တရုတ်နိုင်ငံ၌ ဖေဖော်ဝါရီလအတွင်း အိမ်ရာအသစ်ရောင်းချရမှု သိသိသာသာမြင့်တက်

တရုတ်နိုင်ငံ၌ ဖေဖော်ဝါရီလအတွင်း အိမ်ရာအသစ်ရောင်းချရမှု သိသိသာသာမြင့်တက်

 

တရုတ်နိုင်ငံ၌ ဖေဖော်ဝါရီလအတွင်း အိမ်ရာအသစ်ရောင်းချရမှုနှုန်းထား သိသိသာသာမြင့်တက်လာကြောင်း ပုဂ္ဂလိကအိမ်ခြံမြေလေ့လာရေးကုမ္ပဏီ၏ ဖေဖော်ဝါရီ ၂၇ ရက်ထုတ်ပြန်ချက်တွင်  ဖော်ပြထားသည်။

ပြီးခဲ့သည့်လအတွင်း  အိမ်ရာအသစ်ရောင်းချရမှုသည် ၃၄ ဒသမ ၃ ရာခိုင်နှုန်းကျဆင်းခဲ့ရာမှ ယခုလအတွင်း ၃၁ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေလေ့လာရေး ကုမ္ပဏီတစ်ခုဖြစ်သော China Index Academyက ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့်နှစ်တွင် တရုတ်နိုင်ငံ၏အိမ်ခြံမြေဈေးကွက်သည်   ဆိုးဝါးလှသည့် ငွေဖြစ်လွယ်မှုအကျပ်အတည်းနှင့်   ရင်ဆိုင်ရပြီးနောက် အိမ်ခြံမြေလုပ်ငန်းရှင်များအနေဖြင့် အကြွေးဆပ်ရန်ပျက်ကွက်ခြင်း၊ အကြွေးဆပ်ရန် ကြန့်ကြာခြင်းတို့ ဖြစ်ပွားလာသောကြောင့် အိမ်ခြံမြေအရောင်းအဝယ်ထိုးကျသွားခြင်းဖြစ်သည်။

သို့သော် တာဝန်ရှိသူများက ၂၀၂၂ ခုနှစ် နိုဝင်ဘာလနှောင်းပိုင်းမှစ၍   အိမ်ခြံမြေဈေးကွက်အတွက် အထောက်အပံ့ဖြစ်စေမည့် ဆောင်ရွက်ချက်များကို   လုပ်ဆောင်လာမှုကြောင့်    စီးပွားရေးတိုးတက်မှုနှုန်း နှေးကွေးသော်လည်း   အဆိုပါဈေးကွက်အတွင်း   ဝယ်လိုအားမှာ  အနည်းငယ်မြင့်တက်လာသည်။

အထူးသဖြင့် မြို့သစ်ကဲ့သို့သောနေရာများတွင် အိမ်ရာအသစ်ဝယ်ယူမှုပမာဏမြင့်တက်လာခြင်းဖြစ်ပြီး သတ်မှတ်အဆင့် ၃ ရှိ မြို့များတွင် ၆၃ ဒသမ ၈ ရာခိုင်နှုန်း၊ အဆင့် ၂ ရှိ မြို့များတွင် ၄၃ ဒသမ ၉ ရာခိုင်နှုန်းနှင့် အဆင့် ၁ ရှိ မြို့များတွင် ၅ ဒသမ သုည ရာခိုင်နှုန်းတို့ အသီးသီးမြင့်တက်လာခြင်းဖြစ်သည်ဟု အိမ်ခြံမြေလေ့လာရေးကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့ရာတွင် ပေကျင်းနှင့် ရှန်ဇန်းမြို့တို့ကဲ့သို့ မြို့ကြီးပြကြီးများ၌ အိမ်ခြံမြေရောင်းဝယ်မှုမှာ ၄ ဒသမ ၈၉ ရာခိုင်နှုန်းနှင့် ၃ ဒသမ ၀၁ ရာခိုင်နှုန်းစီ အသီးသီးကျဆင်းခဲ့ကြောင်း သိရသည်။

Ref: CNA