နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ၂ နှစ်တာကာလ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ဆောင်ရွက်ချက်များ (မှု့ခင်း)

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ နှစ်တာကာလ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ဆောင်ရွက်ချက်များ

    ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကုန်ပိုင်းမှာ မြန်မာနိုင်ငံနဲ့ ကီလိုမီတာ ၄၀၀ လောက် နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ၊ မဏိပူရဒေသမှာ ဘိန်းစိုက်ပျိုးတဲ့ တောင်သူ ၇၀၃ ဦးနဲ့၊  ဘိန်းစိုက်ပျိုးဧက ၄၀၀ ကျော်ကို ဖျက်ဆီးခဲ့တယ်ဆိုတဲ့သတင်းကို အွန်လိုင်း သတင်းမီဒီယာတစ်ခုမှာ ဖတ်လိုက်ရပါတယ်။ ဒီလိုဖမ်းဆီးတဲ့နေရာမှာ ဒေသတွင်း ဘိန်းစိုက်ပျိုးခွင့်ပြုထားတဲ့ တောင်ပေါ်ရွာသူကြီး ၅ ဦးကိုလည်း ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ ဒါက အိန္ဒိယနိုင်ငံ၊ မဏိပူရအစိုးရအနေနဲ့ ဘိန်းစိုက်ပျိုးမှုကို မတားဆီးဘဲ ဆက်စပ်လုပ်ကိုင်နေတဲ့   အာဏာပိုင်တွေကိုပါ ဖမ်းဆီးအရေးယူတယ် ဆိုတဲ့  သတင်းစကားကို ပေးလိုက်တာလို့လည်း သဘောပေါက်မိပါတယ်။

ဒီသတင်းနဲ့ ဆက်စပ်ပြီး ပြောထားတာက တရားမဝင် မူးယစ်ဆေးဝါး ထုတ်လုပ်မှုနဲ့ ရောင်းဝယ်ဖောက်ကားမှုမှာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ မြန်မာ၊ လာအို၊ ထိုင်း  သုံးနိုင်ငံနယ်စပ်က “ရွှေတြိဂံ” ဒေသက တရားမဝင် မူးယစ်ဆေးဝါးတွေကလည်း  အိန္ဒိယ နိုင်ငံ၊ အရှေ့မြောက်ဒေသကို ဝင်ရောက်နေတယ်လို့ ဆိုထားပါတယ်။   မြန်မာနိုင်ငံအနေနဲ့ကတော့ မိမိတို့နိုင်ငံအတွင်း အပါအဝင် အိမ်နီးချင်းနိုင်ငံတွေကို တရားမဝင် မူးယစ်ဆေးဝါးတွေ မရောက်ရှိအောင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး လုပ်ငန်းတွေကို အစိုးရအဆက်ဆက်  စီမံကိန်းတွေ ချမှတ်ပြီး အရှိန်အဟုန်နဲ့ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။

မူးယစ်ဆေးဝါးနှိမ်နင်းမှု သမိုင်းကြောင်း

    မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး ၁၉၄၈ ခုနှစ်မှာ ချင်းဝိသေသတိုင်း အက်ဥပဒေနဲ့ ဒီဒေသမှာရှိတဲ့  ဘိန်းနဲ့ ဆေးခြောက်စိုက်ပျိုး ထုတ်လုပ်မှု၊ သုံးစွဲရောင်းချမှုတွေကို  တားမြစ်ခဲ့ပါတယ်။ ၁၉၅၀ ပြည့်နှစ်မှာလည်း ဘိန်းခင်းနှိမ်နင်းရေး အက်ဥပဒေကိုပြဋ္ဌာန်းပြီး    ဘိန်းစိုက်ပျိုးမှု နှိမ်နင်းရေးကို အရှိန်အဟုန် မြှင့်တင်ခဲ့ပါတယ်။  ၁၉၄၆ ကနေ ၁၉၆၀ ကျော်ကာလတွေအထိ ရှမ်းပြည်နယ် အရှေ့ပိုင်းကို ဝင်ရောက်လာခဲ့တဲ့ တရုတ်ဖြူ ကူမင်တန်တပ်တွေကြောင့် ပိုမိုဆိုးရွားလာတဲ့ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုတွေကိုလည်း စစ်ဆင်ရေးမျိုးစုံနဲ့ ရှင်းလင်းဆောင်ရွက် ခဲ့ရပါတယ်။

တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်သူတို့ ပူးပေါင်းလက်တွဲမှုနဲ့ ၁၉၇၅ ခုနှစ် စက်တင်ဘာလမှ ၁၉၈၈ ခုနှစ်  ဧပြီလအထိ မိုးဟိန်းစစ်ဆင်ရေး၊ ငရဲပန်းစစ်ဆင်ရေး၊  တောင်ရန်ရှင်း စစ်ဆင်ရေး၊ တောင်ထိပ်ပန်း စစ်ဆင်ရေးနှင့် အောင်မိုးဟိန်း စစ်ဆင်ရေး တွေနဲ့  ရှင်းလင်း ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်  မတ်လ ၃၁ ရက်နေ့အထိဆောင်ရွက်ခဲ့တဲ့  မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အထူးစစ်ဆင်ရေး ၂၈ ခု ဆောင်ရွက်ခဲ့ပြီး ထူးခြားတဲ့ စစ်ဆင်ရေး တစ်ခုကတော့ MoU နိုင်ငံ (၆) နိုင်ငံ တစ်ပြိုင်တည်းတစ်ချိန်တည်း   ဆောင်ရွက်ခဲ့တဲ့ “Operation 1511” စစ်ဆင်ရေးပဲဖြစ်ပါတယ်။ ဒီစစ်ဆင်ရေးကတော့ တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး  အချိန်တိုအတွင်း စိတ်ကြွရူးသွပ်ဆေးပြား ၁၉၃ သန်းကျော်၊ အိုက်စ် ၅၀၁ ကီလိုကျော် အပါအဝင် မူးယစ်ဆေးဝါးနှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့်   ဓာတုပစ္စည်းများ၊ ဆက်စပ်ပစ္စည်းများ စုစုပေါင်း  တန်ဖိုးငွေကျပ် ၄၁၄ ဘီလီယံကျော်ဖိုး စံချိန်တင်ဖမ်းဆီးနိုင်ခဲ့တဲ့ စစ်ဆင်ရေး တစ်ခုအဖြစ်  ဂုဏ်ယူစွာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီလက်ထက် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုများနှင့် မီးရှို့ဖျက်ဆီးခဲ့မှုများ

    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီလက်ထက်မှာလည်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရဲ့ လမ်းညွှန်ချက်နဲ့အညီ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး လုပ်ငန်းတွေကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး  ရဲတပ်ဖွဲ့တို့က အရှိန်အဟုန်မြှင့်တင် ကြိုးပမ်းဆောင်ရွက် ခဲ့ကြပါတယ်။ ဒီလိုပူးပေါင်း ဆောင်ရွက်မှုကြောင့် ၂၀၂၁ ခုနှစ်အတွင်း ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသော ဓာတုပစ္စည်းများ၊  ဆက်စပ်ပစ္စည်းများ   မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားတွေကို ဇွန်လ ၂၆ ရက်နေ့မှာ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး ၃ နေရာတွင်ကျင်းပပြုလုပ်ခဲ့ပြီး ဘိန်းကီလို ၃၈၇၀ ကျော်၊ ဘိန်းဖြူ ၂၅၆၂ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၂၄ သန်းကျော်၊ အိုက်စ် ကီလို ၁၄၀၈၀ ကျော်၊ ဆေးခြောက် ၇၃၉ ကီလိုကျော်၊  ကတ်တမင်း ၂၈၉  ကီလိုကျော်၊ ကဖင်း ၁၂ တန်ခွဲကျော်အပါအဝင် မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်း ၆၂ မျိုး  စုစုပေါင်းတန်ဖိုးငွေကျပ် ၁၀၆၈ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၆၆၇ သန်းကျော်)နဲ့  မူးယစ်ဆေးဝါး ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ဆက်စပ်ပစ္စည်း အမျိုးပေါင်း ၆၀ တို့ကို ဖျက်ဆီး နိုင်ခဲ့ကြပါတယ်။

၂၀၂၂  ခုနှစ်မှာလည်း  မြန်မာနိုင်ငံတစ်ဝန်း တစ်နှစ်တာ ကာလအတွင်း ဖမ်းဆီးရမိမှု စုစုပေါင်း ဘိန်း ၂၆၅၄ ဒသမ ၈၉ ကီလိုကျော်၊ ဘိန်းဖြူ ၁၉၄၀ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၁၂ သန်းကျော်၊ အိုက်စ် ၂၃၆၅၃ ကီလိုကျော်၊ ဘိန်းစာမှုန့် ၁၂၀၅ ကီလိုကျော်၊ ဆေးခြောက် ၇၀၉ ကီလိုကျော်၊ ကတ်တမင်း ၂၀၂၄ ကီလိုကျော်နှင့် ကဖင်း ၁၂ တန်ကျော်အပါအဝင် မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်း ၇၉ မျိုး စုစုပေါင်းတန်ဖိုးငွေကျပ် ၁၁၈၈ ဒသမ ၈၂ ဘီလီယံကျော် (အမေရိကန် ဒေါ်လာ ၆၄၂ ဒသမ ၆၀ သန်းကျော်) တို့ကို ဖျက်ဆီးနိုင်ခဲ့တာကို တွေ့ရပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်မှာ ကျင်းပခဲ့တဲ့   အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့မှာ မီးရှို့ဖျက်ဆီးခဲ့တဲ့ မူးယစ်ဆေးဝါး နဲ့ အခြားဆက်စပ်ပစ္စည်းတွေ အပြင် နှစ်အလိုက် ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေကို အတိအကျ စာရင်းဇယားနဲ့ ဖော်ပြပေးလိုက်ပါတယ်။ ထိုစာရင်း ဇယားများကို လေ့လာ သုံးသပ်ရာတွင်၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်း ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးနဲ့ အခြားဆက်စပ်ပစ္စည်းများရဲ့တန်ဖိုးက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလထက် အမေရိကန်ဒေါ်လာ ၂၇ သန်းကျော် ပိုမိုဖမ်းဆီးရမိခဲ့ကြောင်း တွေ့ရှိရပါတယ်။ ဒါ့ကြောင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီရဲ့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ဆောင်ရွက်ချက်တွေဟာ တစ်နှစ်ထက်တစ်နှစ် အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ခဲ့ကြောင်း တွေ့ရှိရပါတယ်။

ရှင်းလင်းချက်။          အမေရိကန် ၁ ဒေါ်လာ ၂၁၀၀  ကျပ်နှုန်းဖြင့် တွက်ချက်ထားပြီး ဖမ်းဆီးရမိသော အခြားမူးယစ်ဆေးဝါး     အမျိုးအစားများနှင့် ဆက်စပ် ပစ္စည်း များ၏ တန်ဖိုးကိုပါ ထည့်သွင်း     တွက်ချက်ထားပါသည်။

နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်နေမှု

မူးယစ်ဆေးဝါးပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ခေတ်အဆက်ဆက်သော နိုင်ငံတော်အစိုးရများက ကြိုးပမ်းဆောင်ရွက်ခဲ့ရာမှာ မူးယစ်ဆေးဝါးဆိုင်ရာ ကွန်ဗင်းရှင်း(၃)ခုကို အဖွဲ့ဝင်နိုင်ငံအဖြစ် လက်မှတ်ရေးထိုးခဲ့ပြီး ဥပဒေများ ပြဋ္ဌာန်းခြင်း၊ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး အာဏာပိုင်အဖွဲ့အစည်းများ   ဖွဲ့စည်းခြင်းနဲ့ စီမံကိန်းများ ရေးဆွဲဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ကြပါတယ်။ မူးယစ်ဗဟို အဖွဲ့ကိုလည်း အဖွဲ့ဝင်(၁၆) ဦးနဲ့     ဖွဲ့စည်းဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေးအဖွဲ့များကို ဖွဲ့စည်းပြီး တာဝန်ပေးအပ်ထားပါတယ်။ မူးယစ် ဗဟိုအဖွဲ့အနေနဲ့ ၂၀၁၆ ခုနှစ် ကမ္ဘာ့မူးယစ်ဆေးဝါးပြဿနာဆိုင်ရာ    ကုလသမဂ္ဂ အထူးညီလာခံ UNGASS အစည်းအဝေးရဲ့ လုပ်ငန်းအကြံပြုချက်များကို အခြေခံတဲ့ အမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒသစ်တစ်ရပ်ကိုလည်း ရေးဆွဲပြဋ္ဌာန်းထားရှိပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။

မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင် နိုင်ငံဖြစ်တာနဲ့အညီ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးလုပ်ငန်းတွေကို အဖွဲ့ဝင်နိုင်ငံတွေနဲ့ ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး အာဆီယံ မူးယစ်ဆေးဝါး  ထိန်းချုပ်ရေးဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေး (AMMD)၊ မူးယစ်ဆေးဝါးဆိုင်ရာ  အာဆီယံ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (ASOD)၊ အာဆီယံလေကြောင်း ကြားဖြတ်စစ်ဆေးရေး တပ်ဖွဲ့အစည်းအဝေး (AAITF)၊  အာဆီယံပင်လယ် ဆိပ်ကမ်း တားဆီးနှိမ်နင်းရေး တပ်ဖွဲ့အစည်းအဝေး (ASITF)နဲ့ အာဆီယံမူးယစ်ဆေးဝါး စောင့်ကြည့်စစ်ဆေးရေးကွန်ရက်အစည်းအဝေး (ADMN)တို့မှတစ်ဆင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။

အာဆီယံအဖွဲ့မှ ချမှတ်ထားတဲ့ ဘေးကင်းလုံခြုံသော လူမှုအဖွဲ့ဖြစ်စေရေး မူးယစ်ဆေးဝါး ဆန့်ကျင်ရေး အာဆီယံလုပ်ငန်း စီမံချက် ၂၀၁၆-၂၀၂၅ (ASEAN Work Plan 2016-2025)၊ ရွှေတြိဂံဒေသတွင်း တရားမဝင် မူးယစ်ဆေးဝါး ထုတ်လုပ်မှုနှင့် သယ်ဆောင် ရောင်းဝယ်မှုများအား တိုက်ဖျက်ရေး   အာဆီယံ ပူးပေါင်းဆောင်ရွက်ရေး စီမံချက် (၂၀၁၇-၂၀၁၉) (ASEAN Cooperation Plan 2017-2019)တွေအပြင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ၂၀၀၄ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့အထိ ကျင်းပခဲ့တဲ့ ဘင်းမ်စတက်ဒေသ အတွင်း  အကြမ်းဖက်မှုနှင့် နိုင်ငံဖြတ်ကျော် မှုခင်းများ တားဆီးနှိမ်နင်းရေး ဆိုင်ရာ ပထမအကြိမ် အစည်းအဝေးမှ လုပ်ငန်းခွဲဝေမှုတွေအရ မြန်မာနိုင်ငံအနေနဲ့ မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်းများ တရားမဝင် သယ်ဆောင်ရောင်းဝယ်မှု တိုက်ဖျက်ရေး လုပ်ငန်းခွဲအုပ်စုကို တာဝန်ယူဆောင်ရွက်လျက်ရှိပါတယ်။ Sub-Group ၏ ဦးဆောင်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံအနေနဲ့    ဘင်းမ်စတက်ကိုယ်စား BIMSTEC Annual Drug Report ကိုလည်း ထုတ်ဝေ ဆောင်ရွက်လျက်ရှိပါတယ်။

ရန်ကုန်မြို့အခြေစိုက် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး (UNODC))၊ သြစတြေးလျ ပြည်ထောင်စုရဲတပ်ဖွဲ့  (AFP)၊  အမေရိကန်မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအုပ်ချုပ်မှုအဖွဲ့ (DEA)၊ တရုတ်နိုင်ငံ   အမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ကော်မရှင် (NNCC)၊  ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့ (ONCB) တို့နှင့် နည်းပညာ၊ ပစ္စည်းကိရိယာအကူအညီများရယူခြင်း၊ မူးယစ်ဆေးဝါးဆိုင်ရာ သတင်းဖလှယ်ခြင်းတို့ကို နိုင်ငံတကာနဲ့ ပူးပေါင်း ဆောင်ရွက်လျက်ရှိပါတယ်။

ထူးခြားဖြစ်စဉ်များ

    မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေ၊ ဖြန့်ဖြူးရောင်းချမှုတွေရဲ့ ရာနှုန်းပြည့်နီးပါးက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အချို့နဲ့ ဆက်စပ်နေပါတယ်။ ၂၀၂၁ ခုနှစ် မြန်မာ့နိုင်ငံရေး အကူးအပြောင်းကာလ နောက်ပိုင်းမှာလည်း အကြမ်းဖက်သမား NUG/PDF တွေနဲ့ မူးယစ်ဆေးဝါးကလည်း ဆက်စပ်လာပြန်ပါတယ်။ ဖမ်းဆီးရမိတဲ့ အကြမ်းဖက်သမား ရာနှုန်းပြည့်နီးပါးက မူးယစ်ဆေးဝါး တစ်မျိုးမျိုးကို  တစ်နည်းနည်းနဲ့ သုံးစွဲထားကြောင်းလည်း သိရှိရပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေနဲ့ နယ်စပ်ဒေသ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အချို့ရှိတဲ့ဒေသတွေကနေ တစ်ဆင့် မြန်မာနိုင်ငံ အတွင်းကို   ပုံစံမျိုးစုံနဲ့    ဝင်ရောက်လာတဲ့ မူးယစ်ဆေးဝါးတွေအပြင် အခြားစိတ်ကို ပြောင်းလဲစေတဲ့ အက်ဖီတမင်း၊ အိုက်စ်၊ ကတ်တမင်း၊ ံHappy Water ၊Phensedyl ၊ Erimin-5 ဆေးပြား၊ ဇိုလမ်ဆေးပြား၊ ဆူဒိုအက်ဖီဒရင်းဆေးပြား၊ အက်တက်စီဆေးပြားများ ပြုလုပ်နေတဲ့ အခြေခံဓာတုပစ္စည်းများနဲ့ အက်စစ်ပြင်းများ အပါအဝင်     အခြားဆက်စပ်ပစ္စည်းများကိုလည်း မိမိနိုင်ငံအတွင်းက  ရရှိတဲ့သတင်းတွေအပြင် အိမ်နီးချင်းနိုင်ငံများနဲ့ ပူးပေါင်းဆောင်ရွက်ပြီးရရှိတဲ့   သတင်းတွေနဲ့ဆက်စပ်ပြီး   ဖမ်းဆီး အရေးယူလျက်ရှိပါတယ်။

ထူးခြားဖြစ်စဉ်များ အနေနဲ့ ၂၀၂၂ ခုနှစ်အတွင်း မူးယစ်ဆေးဝါးအမြောက်အမြား ဖမ်းဆီးရမိတဲ့ဖြစ်စဉ်တွေထဲက  တချို့ကို  တင်ပြပေးလိုက်ပါတယ်။

ဒီလိုဖမ်းဆီးရမိတဲ့ဖြစ်စဉ်တွေနဲ့ စာရင်းဇယား အချက်အလက်တွေကို လေ့လာကြည့်ရင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီလက်ထက်မှာ  မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးကို   အရှိန်အဟုန်နဲ့ ဆောင်ရွက်နေတယ်ဆိုတာကို မျက်ဝါးထင်ထင်တွေ့မြင်နိုင်ပါတယ်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရဲ့ လမ်းညွှန်မှုနဲ့   တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အပါအဝင် အခြားသော တားဆီးနှိမ်နင်းရေး မိတ်ဖက်အဖွဲ့အစည်းများ၊ အိမ်နီးချင်းနိုင်ငံများနဲ့ပါ ပူးပေါင်းပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို  စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့တဲ့ စွမ်းဆောင်ချက်တွေဟာ မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းမှုသမိုင်းမှာ ကမ္ပည်းတင်ကျန်ရစ်ခဲ့မှာဖြစ်တ အကြောင်း မှတ်တမ်းပြုရေးသားလိုက်ရပါတယ်။      ။         

မှတ်ချက်။  ့https://infosheet.org.mm/mm/node/4199 တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီလက်ထက်   မူးယစ်ဆေးဝါးဖမ်းဆီးရမိသည့် လအလိုက် စာရင်းအသေးစိတ်ကိုဖတ်ရှုနိုင်ပါသည်။

အောင်ရှင်း