ရွေးကောက်ပွဲအတွက် မြန်မာအီလက်ထရွန်နစ် မဲပေးစက် (MEVM) (နည်းပညာ)

ရွေးကောက်ပွဲအတွက် မြန်မာအီလက်ထရွန်နစ် မဲပေးစက် (MEVM)

နိဒါန်း

    ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ကျင်းပမည့် ရွေးကောက်ပွဲများတွင် အီလက်ထရွန်နစ် မဲပေးစက် (Electronic Voting Machine - EVM) ကိုအသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။ သက်ဆိုင်ရာ လွှတ်တော်မဲဆန္ဒနယ်များရှိ မဲဆန္ဒရှင်ပြည်သူများ အနေဖြင့်  ရွေးကောက်ပွဲတွင်  မဲလက်မှတ်အသုံးပြုရန် မလိုဘဲ မဲပေးနိုင်တော့မည်ဖြစ်သည်။

အဆိုပါအီလက်ထရွန်နစ် မဲပေးစက်ကို မြန်မာ အီလက်ထရွန်နစ် မဲပေးစက် (Myanmar Electronic Voting Machine - MEVM) ဟု ခေါ်တွင်သွားမည်ဖြစ်ပြီး ပြည်တွင်းရှိ ကျွမ်းကျင် နည်းပညာရှင်များဖြင့် တီထွင်ထားခြင်းဖြစ်သည်။   အာဂျင်တီးနား၊  ဘရာဇီး၊  ပြင်သစ်၊ အမေရိကန်ပြည်ထောင်စု၊ အိန္ဒိယ၊ ဘယ်လ်ဂျီယံ၊ ဗင်နီဇွဲလား ကဲ့သို့သော နိုင်ငံများ အပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း (၃၄) နိုင်ငံတို့တွင် မဲပေးစက် (EVMs) များ အပါအဝင် E-voting စနစ်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုလျက်ရှိကြသည်။ အဆိုပါ  ကမ္ဘာ့နိုင်ငံများတွင် အသုံးပြုလျက်ရှိသော အီလက်ထရွန်နစ်မဲပေးစက်များကို လေ့လာ၍ မြန်မာနိုင်ငံရှိ မဲဆန္ဒရှင်ပြည်သူလူထုတို့၏ စာတတ်မြောက်မှုနှုန်း၊ နားလည်နိုင်မှု အခြေအနေတို့နှင့်  အကိုက်ညီဆုံးဖြစ်သော ဒီဇိုင်းကို တီထွင်ထားခြင်းဖြစ်သည်။

အီလက်ထရွန်နစ်နည်းပညာဖြင့် မဲပေးခြင်းစနစ်များ

    ကမ္ဘာ့နိုင်ငံများတွင် အီလက်ထရွန်နစ်နည်းပညာ အသုံးပြု၍ မဲပေးခြင်းများ၌ အသုံးအများဆုံး အမျိုးအစား (၄) မျိုးရှိပြီး ယင်းတို့မှာ -

(က)   တိုက်ရိုက်မှတ်တမ်းတင် အီလက်ထရွန်နစ်မဲပေးခြင်းစနစ်

(Direct Recording Electronic System - DRE)။ မဲဆန္ဒရှင် တစ်ဦးကို ကီးဘုတ် (Keyboard)၊ ထိတွေ့မျက်နှာပြင် (Touch Screen)၊ မောက်စ် (Mouse)၊ ဘောပင် သို့မဟုတ် အခြား အီလက်ထရွန်နစ် စက်ပစ္စည်းများကိုအသုံးပြု၍   မဲပေးခြင်း စနစ်ဖြစ်ပြီး   စက်ထဲတွင် မဲပေးမှုဆိုင်ရာ အီလက်ထရွန်နစ်မှတ်တမ်းကို သိမ်းဆည်း ထားသည်။

DRE စက်များကို မဲပေးချက်မှန်၊ မမှန်အတည်ပြုစက် (Voter-Verified Paper Audit Trail - VVPAT) ဖြင့် တွဲဖက်ခြင်း သို့မဟုတ် တွဲဖက်ခြင်း မပြုလုပ်ဘဲ အသုံးပြုနိုင်ပြီး မဲဆန္ဒရှင်ရွေးချယ်လိုက်သည့် ဆန္ဒမဲများအတွက် VVPAT များက မဲပေးခြင်းဆိုင်ရာ အထောက်အထားအဖြစ် စက္ကူစလစ်ဖြတ်ပိုင်းများကို ပရင့်ထုတ်ပေးခြင်းဖြစ်သည်။ အိန္ဒိယ၊ ဘူတန်၊ အီရန်၊ ရိုမေးနီးယား၊ ဘရာဇီး၊ ပီရူး၊ ဗင်နီဇွဲလား၊ နာမီဗီးယား၊ ဘူလ်ဂေးရီးယား၊ အယ်လ်ဘေးနီးယား စသည့်နိုင်ငံတို့တွင် အသုံးပြုလျက် ရှိသောစနစ်ဖြစ်သည်။ အိန္ဒိယနိုင်ငံတွင် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် အသုံးပြုလျက်ရှိသော စနစ်ဖြစ်သည်။

(ခ)     အီလက်ထရွန်နစ်မဲ လက်မှတ်ထုတ်ပရင်တာ (Electronic Ballot Printers - EBPs)။ DRE စက်နှင့်ဆင်တူ၍  စက်မှသိရှိ နားလည်နိုင်သော  မဲလက်မှတ်ကို ပရင့်ထုတ်ပေးသည်။ အဆိုပါ လက်မှတ်ကို အလိုအလျောက် မဲရေတွက်ပေးသည့် သီးခြားမဲလက်မှတ်ဖတ် စကင်နာစက် (Ballot Scanner)) အတွင်းသို့ ထည့်သွင်း ရေတွက်ပြီး မဲပုံးထဲသို့ ရောက်ရှိသွားသည့် စနစ်ဖြစ်သည်။ မဲလက်မှတ်ထုတ် ပရင်တာသည် မဲဆန္ဒရှင်များ၏ ရွေးချယ်မှုကိုသာ အမှတ်အသားပြုပြီး မဲများကို မှတ်တမ်းတင်ထားခြင်း မရှိပါ။ မဲလက်မှတ်ဖတ် စကင်နာစက် (Ballot Scanner) သည် မဲပေးချက်နှင့် စုစုပေါင်း မဲအရေအတွက်များကို မှတ်တမ်းတင်ထားသည်။ အာဂျင်တီးနား၊ ကွန်ဂို စသည့်နိုင်ငံတို့တွင် အသုံးပြုလျက်ရှိသော စနစ်ဖြစ်သည်။

(ဂ)    အလင်းဖြင့်မှတ်တမ်းတင်စနစ် (Optical Mark RecognitionOMR) ။ အထူးပြုလုပ်ထားသည့် မဲလက်မှတ်အပေါ်တွင် မဲပေးသူ၏ ရွေးချယ်မှုကို မှတ်မိဖတ်ရနိုင်သော စကင်ဖတ်စစ်ဆေးသော စနစ် (OMR systems) တပ်ဆင်ထားသည့် စက်ဖြစ်ပြီး စာရွက်ဖြင့် မဲပေးခြင်းကို အီလက်ထရွန်နစ် ရေတွက်ခြင်းစနစ်ဖြင့် ပေါင်းစပ်ထားခြင်းဖြစ်သည်။ မဲဆန္ဒရှင်သည် အဆိုပါစက်မှ ဖတ်ရှုနားလည်နိုင်သော မဲစာရွက်ပေါ်တွင် ရွေးချယ်အမှတ်အသား ပြုလုပ်ရန် ဘောပင် သို့မဟုတ် ခဲတံကိုအသုံးပြုရသည်။ ထို့နောက် မဲဆန္ဒရှင်က ရွေးချယ်ထားသော အမှတ်အသားများ ပါဝင်သည့် ဆန္ဒမဲ လက်မှတ်များကို OMR စက်က ဖတ်ရှုမှတ်သား၍ အလိုအလျောက်ရလဒ်များ တွက်ချက်ပေးခြင်း ပြုလုပ်သော စနစ်ဖြစ်ပါသည်။ အီရတ်၊ ကာဂျစ်စတန်၊ ရုရှားစသည့် နိုင်ငံတို့တွင် အသုံးပြုလျက် ရှိသောစနစ်ဖြစ်သည်။

(ဃ)   အင်တာနက်မဲပေးစနစ် (Internet Voting Systems)။ မဲပေးသူသည် အင်တာနက်ချိတ်ဆက်ထားသော ကွန်ပျူတာကို အသုံးပြု၍ မဲပေးရပြီး အင်တာနက်မှ တစ်ဆင့် မဲရေတွက်သည့် ဗဟိုကွန်ပျူတာ ဆာဗာထံသို့ မဲများကို လွှဲပြောင်းပေးသည့် စနစ်ပင်ဖြစ်သည်။ အင်တာနက် မဲပေးခြင်းသည် ယေဘုယျအားဖြင့် မဲဆန္ဒရှင်၏အိမ် သို့မဟုတ် အလုပ်ကဲ့သို့သော အင်တာနက် အသုံးပြုခွင့်ရှိသည့် မည်သည့် ကွန်ပျူတာမှမဆို ကြီးကြပ်မှုမရှိသော၊ ဝေးလံသောနေရာများတွင်ပါ အသုံးပြုနိုင်သည်။ သြစတြေးလျ၊ အက်စတိုးနီးယား စသည့်နိုင်ငံတို့တွင် အသုံးပြုသော စနစ်ဖြစ်သည်။ အင်တာနက်မဲပေးခြင်းသည် ကွန်ပျူတာ စနစ်အတွင်းသို့ ဟက်ကာ(Hacker) များဝင်ရောက်ခြင်း သို့မဟုတ် အချက်အလက် ပျက်စီးစေသည့် အခြားနည်းလမ်းများနှင့် ပတ်သက်သည့် လုံခြုံရေးဆိုင်ရာ ပြဿနာများရှိနိုင်သည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် အထက်ပါနည်းစနစ်များကို လေ့လာပြီးနောက် မြန်မာနိုင်ငံရှိ မဲဆန္ဒရှင်ပြည်သူများနှင့် အကိုက်ညီဆုံးဖြစ်စေမည့် တိုက်ရိုက်မှတ်တမ်းတင် အီလက်ထရွန်နစ် မဲပေးခြင်းစနစ် (Direct Recording Electronic System - DRE)) ကိုရွေးချယ်ကာ မဲပေးစက်တီထွင်နိုင်ရန် ပြည်တွင်းမှ အီလက်ထရွန်နစ် ကျွမ်းကျင်ပညာရှင်များနှင့်   ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ခဲ့သည်။ ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီအစီရင်ခံစာ ၂၀၂၁ တွင် ဖော်ပြချက်အရ အီလက်ထရွန်နစ် နည်းလမ်းဖြင့်မဲပေးခြင်းကို နိုင်ငံပေါင်း (၃၄) နိုင်ငံ၌ ကျင့်သုံးလျက်ရှိကြောင်း တွေ့ရှိရသည်။

မြန်မာအီလက်ထရွန်နစ် မဲပေးစက်(MEVM) ဖွဲ့စည်း တည်ဆောက်ပုံ

မြန်မာအီလက်ထရွန်နစ် မဲပေးစက် (MEVM) ကို အစိတ်အပိုင်း (၃) ခုဖြင့် ဖွဲ့စည်းတည်ဆောက်ထားပြီး ယင်းတို့မှာ (၁) ဆန္ဒပြုစက် (Ballot Unit-BU)၊ (၂) ထိန်းချုပ်စက် (Control Unit -CU) နှင့် (၃) မဲပေးချက်ဖော်ပြသည့်စက် (Verification Unit -VU)) တို့ဖြစ်သည်။

ဆန္ဒပြုစက်(Ballot Unit - BU)

    ဆန္ဒပြုစက်တွင် သက်ဆိုင်ရာ မဲဆန္ဒနယ်အလိုက် ပါဝင်ယှဉ်ပြိုင်ကြမည့် ပါတီ/တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်းတို့၏ အမည်၊ တံဆိပ်တို့ကို အက္ခရာစဉ် အလိုက်စီ၍ အမှတ်စဉ်တပ်ကာ ကပ်နှိပ်ထားမည် ဖြစ်သည်။ ထိုသို့ကပ်နှိပ်ထားသည့် ပါတီ/တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်းတို့၏ အမည်၊ တံဆိပ်နှင့် တစ်တန်းတည်းတွင် ဆန္ဒပြုနိုင်မည့် ခလုတ်များ ပါဝင်မည်ဖြစ်သည်။

ထိန်းချုပ်စက် (Control Unit -Unit)

    ထိန်းချုပ်စက်တွင် မဲပေးခြင်းစတင်သည့် သို့မဟုတ် မဲပေးခြင်းကို ပိတ်သိမ်းသည့် ခလုတ်(On/Off) ၊ မဲပေးပြီးသော မဲဆန္ဒရှင် အရေအတွက်ကို ဖော်ပြသည့်ခလုတ်  (Total)၊  မဲပေးခြင်းကို  ခွင့်ပြုပေးသည့် ခလုတ် (Ballot)၊ စမ်းသပ်မဲပေးချက်များကို ဖယ်ရှားပေးသည့် ခလုတ် (Clear)၊ မဲရလဒ်များ ဖော်ပြသည့်ခလုတ်  (Result)  နှင့် မဲရလဒ်များကို ပရင့်ထုတ်နိုင်သည့် ခလုတ် (Print) များ ပါဝင်သည်။ ယင်းခလုတ်များအနက် စမ်းသပ်မဲပေးချက်များကို ဖယ်ရှားပေးသည့် ခလုတ် (Clear)၊ မဲရလဒ်များ ဖော်ပြသည့်ခလုတ် (Result)) နှင့် မဲရလဒ်များကို ပရင့်ထုတ်နိုင်သည့် ခလုတ် (Print) များ ရှိသည့်အပိုင်းကို မဲပေးခြင်း မစတင်မီ အများရှေ့မှောက်၌ပင် လုံခြုံရေးကြိုးဖြင့် ပိတ်ထားမည်ဖြစ်သည်။ မဲပေးခြင်းစတင်သည့် သို့မဟုတ် မဲပေးခြင်းကိုပိတ်သိမ်းသည့် ခလုတ် (On/Off) ၊ မဲပေးပြီးသော မဲဆန္ဒရှင် အရေအတွက်ကို ဖော်ပြသည့်ခလုတ် (Total) နှင့်မဲပေးခြင်းကို ခွင့်ပြုပေးသည့်ခလုတ် (Ballot) တို့ကိုသာ မဲရုံဖွင့်နေချိန်၌ မဲရုံမှူး/မဲရုံအဖွဲ့ဝင်က ကိုင်တွယ် အသုံးပြုနိုင်မည်ဖြစ်သည်။ မဲရုံမဖွင့်မီ မဲရုံသို့ ကြိုတင်ရောက်ရှိနေသည့် ပါတီ^တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ မဲရုံကိုယ်စားလှယ်များက  စမ်းသပ်မဲပေးခြင်းကို  ဆောင်ရွက်နိုင်ပြီး ယင်းစမ်းသပ် မဲပေးထားချက်နှင့် မဲပုံးအတွင်းရှိ ဆန္ဒမဲဖြတ်ပိုင်းများ၏ မဲပေးထားချက်များ၊ အရေအတွက်များ မှန်ကန်မှု ရှိ၊ မရှိ၊ ထိုသို့ ရေတွက်ထားသည့် စမ်းသပ်မဲပေးထားချက်များနှင့် စမ်းသပ်မဲပေးထားသည့် ရလဒ်များဖော်ပြသည့် စက္ကူဖြတ်ပိုင်း၏ ဖော်ပြချက်များ ကိုက်ညီခြင်း ရှိ၊ မရှိ စစ်ဆေးနိုင်မည်ဖြစ်သည်။ ဆက်လက်၍ အများရှေ့မှောက်တွင် အဆိုပါ စမ်းသပ်မဲ ပေးထားချက်များကို စက်အတွင်းနှင့် မဲပုံးအတွင်း ရှင်းလင်းပြီးကြောင်း ပြသမည်ဖြစ်ပြီး ထိန်းချုပ်စက်ကို လုံခြုံရေးကြိုးဖြင့် ပိတ်မည်ဖြစ်သည်။

ထို့နောက် မဲပေးခြင်းစတင်သည့် ခလုတ်(On/Off) ကိုနှိပ်ကာ မဲပေးခြင်း စတင်နိုင်ရန်ဆောင်ရွက်မည်ဖြစ်သည်။ ဆန္ဒပြုစက်ဖြင့် မဲဆန္ဒရှင်တစ်ဦးချင်းစီ မဲပေးနိုင်ရန်အတွက် မဲရုံမှူး/မဲရုံအဖွဲ့ဝင်သည် မဲပေးခြင်းကို ခွင့်ပြုပေးသည့် ခလုတ် (On/Off) ကိုနှိပ်ကာ ဆောင်ရွက်ပေးမည်ဖြစ်သည်။ မဲပေးခြင်းပြီးဆုံး၍ မဲရုံပိတ်ပြီးနောက် မဲရုံမှူးသည် ထိန်းချုပ်စက်ရှိ မဲပေးခြင်း ပိတ်သိမ်းသည့်ခလုတ် (Ballot) ကို နှိပ်မည်ဖြစ်သည်။ ထိုသို့ မဲပေးခြင်း ပိတ်သိမ်းသည့်ခလုတ်ကိုနှိပ်ပြီးသည်နှင့် နောက်ထပ် မဲပေးခြင်း ဆောင်ရွက်နိုင်မည် မဟုတ်ပေ။ ထို့နောက် မဲရုံကိုယ်စားလှယ်များ ရှေ့မှောက်တွင် ထိန်းချုပ်စက်ရှိ  လုံခြုံရေးကြိုး များကို ဖယ်ရှား၍ အတွင်းပိုင်းရှိ  မဲရလဒ် ထုတ်ယူသည့် ခလုတ်ကိုနှိပ်ကာ မဲရလဒ်များကို ပရင့်ထုတ်၍ မဲရုံကိုယ်စားလှယ်များနှင့် အများပြည်သူတို့အား ပြသမည်ဖြစ်သည်။ မဲရုံကိုယ်စားလှယ်များ အနေဖြင့်လည်း  ယင်းရလဒ်များကိုကြည့်ရှုမှတ်သားနိုင်မည်ဖြစ်သည်။

မဲပေးချက်ဖော်ပြသည့်စက်

    မဲပေးချက်ဖော်ပြသည့်စက်ကို မဲပုံးနှင့် ပရင်တာတို့ဖြင့် တွဲဆက် တည်ဆောက်ထားပြီး မဲဆန္ဒရှင်တစ်ဦးက ဆန္ဒပြုစက်ရှိ ခလုတ်နှိပ်၍ မဲပေးလိုက်သည်နှင့် တစ်ပြိုင်နက်တည်းတွင် ယင်းမဲဆန္ဒရှင် ဆန္ဒပြုလိုက်သည့် ပါတီ/တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း၏ အမှတ်စဉ်၊ အမည်၊ တံဆိပ်တို့ကို ၂ လက်မ အရွယ်အစားရှိသည့် စက္ကူဖြတ်ပိုင်းအနေဖြင့် ၃ စက္ကန့်ခန့် ထုတ်ဖော်ပြသ ပေးမည်ဖြစ်သည်။ ယင်းနောက်တွင် အဆိုပါ ဆန္ဒမဲစက္ကူဖြတ်ပိုင်းသည် အောက်ဘက်ရှိ မဲပုံးအတွင်းသို့ အလိုအလျောက် ကျဆင်းသွားမည်ဖြစ်သည်။ မဲပုံးနှင့် ပရင်တာကို လုံခြုံရေးကြိုးဖြင့် ချည်နှောင်၍ ပိတ်ထားမည်ဖြစ်သည်။

မဲရုံအတွင်း၌ မဲပေးစက်နေရာချထားခြင်း

ဆန္ဒပြုစက်နှင့် မဲပေးချက်ဖော်ပြသည့် စက်တို့ကို လျှို့ဝှက်ဆန္ဒပြုခန်းတွင် တပ်ဆင်ထားမည်ဖြစ်ပြီး  ထိန်းချုပ်စက်ကို စားပွဲပေါ်တွင် အများမြင်သာသည့်နေရာ၌ တပ်ဆင်ထားမည်ဖြစ်သည်။ ထိန်းချုပ်စက် ကိုင်ဆောင်သည့် မဲရုံမှူး/မဲရုံအဖွဲ့ဝင်က ထိန်းချုပ်စက်ပါ “Ballot”ခလုတ်ကိုနှိပ်ပေးမှသာလျှင်  မဲဆန္ဒရှင်တစ်ဦးသည်  ဆန္ဒပြုစက်ပါ မိမိရွေးချယ်သည့် ခလုတ်ကိုနှိပ်၍ မဲပေးနိုင်မည်ဖြစ်သည်။

မဲပေးစက်ဖြင့် မဲပေးခြင်း

မဲပေးခွင့်ရှိသည့် မဲဆန္ဒရှင် နိုင်ငံသား တစ်ဦးအနေဖြင့် လျှို့ဝှက်ဆန္ဒပြုခန်းတွင် တပ်ဆင်ထားသော ဆန္ဒပြုစက်တွင် မိမိဆန္ဒပြုလိုသည့် ပါတီ/တစ်သီးပုဂ္ဂလလွှတ်တော် ကိုယ်စားလှယ်လောင်း၏ အမှတ်စဉ်၊ အမည်၊ တံဆိပ်တို့နှင့် တစ်တန်းတည်း တည့်တည့်တွင် ရှိသည့်ခလုတ်ကို တစ်ကြိမ်နှိပ်၍ မဲပေးရမည်ဖြစ်သည်။ မဲဆန္ဒရှင်စာရင်းနှင့် မှတ်ပုံတင်တို့ကို တိုက်ဆိုင်စစ်ဆေးပြီးနောက် ထိန်းချုပ်စက် ကိုင်ဆောင်သည့် မဲရုံအဖွဲ့ဝင်က “Ballot” ခလုတ်ကိုနှိပ်ပြီးသောအခါ ဆန္ဒပြုစက်ဖြင့် မဲပေးနိုင်မည်ဖြစ်သည်။

    ဆန္ဒပြုစက်မှ မိမိနှစ်သက်ရာ ခလုတ်တစ်ခုကို နှိပ်လိုက်သည်နှင့် တစ်ပြိုင်နက် ဆန္ဒပြုစက်ဘေးတွင် တပ်ဆင်ထားသော မဲပေးချက် ဖော်ပြသည့်စက်မှ မိမိမဲပေးလိုက်သည့် ပါတီ/တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်း၏ အမှတ်စဉ်၊ အမည်နှင့် တံဆိပ်တို့ဖော်ပြထားသော ၂ လက်မ အရွယ်အစားရှိသည့် စက္ကူဖြတ်ပိုင်းအနေဖြင့် ၃ စက္ကန့်ခန့် ထုတ်ဖော်ပြသပေးမည်ဖြစ်ပြီး  အဆိုပါ ဆန္ဒမဲစက္ကူဖြတ်ပိုင်းသည် အောက်ဘက်ရှိ မဲပုံးအတွင်းသို့ အလိုအလျောက် ကျဆင်းသွားမည်ဖြစ်သည်။ 

မဲဆန္ဒရှင်တစ်ဦးသည် တစ်ကြိမ်သာလျှင် ခလုတ်နှိပ်၍ မဲပေးနိုင်ပြီး မပေးမီ သေချာစွာ   စဉ်းစားရွေးချယ်ရန် လိုအပ်မည်ဖြစ်သည်။ တစ်ကြိမ်နှိပ်ပြီးပါက နောက်ထပ်တစ်ကြိမ် ထပ်မံနှိပ်နိုင်မည် မဟုတ်ပေ။ အဆိုပါနှိပ်ခြင်းသည်လည်း ထိန်းချုပ်စက်ပါ မှတ်သားထားသည့် စနစ်၌ အကျိုးသက်ရောက်မှု ရှိမည်မဟုတ်ပေ။

မဲပေးစက်၏ လုံခြုံစိတ်ချရမှု

မြန်မာအီလက်ထရွန်နစ် မဲပေးစက် (MEVM) သည် တိုက်ရိုက်မဲပေးသော စနစ်ဖြစ်သည်နှင့်အညီ မဲရုံ၌ မဲဆန္ဒရှင်ပြည်သူများက မဲလက်မှတ် အသုံးပြုရန်မလိုဘဲ ဆန္ဒပြုစက်ရှိ မိမိနှစ်သက်ရာ ပါတီ/တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်းနှင့် တစ်တန်းတည်းရှိ ခလုတ်ကိုနှိပ်ကာ မဲပေးနိုင်မည်ဖြစ်သည်။   MEVM  ကို   မိုက်ခရိုကွန်ထရိုလာ (Microcontroller) ဖြင့် တည်ဆောက်ထားသဖြင့် ကွန်ပျူတာ များကဲ့သို့ Operating System (ဝင်းဒိုးစနစ်) ပါဝင်ခြင်း မရှိပေ။ အင်တာနက်စနစ် ပါဝင်ခြင်းမရှိသကဲ့သို့ မည်သည့်ကြိုးမဲ့စနစ် (Wi-Fi ၊ Bluetooth)များလည်း မပါဝင်သဖြင့် အင်တာနက်စနစ်၊ ကြိုးမဲ့စနစ်များမှတစ်ဆင့် နှောင့်ယှက်ခြင်းမပြုနိုင်ပေ။ ကိရိယာတစ်ခုနှင့် တစ်ခုကိုလည်း Cable ကြိုးများဖြင့် တိုက်ရိုက် ချိတ်ဆက်ထားပြီး အဆိုပါကြိုးများသည် သမားရိုးကျ အသုံးပြုလျက်ရှိသော ကြိုးများမဟုတ်ပေ။ မဲဆန္ဒရှင်တစ်ဦးသည် မိမိမဲပေးထားချက် မှန်/မမှန်ကို မဲပေးချက်ဖော်ပြသည့် စက်မှထွက်ပေါ်လာသည့် မဲစက္ကူဖြတ်ပိုင်းတွင် ချက်ချင်းကြည့်ရှုနိုင်မည်ဖြစ်သည်။

မဲပေးခြင်း မစတင်မီ၌ ပါတီ/တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ မဲရုံကိုယ်စားလှယ်များ အနေဖြင့် စမ်းသပ်မဲပေး၍ စက်ကိုစမ်းသပ်နိုင်ပြီး စက်တွင် သိမ်းဆည်းထားသော ရလဒ်များနှင့် မဲပုံးအတွင်း စမ်းသပ်မဲပေးထားသော မဲစက္ကူဖြတ်ပိုင်းများ ကိုက်ညီမှု ရှိ၊ မရှိလည်း   စစ်ဆေးနိုင်မည်ဖြစ်သည်။    ထိုသို့စမ်းသပ်စစ်ဆေးပြီးမှသာ   မဲရုံဖွင့်၍    မဲပေးခြင်း စတင်မည်ဖြစ်သည်။ ထို့ပြင် ဘက်ထရီစနစ် အသုံးပြုထား၍ ပြင်ပလျှပ်စစ်ဓာတ်အား လိုအပ်ခြင်း မရှိသဖြင့် ကျေးရွာများ၌ပါ အသုံးပြုနိုင်မည်ဖြစ်သည်။ မဲရလဒ်များ သိမ်းဆည်းသည့် ထိန်းချုပ်စက်သည် လုံခြုံရေးကြိုးဖြင့် ပိတ်ထားမည့်အပြင် မဲရုံအတွင်းရှိ အများမြင်သာသော နေရာ၌ မဲရုံမှူး/မဲရုံအဖွဲ့ဝင်က ကိုင်တွယ် အသုံးပြုမည်ဖြစ်သည်။

မဲပေးစက်တွင် ရွေးကောက်ပွဲဝင် ပါတီ/တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်းအပေါ်  မဲဆန္ဒရှင်ပြည်သူ တစ်ဦးချင်းစီက ရွေးချယ်မဲပေးလိုက်သည့် အရေအတွက်ကိုသာ မှတ်သားထားမည်ဖြစ်ပြီး မည်သူမည်ဝါက မဲပေးသည် ဆိုသည့်အချက်ကို ထည့်သွင်းထားခြင်း မရှိ၍ မဲဆန္ဒရှင်ပြည်သူတို့၏ လျှို့ဝှက်ဆန္ဒပြုခြင်းကို မည်သို့မျှ ထိခိုက်စေမည် မဟုတ်ပေ။

မဲပေးစက်အသုံးပြုခြင်း၏ အကျိုးကျေးဇူးများ

    ကျင်းပမည့်ရွေးကောက်ပွဲများတွင် အီလက်ထရွန်နစ် မဲပေးစက် အသုံးပြုခြင်းအားဖြင့် အောက်ပါအကျိုးကျေးဇူးများ ရရှိလာနိုင်မည် ဖြစ်ပါသည် -

-မဲလက်မှတ်များ ရိုက်နှိပ်ရခြင်း၊ ဆန္ဒပြု တံဆိပ်တုံး အသုံးပြုရန် မလိုအပ်ခြင်း။

(ရွေးကောက်ပွဲတစ်ကြိမ် ကျင်းပမည်ဆိုပါက  မဲလက်မှတ်များ ရိုက်နှိပ်ရခြင်းအတွက်  ကုန်ကျစရိတ်မှာ ၂၀၂၀ ပြည့်နှစ်၏ ကာလတန်ဖိုးဖြင့် ငွေကျပ် ခြောက်ဘီလီယံခန့် ကုန်ကျခဲ့ပြီး ယခုကာလ တန်ဖိုးဖြင့်ဆိုပါက ယင်းကုန်ကျစရိတ်ထက် ပိုမိုကုန်ကျမည်ဖြစ်ပါသည်။ အဆိုပါ ကုန်ကျစရိတ်တွင် ဆန္ဒပြုတံဆိပ်တုံး အတွက် ကုန်ကျစရိတ်ကျပ်သန်း ၅၀၀ ကျော်ပါဝင်ခြင်း မရှိသေးပေ။)

-မဲလက်မှတ်များ ရိုက်နှိပ်ရခြင်း မရှိသည့်အတွက် မဲဆန္ဒနယ်များ မှားယွင်း၍ မဲလက်မှတ်များ ရောက်ရှိသွားခြင်းမျိုး ဖြစ်ပေါ်လာနိုင်မည် မဟုတ်ပေ။

-မဲပုံးများ မလိုအပ်တော့ခြင်း၊ (ရွေးကောက်ပွဲတစ်ကြိမ် ကျင်းပမည်ဆိုပါက မဲပုံးများအတွက် ကုန်ကျစရိတ်မှာ ငွေကျပ် (၃.၄) ဘီလီယံကျော် ကုန်ကျမည်ဖြစ်ပါသည်။)

-ပယ်မဲများမရှိတော့ခြင်း၊ (ပြောင်းလဲ ကျင့်သုံးမည့် အချိုးကျ ကိုယ်စားပြုစနစ်တွင်  မဲဆန္ဒရှင် တစ်ဦးချင်းစီ၏   မဲတစ်မဲသည် အလွန်အရေးကြီးသဖြင့် ပယ်မဲ မရှိနိုင်တော့ခြင်းသည် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီများ/တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများအတွက် အလွန်အဖိုးထိုက်တန်သော အကျိုးရလဒ်ပင် ဖြစ်သည်။ အချိုးကျစနစ်ဖြစ်၍ မဲဆန္ဒနယ်တစ်နယ်တွင် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအတွက်   ရသင့်သည့် မဲအရေအတွက်   မပြည့်မီစေကာမူ ကိုယ်စားလှယ် အရေအတွက် ကျန်ရှိနေသေးပါက ကြွင်းကျန်မဲများကို ပြန်လည်ရေတွက်ခြင်း စနစ်ဖြစ်၍ ပါတီ/တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများ အနေဖြင့် မိမိတို့ကို မဲပေးလိုက်သည့် မဲဆန္ဒရှင်တစ်ဦး၏ ဆန္ဒမဲသည် ပယ်မဲ မဖြစ်သွားခြင်းသည် အလွန်အရေးကြီးလှပါသည်။ ယင်းအကျိုးကျေးဇူးကို မဲပေးစက် အသုံးပြုခြင်းမှ ရရှိနိုင်မည်ဖြစ်ပါသည်။)

-မဲရေတွက်မှု မြန်ဆန်ခြင်း၊ (သမားရိုးကျ မဲလက်မှတ်များဖြင့် မဲပေးခြင်းများတွင်  မဲဆန္ဒရှင် တစ်ထောင်ကျော်ရှိသော မဲရုံများ၌ မဲရေတွက်ခြင်းကို နာရီနှင့်ချီ၍ ဆောင်ရွက်ရသည်ကို တွေ့မြင်ဖူးကြမည် ဖြစ်ပါသည်။  မဲပေးစက်ဖြင့် မဲပေးခြင်းတွင်  မဲရုံပိတ်ပြီးသည်နှင့် မဲရလဒ်များကို မိနစ်အနည်းငယ်အတွင်း သိရှိနိုင်ပါသည်။)

-ရွေးကောက်ပွဲ  တစ်ကြိမ်ထက်ပို၍ အသုံးပြုနိုင်သဖြင့် ကုန်ကျစရိတ် သက်သာလာခြင်းနှင့်

-အထွေထွေရွေးကောက်ပွဲများတွင်သာမက  ကြားဖြတ်ရွေးကောက်ပွဲများ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ခြင်းအတွက် ပြုလုပ်သည့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲများနှင့် စည်ပင်သာယာ ရွေးကောက်ပွဲများတွင်ပါ အသုံးပြုနိုင်သည့်အပြင် လွှတ်တော်တွင်း၌ ဆန္ဒမဲလက်မှတ်ဖြင့် မဲပေးရသည့် အခြေအနေမျိုးတွင်ပါ အသုံးပြုနိုင်ခြင်း။

နိဂုံး

မြန်မာအီလက်ထရွန်နစ် မဲပေးစက် (MEVM)သည် မြန်မာနိုင်ငံရှိ ပြည်သူလူထု၏ စာတတ်မြောက်မှုနှုန်းများပေါ် မူတည်၍ တီထွင်ထားခြင်း ဖြစ်သည်နှင့်အညီ  အသုံးပြုရာတွင်  လွယ်ကူရိုးရှင်းသော မဲပေးစက်ဖြစ်သည်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် မဲပေးစက်နှင့် ပတ်သက်၍ အများပြည်သူထံသို့ ပညာပေးရေး အစီအစဉ်များကို ဆောင်ရွက်သွားမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ရာတွင် မီဒီယာများမှ တစ်ဆင့် ဆောင်ရွက်ခြင်းအပြင် မဲပေးစက်အား ပြည်သူများ အနေဖြင့် လက်တွေ့စမ်းသပ် အသုံးပြုနိုင်ရေးအတွက်လည်း စီစဉ် ဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့ပြင် မဲပေးစက် အသုံးပြု၍ မဲပေးနိုင်ရန်အတွက် လိုအပ်သည့် ဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ခြင်းကိုလည်း ဆောင်ရွက်လျက်ရှိသည်။ မဲပေးစက်ဖြင့် မဲပေးခြင်း၊ မဲရေတွက်ခြင်း၊ စမ်းသပ်မဲပေးခြင်းများ အစရှိသည့် နည်းလမ်းများကို သက်ဆိုင်ရာ လွှတ်တော် ဥပဒေ၊ နည်းဥပဒေများတွင် ထည့်သွင်းပြင်ဆင်သွားမည် ဖြစ်သည်။ မဲရုံမှူးလက်စွဲများတွင်လည်း အသေးစိတ်ထည့်သွင်း သွားမည်ဖြစ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် မဲပေးစက် အသုံးပြုနိုင်ရေး  စီစဉ်ဆောင်ရွက်သွားမည်ဖြစ်သည်။  နည်းပညာများ တိုးတက်လာသော ခေတ်နှင့်အညီ မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲများတွင်လည်း အကျိုးကျေးဇူးများလှသည့် အီလက်ထရွန်နစ် မဲပေးစက်များ အသုံးပြုခြင်းသည် လွတ်လပ်၍ တရားမျှတသော၊ ဂုဏ်သိက္ခာရှိသော ရွေးကောက်ပွဲတစ်ရပ် အောင်မြင်စွာ ကျင်းပနိုင်ရေးတွင် ကြီးစွာသော အထောက်အကူ ဖြစ်စေမည်မှာ ဧကန်မလွဲပင်ဖြစ်သည်။   ။

ကိုရွှေမိုး(UEC)