စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

အမှတ်စဉ်(၆၆)

မြစ်ကျဉ်းသုံးသွယ် (Three Gorges) စပြီ

Gezhouba ရဲ့အထက်ဘက် ယမ်စီမြစ်ပေါ်က မြစ်ကျဉ်းသုံးသွယ် (Three Gorges) စီမံကိန်းကို ခေတ်အဆက်ဆက်က ဆောင်ရွက်မယ်လို့ ဆုံးဖြတ်ထားတာကိုလည်း တိန်ရှောက်ဖိန်က စိတ်အားထက်သန်စွာဆက်ပြီးအကောင်အထည်ဖော်ခဲ့တယ်။  ဒီကိစ္စအတွက် ၁၉၉၂ ခုနှစ် တရုတ်ကွန်မြူနစ်ပါတီညီလာခံ (ပါတီကွန်ဂရက်)မှာတင်ပြီး ဆုံးဖြတ်ခဲ့တယ်။ ကိုယ်စားလှယ် ၂၆၃၃ ဦးရှိတဲ့အနက် ၆၄၄ ဦး ပျက်ကွက်ခဲ့တယ်။ ကျန်တဲ့အထဲက ၁၇၆၇ ဦးက ထောက်ခံခဲ့တယ်။ ၁၇၇ ဦးက ကန့်ကွက်ခဲ့တယ်။ ၂၅ ဦးက မဲမပေးခဲ့ကြဘူး။ ဒါတစ်ပါတီစနစ်ပါ။ မြန်မာနိုင်ငံမှာ ယနေ့အခြေအနေလိုဆိုရင်တော့ လွှတ်တော်မှာ ဆုံးဖြတ်ကြရမှာပေါ့။

နောက်ဆုံးမှာ မြစ်ကျဉ်းသုံးသွယ် (Three Gorges) စီမံကိန်းကြီးကို  ပါတီကွန်ဂရက်ရဲ့ဆုံးဖြတ်ချက်နဲ့  ၁၉၉၄ ခုနှစ်  (တိန်ရှောက် ဖိန်မကွယ်လွန်မီ) မှာ စတင်နိုင်ခဲ့တယ်။ စီမံကိန်းဟာ လုပ်ငန်းပမာဏကြီးမားလွန်းတယ်။ ဒါပေမဲ့ ရလာမယ့် အကျိုးကျေးဇူးတွေ ကလည်း ကြီးမားပါတယ်။

မြစ်ကျဉ်းသုံးသွယ်ကိုယ်တွေ့အမြင်

မြစ်ကျဉ်းသုံးသွယ်စီမံကိန်းဟာ ယမ်စီမြစ်ကို ကွန်ကရစ်တမံနဲ့တားပြီး ရေလှောင်တဲ့စီမံကိန်း (Reservoir Type) ဖြစ်ပါတယ်။ လက်ယာဘက်မှာ ဧရာမသင်္ဘောကြီးတွေ အထက်အောက် စုန်ဆန်ကူးလူးသွားလာနိုင်ဖို့ ရေလမ်းသွားလာရေး ဂိတ် (Navigation Lock) ပါတွဲပြီး တပ်ဆင်ထားပါတယ်။ တပ်ဆင်ထားတဲ့ ရေအားလျှပ်စစ်စက်တွေရဲ့ တပ်ဆင်အင်အားဟာ ၂၀၁၈ ခုနှစ်အထိ ကမ္ဘာမှာ  အကြီးဆုံးတပ်ဆင်အင်အားဖြစ်ပါတယ်။ စုစုပေါင်း ၂၂၅၀၀ မဂ္ဂါဝပ်ရှိပါတယ်။ ၇၀၀ မဂ္ဂါဝပ်အင်အား ၃၂ လုံးနဲ့ ၅၀ မဂ္ဂါဝပ် ၂ လုံး တပ်ဆင်ထားပါတယ်။ ၇၀၀ မဂ္ဂါဝပ် ၃၂ လုံးထဲက ၁၄ လုံးကို လက်ဝဲဘက်ကမ်း (မြောက်ဘက်ကမ်း) နဲ့ ၁၂ လုံးကို လက်ယာဘက် ကမ်း(တောင်ဘက်ကမ်း)မှာ တပ်ဆင်ထားတယ်။ ကျန် ၆ လုံးကိုတော့ လက်ယာဘက်ကမ်းမှာ မြေအောက်ဓာတ်အားပေးစက်ရုံ (Underground Power Plant) အဖြစ် တည်ဆောက်ထားပါတယ်။  အလွန်ကြီးမားတဲ့ စီမံကိန်းကြီးမှာ  ထည့်သွင်းစဉ်းစားသွားတဲ့ အခြေခံအချက်တွေကို စာရေးသူ အတော်များများလေ့လာခဲ့ပါတယ်။ စက်ရုံ၊ တမံနဲ့ ပြောင်းရွှေ့မြို့သစ်တွေထဲက အချို့ကိုပါ ၂၀၁၃ ခုနှစ်မှာ ရောက်ရှိလေ့လာခဲ့ဖူးပါတယ်။ ကိုယ်တိုင် ရေအားလျှပ်စစ်တာဝန်တွေကို နှစ်ပေါင်းများစွာ ထမ်းဆောင်ခဲ့ဖူးသူတစ်ဦး ဒီနေရာကို ရောက်တဲ့အချိန် စိတ်ထဲမှာ ခံစားရတာတွေဟာ ဒီစာအုပ်ပေါ်မှာ ချရေးပြလို့မရအောင် လေးနက်များပြားပါတယ်။ သဘာဝကြီးဖြစ်ချင်တာဖြစ်နေတာကို အကျိုးရှိအောင် စီမံခန့်ခွဲခဲ့ကြသူများကို လည်း လေးစားပါတယ်။ ကိုယ့်နိုင်ငံမှာ ရေချိုတွေ နှစ်စဉ် ပင်လယ်ထဲစီးဝင်နေတာတွေကို အချို့နေရာတွေမှာ ဘာလို့  အကျိုးရှိအောင်  မသုံးနိုင်ရတာလဲလို့တွေးပြီး  စိတ်မကောင်း ဖြစ်မိပါတယ်။ ဆင်းရဲခဲ့တာချင်းအတူတူ ငါတို့က ဘာကြောင့် ဒါမျိုးတွေ မလုပ်နိုင်သေးတာလဲဆိုတာလည်း စဉ်းစားနေမိခဲ့ပါတယ်။

ယမ်စီမြစ်ရေလွှဲခြင်းစတင်ပြီ

မြစ်ရေထုကြီးကလည်း ရေအနည်းဆုံးအချိန်မှာတောင် တစ်စက္ကန့်ကို ၇၀၆၂၉ ကုဗပေ(၂၀၀၀ ကုဗမီတာ^စက္ကန့်)နှုန်းနဲ့ စီးနေတဲ့ မြစ်ထဲမှာ တည်ဆောက်ရေးစတင်ဆောင်ရွက်မယ့်နေရာ မြစ်ထဲမှာ ရေမရှိအောင် ဆောင်ရွက်ရတာက ပထမဆုံးလုပ်ရတဲ့အလုပ်ပါ။ ဘေးက တောင်တွေကိုဖောက်ပြီး ဥမင်လိုဏ်တွေနဲ့  ရေလွှဲတဲ့အခါ  ရှုပ်ထွေးများပြားလှတဲ့ အင်ဂျင်နီယာနဲ့ ဘူမိဗေဒဆိုင်ရာ ပညာရပ်တွေနဲ့ ဆောင်ရွက်ရတာပါ။တစ်မိုင်နီးပါးကျယ်တဲ့ မြစ်ပြင်ကြီးပေါ်မှာ တမံတည်ဆောက်မယ့်နေရာရဲ့အထက်ဘက် မလှမ်းမကမ်းမှာ  ယာယီရေတားတမံတစ်ခု  ဦးစွာတည်ဆောက်ကြရပါတယ်။ ဥမင်လိုဏ်နဲ့ ရေလွှဲနိုင်ဖို့  ဘယ်ညာနဲ့ နှစ်ဖက်ကနေ  ဖြည်းဖြည်းချင်း  မြစ်ကိုမြေဖို့ပြီး ပိတ်ဆို့လာပါတယ်။ နှစ်ဖက်ထိလုထိခါနီးအချိန်မှာ အထက်အောက်ရေအမြင့် ကွာခြားချက် ဖြစ်လာပြီး ဖို့နေဆဲ ရေတားတမံကို ကြီးမားတဲ့ရေထုဟာ တိုက်စားတာပါပဲ။ ဒီနေရာမှာ ဆုံးဖြတ်လိုက်ရတာကတော့ ဒီကျဉ်းမြောင်း တဲ့ ရေစီးသန်တဲ့အထဲကို ကြီးမားတဲ့ တန်ချိန်ရာဂဏန်းခန့်ရှိတဲ့ စက်ယန္တရားကြီးအချို့ကိုပါ နစ်မြှုပ်လိုက်ပြီး ရေအလျဉ်ကို ယာယီတားလိုက်ကြပါတယ်။ တစ်ပြိုင်နက်တည်းပဲ နောက်က အဆင်သင့်ပုံထားတဲ့ ဧရာမကျောက်တုံးကြီးတွေကို စက်ကြီးတွေနဲ့ တွန်းပြီး  အင်တိုက်အားတိုက် အချိန်ကိုက်တွန်းပြီး  ဖို့ကြပါတယ်။ အလွန်ကြီးမားတဲ့ကျောက်တုံးကြီးတွေတင်ထားတဲ့ ဧရာမကားကြီး တွေကလည်း ပြိုင်တူလှန်ချကြပြီး အချိန်ကိုက်ဖို့လိုက်ကြပါတယ်။ ဒီမြင်ကွင်းမျိုးဟာ အလွန်တွေ့ရခဲမယ့် မြင်ကွင်းပါ။ ဗီဒီယို မှတ်တမ်းခွေရှိပါတယ်။ စီမံခန့်ခွဲတဲ့ စီမံကိန်းညွှန်ကြားရေးမှူးဟာ တရုတ်လူမျိုးပါ။ ဒါပေမဲ့ အတိုင်ပင်ခံတွေကိုတော့ ငှားထား ပါတယ်။ အကြံပေးတွေ ဘာသာရပ်အလိုက်ခွဲပြီး ကိုယ့်တာဝန်ကိုယ်ယြူကရတဲ့လုပ်ငန်းသဘာဝပါ။ လုပ်ငန်းစဉ်တစ် လျှောက် ကြီးမားတဲ့အခက်အခဲတွေကို ဒေသခံပြည်သူတွေ၊ လုပ်ငန်းတာဝန်ရှိသူတွေနဲ့  အစိုးရပိုင်းကပါ  ညီညွတ်စွာ  ပူးပေါင်းကျော်လွှားခဲ့ကြ ပါတယ်။ မြစ်ကျဉ်းသုံးသွယ်တမံအမြင့်ဟာ ၅၄၉ ပေ (၁၈၁ မီတာ)(ရဲရွာတမံဟာ ၄၃၃ ပေ)၊  တမံထိပ် မျက်နှာပြင်အလျားဟာ ၉၉၅၈ ပေ (၃၀၃၅ မီတာ) ဖြစ်တဲ့အတွက် နှစ်မိုင်နီးပါးရှည်လျားတဲ့ ကွန်ကရစ်တမံ  အဆောက်အအုံကြီးပါ။  လှောင်ထားတဲ့  ရေလှောင် ပမာဏဟာ ဧကပေသိန်းပေါင်း ၃၁၉ (၃၉ ဒသမ ၃ ဘီလျံကုဗမီတာ) ရှိပါတယ်။

ဆက်လက်ဖော်ပြပါမည်။