စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

အမှတ်စဉ်(၆၇)

လက်ရှိမြန်မာနိုင်ငံမှာ အကြီးဆုံးသဖန်းဆိပ်ဆည်ကြီးဟာ ဧကပေ ၂၈ သိန်းသာ လှောင်နိုင်ပါတယ်။ ဒုတိယအကြီးဆုံး ရဲရွာဟာလည်း ဧကပေ ၂၁ သိန်းသာ လှောင်နိုင်ပါတယ်။ မြန်မာပြည်မှာ အကြီးဆုံးဖြစ်လာမယ်လို့ တစ်ချိန်ကပြောခဲ့တဲ့ မြစ်ဆုံတမံပင်လျှင် အလျား ၄၃၀၀ ပေ (၁၃၁၀ မီတာ)၊ အမြင့် ၄၅၈ ပေ (၁၃၉ ဒသမ ၆ မီတာ) နဲ့ ရေလှောင်ပမာဏဟာ ဧကပေ ၁၀၇ သိန်း (၁၃ ဒသမ ၂၈ ဘီလျံကုဗမီတာ)သာရှိပါတယ်။ ဤမျှကြီးမားတဲ့ ရေလှောင်ပမာဏကြီးဖြစ်လာတာကြောင့် ယခင်က ကျဉ်းမြောင်းပြီး သွားလာလို့ မရတဲ့ ကျောက်ဆောင် ကျောက်တုံးတွေဟာ ရေအောက်ပေရာချီနစ်မြုပ်ပြီး ကျန်ခဲ့ပါတော့တယ်။ ရေပြင်အလျားဟာလည်း တမံကနေ အထက်ဘက် မိုင် ၃၇၀ ခန့် (ရန်ကုန်မှ မန္တလေးခန့်ထိ)  ရှည်လျားစွာဖြစ်ပေါ်လာပြီး လူစီးသင်္ဘောကြီးများ၊ ကုန်တင် သင်္ဘောကြီးများ ရာသီမရွေး အစုန် အဆန် ရေကြောင်းသွားလာရေး ကောင်းမွန်ခဲ့ပါပြီ။ တရုတ်ရဲ့ စီးပွားရေးအဖွံ့ဖြိုးဆုံး ဆိပ်ကမ်းမြို့ ဖြစ်တဲ့ ရှန်ဟဲ (Shanghai) ကနေ တရုတ်အလယ်ပိုင်းက  စီးပွားရေးအလွန် ကောင်းမွန်တဲ့ ချုံကင်း (Chongqing) ထိ ရေလမ်းခရီးမိုင်  ၁၅၀၀ အကွာထိ ရာသီမရွေး ရေစူးနက်တဲ့ ကုန်သင်္ဘောတွေ၊ လူစီးသင်္ဘောတွေ၊ ဇိမ်ခံခရီးသွား သင်္ဘောတွေ သွားလာနေနိုင်ပြီ ဆိုတာကိုလည်း စာရေးသူ ကိုယ်တိုင်မြင်တွေ့ခဲ့ရပါတယ်။ တရုတ်ပြည်စီးပွားရေးကို တွန်းတင်လိုက်တဲ့ ရေအား လျှပ်စစ်စီမံကိန်း အဖြစ်  ကမ္ဘာက သတ်မှတ်လိုက်ကြပါတယ်။ ဒီလိုဖြစ်လာဖို့ ကြိုတင်ပြီး နှစ်ပေါင်းများစွာ အားထုတ်ခဲ့ကြရတာပါ။

ဓာတ်အားဘယ်လောက်ထုတ်ပေးသလဲ

ဒီတမံကြီးကနေ   နှစ်စဉ်ထုတ်လုပ်ပေးနေတဲ့   လျှပ်စစ်ဓာတ်အား ပမာဏဟာ ဒီဇိုင်းအရ ၈၇  TWh (Terawatt-hour) ပါ။  ဒါပေမဲ့ တကယ်မိုးကောင်းတဲ့နှစ် ၂၀၁၆ မှာ ၁၀၃ ဒသမ ၁ TWh ထိ ထုတ်လုပ် ပေးနိုင်ခဲ့ပါတယ်။ မြန်မာတစ်နိုင်ငံလုံးရှိတဲ့ ရေအားနဲ့ အပူသုံးစက်ရုံ ၅၄ ရုံက ၂၀၁၇/၂၀၁၈ ခုနှစ်မှာ မောင်းထုတ်ပေးလိုက်တဲ့ပမာဏဟာ ၁၉ ဒသမ ၉ TWh သာရှိတော့  ခန့်မှန်းသာ ကြည့်ကြပါတော့။ စက်ရုံရဲ့ မူလဒီဇိုင်းပါ စက်စွမ်းရည် (Capacity Factor) ဟာ ၄၅ ရာခိုင်နှုန်းသာ ဖြစ်လို့  လျှပ်စစ်ကိစ္စ သက်သက် စဉ်းစားရင်တော့ စီးပွားရေးတွက်ခြေ အကိုက်ဆုံးလို့ ပြောလို့မရပေမယ့် ဘက်စုံထည့်သွင်းစဉ်းစားလိုက်တဲ့အခါ အလွန်အကျိုးများတဲ့ စီမံကိန်းဖြစ်ပေါ်လာခဲ့ပါတယ်။ စီးပွားရေးတွက် ခြေကိုက်မှုဆန်းစစ်ရာမှာ အခြားအကျိုးကျေးဇူးတွေ ခဏဘေး ဖယ်ထားပြီး လျှပ်စစ်ထုတ်လုပ်မှုတစ်ခုတည်းနဲ့ တွက်ချက်ရင်တောင် ဒီစီမံကိန်းဟာ လျှပ်စစ်ဓာတ်အား ၁၀၀၀ TWh မောင်းနှင်ပြီးရင် အရင်းကျေပါမယ်။ ၂၀၁၇ ခုနှစ်အထိ မောင်းနှင်ခဲ့တာ စုစုပေါင်း ၁၀၈၈  TWh ရှိသွားပြီဖြစ် လို့ အမေရိကန် ဒေါ်လာ ၃၁ ဒသမ ၇၆ ဘီလီယံတန်တဲ့ စီမံကိန်းကြီးဟာ စက်ရုံလည်ပတ်တဲ့ ၂၀၁၂ ခုနှစ် မေလကစပြီးရေတွက်ရင် ခြောက်နှစ် အတွင်း အရင်းကျေခဲ့ပါပြီ။

ဓာတ်အားခဘယ်လိုကောက်သလဲ

ဒီလိုအရင်းကျေကာလစောစေဖို့ နိုင်ငံတော်မှာ ထူးထူးခြားခြား အစီ အမံတစ်ခုလုပ်ခဲ့ရပါတယ်။ ဒါကတော့ ဒီစက်ရုံက ဓာတ်အားကို  ရယူ သုံးစွဲနေတဲ့ ပြည်နယ်များက မီးသုံးစွဲသူများဟာ ၁၀၀၀ ကီလိုဝပ်နာရီ (၁၀၀၀ ယူနစ်)သုံးပြီးတိုင်း တရုတ်ငွေ ၇ ယွမ် (အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ ဒေါ်လာခန့်) အပိုထပ်ဆောင်းပေးကြပါတယ်။ ဒီစက်ရုံက ဓာတ်အားကိုမသုံးတဲ့  အခြားပြည်နယ်များ ကတော့ ၄ ယွမ်သာ အပို ဆောင်းထပ်ပေးရပါတယ်။ ဒါပေမဲ့ တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကိုတော့ ဒီအပိုကြေး မကောက်ခံ ခဲ့ပါဘူး။

တရုတ်နိုင်ငံက ရေအားလျှပ်စစ်စက်ရုံတွေက ထုတ်လုပ်ပေးနေတဲ့ တစ်ကီလိုဝပ်နာရီ (တစ်ယူနစ်)ဈေးဟာ အမေရိကန်ဒေါ်လာ  သုည ဒသမ ၀၃၇ ကနေ သုည ဒသမ ၀၅ ခန့်အတွင်းသာရှိတာပါ။  ဒီလို ရောင်းချမှုမှာ စက်ရုံရဲ့ကုန်ကျစရိတ်၊ ပြုပြင်ထိန်းသိမ်းစရိတ်၊ ချေးငွေ ပေါ်အတိုးပေးရန် စတဲ့ရင်းနှီးမြှုပ်နှံမှုစရိတ်နဲ့ အမြတ်ငွေတွေအားလုံး ပါတဲ့ အခြေခံရောင်းဈေးပါ။ စနစ်တကျ ဘဏ္ဍာရေး စိစစ်မှု  (Financial Analysis) လုပ်ပြီးမှ ရောင်းဈေးသတ်မှတ်ရတာပါ။

သက်ရောက်မှုများ

အကျိုးရှိတာတွေများသလို သဘာဝသစ်တောသစ်ပင်တွေ ရေမြုပ်သွားတာ၊ ရှေးဟောင်းအမွေအနှစ်အချို့ ရေမြုပ်သွားတာတွေ ရှိခဲ့ပါတယ်။ ရှေးဟောင်းအမွေအနှစ်တစ်ခုဆိုရင် ရေအောက်ပြတိုက်အဖြစ် လုပ်လိုက် ရတဲ့အတွက် ခရီးသွားများထဲက စိတ်ဝင်စားသူ တွေပါ ရေအောက်ပြတိုက် မှာ လေ့လာနိုင်အောင် စီစဉ်ပေးထားခဲ့ရပါတယ်။ ပြောင်းရွှေ့ပေးလိုက်ရတဲ့ လူဦးရေဟာလည်း ၁ ဒသမ ၃ သန်းနီးပါးရှိပေမယ့် ၎င်းတို့ကို စနစ်တကျ မြို့ပြများ တည်ဆောက်ပေးထားပြီး အလုပ်အကိုင်အခွင့်အလမ်းရဖို့ စက်မှုဇုန်တွေ၊ အလုပ်ရုံတွေ၊ ခရီးသွားလုပ်ငန်းတွေ၊ ရေကြောင်းသွား လာရေးတွေ စတာတွေပါအဆင်ပြေအောင် စီစဉ်နိုင်ခဲ့တဲ့အတွက် မြို့ပြ ကြီးများအသွင်အဖြစ် ပြောင်းလဲနေပါပြီ။ စာရေးသူကိုယ်တိုင်လည်း အဆိုပါမြို့ပြအချို့ကို လေ့လာခဲ့ဖူးပါတယ်။ အခုဆိုရင် တရုတ်အစိုးရက ယမ်စီမြစ်ဝဲယာဆက်သွယ်ရေးပတ်လမ်းဆိုပြီး အဆင့်မြှင့်တင်တဲ့စီမံချက်ဆွဲပြီး ဆက်လုပ်နေပါပြီ။ ဒေသတွင်း စီးပွားရေးလည်း သိသိသာသာတက် လာပါပြီ။ ရေအားစီမံကိန်းတွေရဲ့အားနည်းချက်တွေအပေါ် ကုစားနိုင်အောင် ကြိုးစားရမှာ ကတော့ ပါဝင်ပတ်သက်သူများနဲ့ တာဝန်ရှိသူများ ရဲ့အလုပ်ပါပဲ။

ဒါကိုကြောက်နေရင် ပြည်သူတွေရဲ့ဘဝဟာ ဒီအတိုင်း ကျေးလက် တောရွာ မိရိုးဖလာဘဝနဲ့သာ မဖွံ့ဖြိုးဘဲ နေသွားရတော့မှာပါ။ သူတို့ မျိုးဆက်အများစုဟာလည်း နီးစပ်ရာနိုင်ငံတွေမှာ ကြုံရာကျပန်း ရွှေ့ပြောင်း လုပ်သားများအဖြစ် အလုပ်သွား လုပ်နေ ကြရမှာပါ။ သူတို့ဘဝကိုလည်း မြှင့်တင်ပေးရင်း တစ်နိုင်ငံလုံးရဲ့စီးပွားရေးဖွံ့ဖြိုးမှုကိုလည်း တစ်ပြိုင်နက် မြှင့်တင်ပေးဖို့ လုပ်သင့်တဲ့ အလုပ်ကို စနစ်တကျလုပ်ကြရမှာပါ။

မြစ်ကျဉ်းသုံးသွယ်ကို ကန့်ကွက်သူတွေ စီးပွားဖြစ်သွားကြတယ်

အခုလိုမြစ်ကျဉ်းသုံးသွယ်စီမံကိန်းကြီး ဆောင်ရွက်တော့မယ်ဆိုတော့ ပထမဆုံးကန့်ကွက်ကြသူတွေဟာ တရုတ်ရဲ့ပြိုင်ဘက် အနောက် အုပ်စု မဟာအင်အားကြီးနိုင်ငံတွေနဲ့ သူတို့ကစေလွှတ်ထားတဲ့ အစွန်းရောက် အဖွဲ့အစည်းအချို့က အဓိက ကန့်ကွက် တာပါပဲ။ ပြည်ပမီဒီယာတွေ ကလည်း တာဝန်ကျေခဲ့ကြပါပေတယ်။ ဒါပေမဲ့ တရုတ်က တစ်ပါတီစနစ် လည်းဖြစ်ပြန်၊ သူ့မူနဲ့သူ့ ပြည်သူ ကိုက်ညီအောင်လုပ်တတ်တဲ့နိုင်ငံဖြစ်တော့ အကောင်းဆုံးလုပ်ပြပြီး အားလုံးကျော်ဖြတ်သွားပါတယ်။ ဒီလို မျိုးစုံဝေဖန် နှောင့်ယှက်နေခဲ့တဲ့ နိုင်ငံကြီးတွေဟာ ဒီမြစ်ကျဉ်းသုံးသွယ် စီမံကိန်းကို တစ်ဖက်က ကန့်ကွက်ဖို့လုပ်နေကြပေမယ့် တကယ်စီမံကိန်း လုပ်ချိန်မှာ စီးပွားလာရှာသွားကြတာကိုလည်း တွေ့ရပါတယ်။

ဆက်လက်ဖော်ပြပါမည်။