်ငံထုတ်မောင်းသူမဲ့လေယာဉ်များတွင် CH-4 မောင်းသူမဲ့လေယာဉ်နှင့် Wing Loong 2 မောင်းသူမဲ့လေယာဉ်တို့ပင်ဖြစ်ပါသည်။ ထို့ပြင် Cai Hong 7 (CH-7) မောင်းသူမဲ့လေယာဉ်၊  Star Shadow မောင်းသူမဲ့လေယာဉ်၊ Fei Long-2နှင့် Fei Long-71 မောင်းသူမဲ့တိုက်ခိုက်ရေး လေယာဉ်များနှင့် Dark Sword  တိုက်ခိုက်ရေးမောင်းသူမဲ့လေယာဉ်တို့မှာ နိုင်ငံအများအပြား၏ အထူးသတိထားခြင်းခံရသည့် မောင်းသူမဲ့လေယာဉ်များဖြစ်သည်။

Cai Hong 7 (CH-7) မောင်းသူမဲ့လေယာဉ်

Cai Hong 7 (CH-7) ကိုယ်ပျောက်မောင်းသူမဲ့လေယာဉ်ကို  တရုတ်နိုင်ငံပိုင် လေယာဉ်ထုတ်လုပ်ရေး၊ လေကြောင်းသိပ္ပံ နှင့် နည်းပညာကော်ပိုရေးရှင်း(CASC)က ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံတောင်ပိုင်း  ကွမ်တုန်းပြည်နယ်၌ ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင်ကျင်းပသည့် ရှစ်ကြိမ်မြောက် လေကြောင်းပြပွဲတွင်   ယင်းမောင်းသူမဲ့လေယာဉ်၏ရှေ့ပြေးပုံစံကို   လူသိရှင်ကြားထုတ်ဖော်ပြသခဲ့ပါသည်။

ရေဒါရှောင်ရှားနိုင်သည့် အဆိုပါမောင်း သူမဲ့လေယာဉ်ကိုယ်ထည်၏  အရှည်မှာ၁၀ မီတာရှိပြီး တောင်ပံအရှည်မှာ ၂၂ မီတာ ရှိသည်။ CH-7 မောင်းသူမဲ့လေယာဉ်သည် မြေမျက်နှာပြင်အထက် ၄၂၆၅၀ ပေ(၁၃၀၀၀ မီတာ)အမြင့်မှနေ၍ တစ်နာရီလျှင် ၉၂၀ ကီလိုမီတာ    အမြင့်ဆုံးအရှိန်နှုန်းဖြင့် မောင်းနှင်ပျံသန်းနိုင်သည်။ အဆိုပါမောင်း သူမဲ့လေယာဉ်တွင်  စကားဝှက်ခံထားသည့် ဂြိုဟ်တုဆက်သွယ်ရေး အချက်အလက်ချိတ်ဆက်မှု စနစ်ကိုလည်း တပ်ဆင်ထားသည်။အဆိုပါအချက်အလက်ချိတ်ဆက်မှုစနစ် သည် မောင်းသူမဲ့လေယာဉ်အား အမျိုးမျိုး သောအကွာအဝေးတစ်လျှောက် လွတ်လပ် စွာမောင်းနှင်ပျံသန်း၍  စစ်ဆင်ရေးဆင်နွှဲ စေရန်  အထောက်အကူပြုပေးနိုင်မည်ဖြစ်သည်။

CH-7 မောင်းသူမဲ့လေယာဉ်တွင် ရေဒါဖျက်လက်နက်၊ သင်္ဘောဖျက်လက်နက်၊ ဝေဟင်မှ မြေပြင်ပစ်ဒုံး ကျည်များနှင့် ဗုံးများ အပြင် အီလက်ထရွန်နစ်စစ်ပွဲဆင်နွှဲနိုင်စေရန်အတွက် ဆင်ဆာများနှင့် jamming စနစ်များကိုပါ   သယ်ဆောင်နိုင်မည်ဖြစ်သည်။

CASC သည် CH-7 မောင်းသူမဲ့ လေယာဉ်ကို ကုန်းမြေအခြေပြုမောင်းသူမဲ့ လေယာဉ်အဖြစ် အဓိကရည်ရွယ် ထုတ်လုပ်ထားခြင်း ဖြစ်သော်လည်း နောက်ပိုင်းတွင် ရေတပ်သုံးမောင်းသူမဲ့လေယာဉ်အဖြစ် ထပ်မံ ထုတ်လုပ်မည်ဖြစ်သောကြောင့် လေယာဉ် တင်သင်္ဘောပေါ်တွင်ပါ စစ်ဆင်ရေးဆောင် ရွက်နိုင်မည်ဖြစ်သည်။

Star Shadow မောင်းသူမဲ့လေယာဉ်

တရုတ်မောင်းသူမဲ့လေယာဉ်ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် Star UVA system ကုမ္ပဏီ သည် Star Shadow မောင်းသူမဲ့လေယာဉ်  ပုံစံတစ်မျိုးကို စင်ကာပူနိုင်ငံ၌ ၂၀၁၈ ခုနှစ်ကကျင်းပသည့်     လေကြောင်းပြပွဲတွင် ပြသခဲ့သည်။ အဆိုပါမောင်းသူမဲ့လေယာဉ် သည်  စိန်တုံးပုံသဏ္ဌာန်ရှိပြီး  လေယာဉ်ကိုယ်ထည်မှာ ၇ ဒသမ ၃ မီတာနှင့် တောင်ပံများ၏အရှည်မှာ   ၁၅ မီတာရှိသည်။

မောင်းသူမဲ့လေယာဉ်သည်   လုပ်ဆောင်ရမည့် စစ်ဆင်ရေးများ၏  အခြေအနေအပေါ် မူတည်၍ ၁၂နာရီကြာဆက်တိုက် မောင်းနှင်ပျံသန်းနိုင်သည့်အပြင်  မြေမျက်နှာပြင် အထက်ပေ ၄၀၀၀၀ နီးပါးမှနေ၍ အမြန်ဆုံးအရှိန်ဖြင့်   တစ်နာရီလျှင် ၇၀၀ ကီလိုမီတာနှုန်းပျံသန်းနိုင်သည်။ မောင်းသူမဲ့လေယာဉ်အား တည်ဆောက်သည့်    Star UVA system  သည် Star Shadow မောင်းသူမဲ့လေယာဉ်အား   ပထမဆုံးအကြိမ်အဖြစ် ၂၀၁၉ ခုနှစ်  နှစ်လယ်ပိုင်းလောက်တွင် မောင်းနှင်ပျံသန်းရန်စီစဉ်ခဲ့ပါသည်။ Star Shadow   မောင်းသူမဲ့လေယာဉ်သည် အမေရိကန်နိုင်ငံထုတ်  RQ-170 Sentinel အမျိုးအစားကိုယ်ပျောက် မောင်းသူမဲ့လေယာဉ်နှင့် တူညီသည့်အချက်များစွာရှိနေသည်။သို့သော် အမေရိကန်နိုင်ငံသည်  RQ-170 Sentinel  မောင်းသူမဲ့လေယာဉ်ကို ကင်းထောက်ရန်အတွက်သာ ထုတ်လုပ်ထားခြင်းဖြစ်သည်။ တရုတ်နိုင်ငံသည် အဆိုပါ  RQ-170 မောင်းသူမဲ့လေယာဉ်နည်းပညာကို အီရန်နိုင်ငံထံမှတစ်ဆင့်  ရရှိခဲ့ဖွယ်ရှိသည်ဟု ယူဆရသည်။

Dark Shadow တိုက်ခိုက်ရေးမောင်းသူမဲ့လေယာဉ်

တရုတ်နိုင်ငံသည်   Dark Shadow  တိုက်ခိုက်ရေးမောင်းသူမဲ့လေယာဉ်အစီအစဉ်နှင့်စပ်လျဉ်း၍ လျှို့ဝှက်ထားခဲ့သော်လည်း အဆိုပါမောင်းသူမဲ့လေယာဉ်၏   ရှေ့ပြေးပုံစံကို တရုတ်နိုင်ငံ ကျူဟိုင်မြို့၌  ၂၀၀၆ ခုနှစ် အောက်တို ဘာလအတွင်းက ကျင်းပသည့်လေကြောင်းပြပွဲတွင်  ထုတ်ဖော်ပြသခဲ့သည်။ အဆိုပါ တိုက်ခိုက်ရေးမောင်းသူမဲ့လေယာဉ်ကို နိုင်ငံပိုင်လေကြောင်းပျံသန်းရေး စက်မှုလုပ်ငန်းကော်ပိုရေးရှင်း၏   ရှန်ယန်းလေယာဉ်ဒီဇိုင်းထုတ်လုပ်ရေးသိပ္ပံက တည်ဆောက်ခဲ့သည်ဟုယူဆရသည်။    အဆိုပါ တိုက်ခိုက်ရေး မောင်းသူမဲ့လေယာဉ်ကို AVIC 601-S အစီအစဉ်၏ တစ်စိတ်တစ်ဒေသအဖြစ် ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။

အဓိကရည်ရွယ်ချက်မှာ အနိမ့်ပျံစောင့်ကြည့်ရေးမောင်းသူမဲ့လေယာဉ်များထုတ်လုပ်ရန်အတွက်ပင်ဖြစ်သည်။ သို့သော်  Dark Shadow    တိုက်ခိုက်ရေးမောင်းသူမဲ့လေယာဉ်သည်  ဝေဟင်စစ်ဆင်ရေးနှင့် မြေပြင်တိုက်ခိုက်ရေး တို့ကိုပါ  လုပ်ဆောင်နိုင်စွမ်းရှိပြီး သင်္ဘောဖျက်ပဲ့ထိန်းဒုံးကျည်များ ကိုပါသယ်ဆောင်နိုင်ခြင်း ရှိသောကြောင့် လေယာဉ်တင်သင်္ဘောများအတွက် ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် ထွက်ပေါ်လာသည်။ထို့ကြောင့် အဆိုပါတိုက်ခိုက်ရေးမောင်းသူမဲ့လေယာဉ်သည် အနောက်နိုင်ငံကြီးများ၏  အထူးအလေးပေးမှုကိုခံရလျက်ရှိသည်။

Fei Long-2 တိုက်ခိုက်ရေး မောင်းသူမဲ့လေယာဉ်များ

Fei Long-2 ဘက်စုံသုံးကိုယ်ပျောက်မောင်းသူမဲ့လေယာဉ်ကိုတရုတ်ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် ကျုန်းထျန်းပဲ့ထိန်းထိန်းချုပ်မှု နည်းပညာကုမ္ပဏီက တည်ဆောက်ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ မောင်းသူမဲ့လေယာဉ်သည်မြေပြင်အထက်ပေ ၄၉၀၀၀ မှ တစ်နာရီလျှင်  ၇၈၀ ကီလိုမီတာနှုန်းဖြင့် ပျံသန်းနိုင်သည်။

Fei Long-2  မောင်းသူမဲ့လေယာဉ်သည် အမေရိကန်   နော်သရော့ဂရွမ်းမန်းကုမ္ပဏီက ထုတ်လုပ်ရန်ကြိုးပမ်း နေသည့် B-21 Raider ဗုံးကြဲလေယာဉ်၏  အရှိန်နှုန်း၊   တိုက်ခိုက်နိုင်သည့်အကွာအဝေး၊ သယ်ဆောင်နိုင်သည့် အလေးချိန်နှင့် ရေဒါရှောင်ရှားနိုင်စွမ်းစသည့် စွမ်းဆောင်ရည်တို့တွင် အလားသဏ္ဌာန်အားဖြင့် ဆင်တူမှုရှိသည်ဟု ဆိုသည်။

တရုတ်နိုင်ငံသည် ၎င်းတို့၏စွမ်းဆောင်ရည်မြင့်မားသည့်မောင်းသူမဲ့လေယာဉ်များအား အခြားနိုင်ငံများသို့ တင်ပို့ရာတွင် စည်းကမ်းများတင်းကျပ်ထားမှုမရှိခြင်း၊ ပြောင်းလွယ်ပြင်လွယ်သည့်မူဝါဒများကို   ချမှတ်ကျင့်သုံးခြင်းတို့ကိုပါ     အသုံးပြုနေခြင်းကြောင့် မောင်းသူမဲ့လေယာဉ်ဈေးကွက်သို့ ထိုးဖောက်ရာတွင်   များစွာအထောက်အပံ့ဖြစ်စေခဲ့သည်။

(Ref: Aljazeera, AMR, Globalsecurity)