ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ တောင်သူလယ်သမားနေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ တောင်သူလယ်သမားနေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ

( ၂၀၂၃ ခုနှစ်၊ မတ်လ ၂ ရက် )

ချစ်ခင်လေးစားအပ်ပါသော တောင်သူလယ်သမားကြီးများခင်ဗျား

ယနေ့အချိန်အခါသမယသည် နိုင်ငံတစ်ဝန်းလုံးရှိ တောင်သူလယ်သမားများအား အထူးအလေးထားရှိ၍ ဂုဏ်ပြုသည့် သမိုင်းဝင် နေ့ထူးနေ့မြတ်ဖြစ်ပါသည်။ ဤကဲ့သို့ ရက်မြတ်မင်္ဂလာအချိန်အခါသမယတွင် ပြည်သူများအတွက် စားရေရိက္ခာဖူလုံစေရေးနှင့် နိုင်ငံတော်၏ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အဓိကစွမ်းအားရှင်များဖြစ်ကြသည့် တောင်သူလယ်သမားကြီး များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကြည်သာရွှင်လန်း ကျန်းမာချမ်းသာကြပြီး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြလျက် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးအောင်မြင်ပြီး လူမှုစီးပွားဘဝများ မြင့်မားတိုးတက်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်း ဆက်သအပ်ပါသည်။

ယနေ့ကာလတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် ပြည်သူလူထုဗဟိုပြု ဖွံ့ဖြိုးရေးလုပ်ငန်းများကို လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ပြီး ဦးတည်ချက် (၁၂)ရပ် ချမှတ် ဆောင်ရွက်ခဲ့ရာ၊ စီးပွားရေးဦးတည်ချက် (၄)ရပ် အနက် “စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှု ခေတ်မီနည်း စနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး” နှင့် “သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်မြှင့်တင်နိုင်ရေး ဒေသထွက်ကုန်ကြမ်းများကို အခြေခံသည့်  အသေးစား၊  အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်း (MSME) များကို ရေရှည်အာမခံချက်ရှိအောင် အားပေးကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့်  အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေး”  ဆိုသည့် ဦးတည်ချက်များနှင့် အညီ နိုင်ငံ၏လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍတို့ ဖွံ့ဖြိုးတိုးတက်ရေးကို ပဓာနကျသည့် တာဝန်တစ်ရပ်အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

နိုင်ငံတော်၏ အခြေခံစီးပွားရေးကဏ္ဍကြီးဖြစ်သော စိုက်ပျိုးမွေးမြူရေး ကဏ္ဍမှ စားရေရိက္ခာဖူလုံရေးနှင့် အာဟာရပြည့်ဝစွာ စားသုံးနိုင်ရေး၊ အစားအစာဘေးကင်းလုံခြုံရေးတို့ကို အဓိကထား၍ ဖော်ဆောင်ပေးရာတွင် တောင်သူလယ်သမားကြီးများနှင့် ၎င်းတို့မိသားစုများ၏ စွမ်းအားသည် အဓိကအခန်းကဏ္ဍမှပါဝင်လျက်ရှိပေရာ နိုင်ငံတော်အနေဖြင့်လည်း ယင်းကဲ့သို့ စွမ်းအားရှင် များ၏ လူမှုစီးပွားဘဝတိုးတက်မြင့်မားရေးကိုပါ   တစ်ပါတည်း  ဒွန်တွဲဆောင်ရွက်ပေးလျက်ရှိပါသည်။

ကမ္ဘာပေါ်တွင် ရာသီဥတုပြောင်းလဲမှု၊ နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် နိုင်ငံအများစု၏ စားရေရိက္ခာဖူလုံမှုအပေါ် စိန်ခေါ်မှုများစွာ ပေါ်ပေါက်လျက်ရှိပြီး၊ နိုင်ငံတိုင်းကလည်း ပြည်တွင်းစားရေရိက္ခာ ဖူလုံရေးအတွက် မူဝါဒမျိုးစုံချမှတ် ကျင့်သုံးလျက်ရှိပါသည်။   မြန်မာနိုင်ငံအနေဖြင့်လည်း အရည်အသွေးနှင့် အထွက်နှုန်းပိုမိုကောင်းမွန်သည့် ဆန်စပါးတိုးချဲ့ စိုက်ပျိုးထုတ်လုပ်ရေးနှင့် ပြည်ပသို့ ပိုမိုတင်ပို့နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ပြည်ပပို့ကုန် တိုးမြှင့်တင်ပို့နိုင်ရေးအတွက် ရေးဆွဲအကောင်အထည် ဖော်လျက်ရှိသော အမျိုးသားပို့ကုန် မဟာဗျူဟာရည်မှန်းချက်၏  ဦးစားပေးပို့ကုန်အမယ်များတွင်  ဆန်နှင့်ဆန်ထွက် ပစ္စည်းကဏ္ဍ သည် ဦးစားပေးကဏ္ဍတစ်ရပ်ဖြစ်ပါသည်။ ဆန်စပါးတင်ပို့မှုမြှင့်တင်ရေး မဟာဗျူဟာမျှော်မှန်းချက်မှာ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ဝင်ငွေတိုးတက်လာစေရေးအတွက် အရည်အသွေးမြင့်မားပြီး သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်မည့် ရေရှည်ဖွံ့ဖြိုးတိုးတက်သော ဆန်စပါး စိုက်ပျိုးထုတ်လုပ်ရေးနှင့် တင်ပို့ရေးပင်ဖြစ်ပါသည်။

ထို့ပြင် ဒေသတွင်း စားရေရိက္ခာဖူလုံရေးသာမက ပြည်ပပို့ကုန်တိုးမြှင့် တင်ပို့ရန်နှင့် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန် လယ်ယာမြေများကို အခြားနည်းဖြင့် သုံးစွဲခြင်းများမရှိစေရေးနှင့်  စိုက်ဧကတိုးချဲ့ရေး ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ သီးနှံများ၏  တစ်ဧကအထွက်နှုန်း တိုးတက်ရေးကို အလေးပေးဆောင်ရွက်ကြရမည်ဖြစ်ပါသည်။ သီးနှံတစ်ဧကအထွက်နှုန်းတိုးတက်ရေး  ဆောင်ရွက်ရာတွင် အဓိကအချက်များဖြစ်သည့် မျိုးကောင်းမျိုးသန့်ရရှိရေး၊ သွင်းအားစုများ ဈေးနှုန်းသက်သာစွာ ဝယ်ယူရရှိရေး အတွက် အစိုးရ၊ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များနှင့်တောင်သူလယ်သမားများအားလုံး ပူးပေါင်းဆောင်ရွက် သွားကြရမည်ဖြစ်ပါသည်။ ရာသီဥတုပြောင်းလဲလာမှုကြောင့် ရေအရင်းအမြစ်များ လျော့ပါးလာသဖြင့်  နိုင်ငံတော်အစိုးရအနေဖြင့် တောင်သူလယ်သမားကြီးများ စိုက်ပျိုးရေရရှိရေး နည်းမျိုးစုံဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ ရေကိုထိရောက်စွာ အသုံးပြုရေးနှင့် အလေအလွင့်မရှိစေရေး  သတိထားဆောင်ရွက်ကြရန် လိုအပ်ပါသည်။

ထို့ကြောင့်  စားရေရိက္ခာဖူလုံရေးနှင့်  ပြည်ပသို့ပိုမိုတင်ပို့နိုင်ရေးအတွက် သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေ၍ မြန်မာနိုင်ငံ ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (၂၀၁၈-၂၀၃၀ ခုနှစ်)ကို  အကောင်အထည် ဖော်ဆောင်ရွက် လျက်ရှိပါသည်။ မြန်မာနိုင်ငံ၏စီးပွားရေးမူဝါဒတွင်လည်း စားရေရိက္ခာဖူလုံရေးနှင့် ပို့ကုန်ကဏ္ဍမြှင့်တင်ရေးအတွက် သီးနှံအလိုက် နှစ်စဉ်စီမံကိန်းများ ချမှတ်ဆောင်ရွက်လျက်ရှိရာ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် တိုင်းဒေသကြီး/ပြည်နယ်များ၌ စပါး (၁၇,၂၉၄,၄၅၇) ဧက၊ ပဲမျိုးစုံ (၉,၇၆၉,၈၁၉) ဧက၊ ဆီထွက်သီးနှံ (၇,၅၄၃,၂၁၇) ဧက၊ အစေ့ထုတ်ပြောင်း (၁,၅၀၁,၅၁၄) ဧက၊ ဝါသီးနှံ (၃၉၃,၇၈၁) ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ၂၀၂၂-၂၀၂၃ ခုနှစ်တွင် စပါး (၁၅,၂၂၃,၃၃၂) ဧက၊ ပဲမျိုးစုံ (၉,၅၈၂,၀၁၅) ဧက၊ ဆီထွက်သီးနှံ (၇,၈၃၄,၃၇၆) ဧက၊ အစေ့ထုတ်ပြောင်း (၁,၄၇၄,၉၅၁) ဧကနှင့် ဝါသီးနှံ (၄၅၈,၃၈၈) ဧက စိုက်ပျိုးဆောင်ရွက်ထားရှိပြီး ဖြစ်ပါသည်။

စပါးအထွက်နှုန်းတိုးတက်ရေးအတွက် ၂၀၂၂-၂၀၂၃ ခုနှစ်၌ သိပ္ပံနည်းကျစိုက်နည်းစနစ်ဖြင့် တစ်ကွင်းတစ်စပ်တည်း မိုးစပါးဧက (၁၀၀) စံပြကွက်များ စိုက်ပျိုးခြင်းစီမံကိန်းကို ဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီး/ပြည်နယ် (၁၂)ခုဖြစ်သည့် နေပြည်တော် ကောင်စီနယ်မြေ၊ ကချင်၊ ကရင်၊ မွန်၊ ရခိုင်၊ ရှမ်းပြည်နယ်တို့နှင့် စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ရန်ကုန်၊ ဧရာဝတီတိုင်းဒေသကြီးတို့ရှိ မြို့နယ် (၁၅)မြို့နယ်တွင် (၁၅၀၀)ဧက လျာထားဆောင်ရွက်ခဲ့ရာ (၁၆၀၀) ဧက စိုက်ပျိုးနိုင်ခဲ့ပြီး တစ်ဧကလျှင် ပျမ်းမျှ (၁၁၅.၇၆) တင်းထွက်ရှိအောင် ဆောင်ရွက်နိုင်ခဲ့ပါသည်။  စပါးအထွက်နှုန်းများကို  တစ်ဧကချင်း အလိုက် အထွက်နှုန်းတိုးအောင် ဆောင်ရွက်နိုင် မည်ဆိုပါက ပြည်တွင်းဆန်ဖူလုံမှုလုံလောက်သည့်အပြင် ပြည်ပသို့တင်ပို့ရောင်းချနိုင်မည်ဖြစ်၍ တောင်သူလယ်သမားများ၏  လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်ပြီး နိုင်ငံတော်အတွက်လည်း  အကျိုးဖြစ်ထွန်းမည်ဖြစ်ပါသည်။

ပြည်တွင်းဆီစားသုံးမှုဖူလုံစေရန် ဆီထွက်သီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် နေရာဒေသ မရွေး စိုက်ပျိုးနိုင်သည့်  နေကြာသီးနှံစိုက်ဧက (၁.၅) သန်းအထိ တိုးချဲ့စိုက်ပျိုးရေးကို အကောင်အထည် ဖော်ဆောင်ရွက် လျက်ရှိပါသည်။ နေကြာစိုက်တောင်သူများအတွက် စိုက်ပျိုးစရိတ်ကုန်ကျမှုကို အထောက်အပံ့ဖြစ်စေရေးအတွက် နိုင်ငံတော်က ခွင့်ပြုငွေကျပ် ၁၀၀.၂၄၈ ဘီလီယံဖြင့် နေကြာစိုက်ပျိုးရာသီများတွင်   နေကြာမျိုးစေ့နှင့် သွင်းအားစုများ အချိန်မီပံ့ပိုးထုတ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ လက်ရှိအချိန်တွင် အချို့သည် ဆီကို လိုအပ်သည်ထက် ပိုမိုစားသုံးနေကြသဖြင့် ကျန်းမာရေး အရ ထိခိုက်ဆုံးရှုံးမှုများနှင့်အတူ ပြည်ပမှ မှာယူတင်သွင်းရမှုများ မြင့်တက်လျက်ရှိပါသည်။ ဆီကို လိုသလောက်သာ သုံးစွဲခြင်းဖြင့်  ကျန်းမာရေးကောင်းမွန်မှုကို  အထောက်အကူပြုနိုင်မည်ဖြစ်သည့်အပြင်   ပြည်တွင်းဆီဖြင့်  စားသုံးမှုလုံလောက်စေရန် ကြိုးပမ်းခြင်း ဖြင့်လည်း နိုင်ငံခြားငွေသုံးစွဲမှုကိုလျှော့ချစေနိုင်မည်ဖြစ်သဖြင့် ဆီထွက်သီးနှံစိုက်ပျိုးမှုမြှင့်တင်ရေးကို ကြိုးစားဆောင်ရွက် ကြရန် တိုက်တွန်းလိုပါသည်။

အလားတူ ချည်တင်သွင်းမှုလျှော့ချနိုင်ရေးအတွက်   ပြည်တွင်း လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ပြီး   ပြည်ပတင်ပို့နိုင်ရေးကိုရည်မှန်း၍ ချည်မျှင်ရှည်ဝါ တိုးမြှင့်ထုတ်လုပ်ရန် ဝါသီးနှံကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ချည်မျှင်ရှည်ဝါသီးနှံ တစ်ဧကအထွက်နှုန်း တိုးတက်ရေး၊ (၄)နှစ်ကာလအတွင်း ဧက(၇)သိန်းပြည့်မီအောင် စိုက်ပျိုးဆောင်ရွက်ရမည်ဖြစ်ပါသည်။ ဝါတစ်ဧကအထွက်နှုန်းပိဿာ  (၇၀၀)နှင့်အထက် လျာထားချက်ပြည့်မီစေရန်နှင့်   အရည်အသွေးကောင်းဝါနှင့် ဝါဂွမ်းများ ရရှိရေး (၂၀၂၂-၂၀၂၃ မှ ၂၀၂၅-၂၀၂၆) ခုနှစ်အထိ ကာလသတ်မှတ်၍  ချည်မျှင်ရှည်ဝါတိုးတက်ထုတ်လုပ်ရေး စီမံကိန်းကို ဆောင်ရွက်လျက်ရှိပါသည်။

ချစ်ခင်လေးစားအပ်ပါသော တောင်သူလယ်သမားကြီးများခင်ဗျား

“နိုင်ငံ၏ စီးပွားရေးအခြေအနေကောင်းများ ဖန်တီးနိုင်မှသာလျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည်” ဖြစ်သည့်အတွက် လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် တောင်သူလယ်သမားများ၏ စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ပြီး တစ်ဦးချင်းဝင်ငွေ တိုးတက် စေရန်နှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝနှင့် နိုင်ငံတော်၏ စီးပွားရေးအခြေအနေကို ပြန်လည်မြှင့်တင်နိုင်ရန် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ပဲတီစိမ်းနှင့် နွေစပါး  စီမံကိန်းကို ရေးဆွဲဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ခုနှစ်၌ နွေစပါးသီးနှံဧက(၈၅၀၀၀၀)နှင့် ပဲတီစိမ်းသီးနှံဧက (၅၀၀၀၀၀) စိုက်ပျိုးထုတ်လုပ်ခြင်းတွင် ကျပ်ဘီလီယံ(၂၃၀)အား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ သုံးစွဲဆောင်ရွက်သွားလျက်ရှိပါသည်။

အစားအစာနှင့် အာဟာရလုံခြုံမှုရှိစေရန်နှင့် သီးနှံအထွက်နှုန်း တိုးတက်စေရန်အတွက် မူရင်းသီးနှံသာမက သီးထပ်၊ သီးညှပ် စိုက်ပျိုးထုတ်လုပ်ခြင်း၊ ဘေးအန္တရာယ်ကင်းရှင်း၍ စံချိန်စံညွှန်းနှင့်ညီညွတ်သော သီးနှံထုတ်လုပ်ကုန်များ စိုက်ပျိုးထွက်ရှိရေးအတွက် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (Good Agriculture Practices-GAP) နှင့် အော်ဂဲနစ်စိုက်ပျိုးရေးကိုလည်း ပညာပေး ဆောင်ရွက်လျက်ရှိပါသည်။ တောင်သူများသီးနှံ စိုက်ပျိုးထုတ်လုပ် ကုန်ကျစရိတ်သက်သာစေရန် ဓာတ်မြေသြဇာ စနစ်တကျ ထိရောက်စွာ အသုံးပြုတတ်စေရေး၊ သဘာဝမြေသြဇာ၊ သစ်စိမ်းနှင့် ဇီဝမြေသြဇာသုံးစွဲတတ်လာစေရေး၊ မြေဆီလွှာပြုပြင် ထိန်းသိမ်းရေးအတွက် ပညာပေးဆောင်ရွက်လျက်ရှိပါသည်။

တောင်သူများ ဝင်ငွေတိုးတက်ရေးအတွက် သီးနှံအထွက်နှုန်းတိုးတက်လာစေရေး ပညာပေးဆောင်ရွက်ပေးခြင်းအပြင် ဇီဝမျိုးများ ထိန်းသိမ်းထားနိုင်ပြီး ရေရှည်တည်တံ့သော ပတ်ဝန်းကျင်အဖြစ် ထိန်းသိမ်းထားနိုင်ရေးအတွက် မှန်ကန်သော ထွန်ယက် စိုက်ပျိုးခြင်း၊ မျိုးစေ့အရည်အသွေးမြှင့်တင်ခြင်း၊ သီးနှံပိုးမွှားရောဂါကာကွယ်ရေး၊ မြေဆီသြဇာတိုးတက်ရေးနှင့် စိုက်ပျိုးရေကို စနစ်တကျ စီမံခန့်ခွဲခြင်း နည်းပညာများကို တောင်သူများသို့ ပညာပေးဖြန့်ဝေလျက်ရှိပါသည်။ တောင်သူလယ်သမားများ စိုက်ပျိုးရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ ရရှိရေးအတွက်လည်း မျိုးစေ့ထုတ်အသင်းအဖွဲ့များ (Seed Grower Association-SGA)၊ မျိုးစေ့ထုတ်သမဝါယမအသင်းများ (Seed Grower Cooperation-SGC)၊ မျိုးစေ့ထုတ်လယ်သမားအသင်းများ (Farmer Group Association)၊ ပုဂ္ဂလိကကဏ္ဍ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်းများကိုလည်း စီမံဆောင်ရွက်ပေးလျက်ရှိပါသည်။

ချစ်ခင်လေးစားအပ်ပါသော တောင်သူလယ်သမားကြီးများခင်ဗျား

ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှုအနေဖြင့် ၂၀၂၂- ၂၀၂၃ ခုနှစ်တွင်  ကျေးရွာ  ( ၂၉.၂၉၄ )ရွာတွင် ကျေးလက်ရေ ရရှိရေးလုပ်ငန်း (၁၂၀၄)ခု၊ ဆီထွက်သီးနှံ (၄.၄၃၁) ဧကအတွက် ဆိုလာရေတင်စနစ် (၁၁၁) ခု၊ မြို့ (၁၄)မြို့တွင် ရေပေးဝေခြင်း၊ ကျေးရွာ (၁၅.၀၆၃)ရွာတွင် ကျေးလက်မီးလင်းရေးအတွက် (Solar Home System-SHS) (၄၃.၇၀၇)ခုနှင့် Mini-grid (၈)ခု၊ ဆီထွက်သီးနှံ (၅၂၀၃) ဧကအတွက် ကုန်ထုတ်လမ်း၊ တံတားများနှင့် ဧက (၁.၈၆)သန်းအတွက် ပုံမှန်ကျေးလက်ကုန်ထုတ်လမ်း၊ တံတားများ တည်ဆောက်ခြင်း၊ ကျေးလက်အိမ်ရာ (၇၂) လုံး တည်ဆောက်ခြင်း၊ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်း (၆၇၆)ကြိမ် ဆောင်ရွက်ခဲ့ခြင်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်းများအနေဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်း၊ ခေတ်မီစံပြကျေးရွာ ထူထောင်ရေး စီမံကိန်း၊ လူထုဗဟိုပြုစီမံကိန်းနှင့် ကျေးလက်စီးပွား မြင့်မားရေး ရန်ပုံငွေထူထောင်ခြင်း လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

အသားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်ထောက်ပံ့ငွေဖြင့် သွင်းအားစုများပံ့ပိုးခြင်းလုပ်ငန်းများဖြစ်သော မြစိမ်းရောင် (အသားကဏ္ဍ) ကျေးရွာများထူထောင်ခြင်း၊ မျိုးကောင်းမျိုးသန့် တိရစ္ဆာန်ဖြန့်ဖြူးခြင်း၊ မျိုးမြှင့်၊ မျိုးပွား၊ မျိုးထိန်းသိမ်းပေးခြင်း လုပ်ငန်းများတွင် မေထုန်မဲ့သားစပ် လုပ်ငန်းဆောင်ရွက်ပေးခြင်း၊ မျိုးထိန်း၊ မျိုးပွား သုတေသနခြံများ တည်ထောင်ပြီး တောင်သူများ အား မျိုးဖြန့်ဖြူးပေးခြင်း၊ တောင်သူလယ်သမားများအား ကောင်းမွန်သော တိရစ္ဆာန်မွေးမြူရေးကျင့်စဉ် (Good Animal Husbandry Practices-GAHP) နှင့်အညီ မွေးမြူထုတ်လုပ်ခြင်းလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် မွေးမြူရေးနည်းပညာ ပံ့ပိုးပေးခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ တိရစ္ဆာန်ရောဂါကာကွယ်ဆေးများထိုးနှံပေးခြင်း၊ ရောဂါဖြစ်ပွားမှု များအား ထိန်းချုပ်ခြင်းနှင့် ကုသခြင်း၊ ရောဂါစူးစမ်းလေ့လာခြင်း၊ သဘာဝဘေးဒဏ်သင့်ဒေသများသို့ တိရစ္ဆာန်အစာနှင့် ဆေးများ ထောက်ပံ့ပေးခြင်းတို့ ဆောင်ရွက်လျက်ရှိပါသည်။ ကုန်သွယ်မှု အတွက် ရည်ရွယ်၍ ပြောင်းချဉ်ဖတ် (Corn Silage) ကို ပို့ကုန်အမယ် အသစ်အနေဖြင့် တင်ပို့နိုင်ရန် တိရစ္ဆာန်အစာ ချဉ်ဖတ်ထုတ်လုပ်ခြင်း လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်သူများ လိုက်နာရမည့် ညွှန်ကြားချက်ကို ထုတ်ပြန်ထားရှိပြီးဖြစ်ပြီး နယ်စပ်ဒေသမှတစ်ဆင့် ပြည်ပဈေးကွက် လိုအပ်ချက်များအရ သုတေသန ဆောင်ရွက်၍ တင်ပို့လျက်ရှိပါသည်။

ပြည်ပသို့ တိရစ္ဆာန်ထွက်ပစ္စည်းများ တင်ပို့မှုအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း (ဧပြီလမှ ဒီဇင်ဘာလအထိ) စုစုပေါင်း တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ (၄၂.၉၈၂)သန်း ဝင်ငွေရရှိခဲ့ပါသည်။ အသား/နို့/ဥထုတ်လုပ်မှုအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေး နှစ်အတွင်း (ဧပြီလမှ ဒီဇင်ဘာလအထိ) အသားပိဿာ (၅၅၅.၉၇၅)သန်း၊ နို့ပိဿာ (၉၇၇.၈၃၄) သန်း၊ ဥလုံးရေ (၂၈၄၉.၅၃၁)သန်း ထုတ်လုပ်နိုင်ခဲ့ပါသည်။

ငါးကဏ္ဍအနေဖြင့် ဖမ်းဆီး၊ မွေးမြူ၊ ပြုပြင်ထုတ်လုပ်သူများနှင့် ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက် ငါးလုပ်ငန်းနှင့်ပတ်သက်သည့် ပါဝင် ဆက်သွယ်သူအားလုံး စုစုပေါင်း (၂) သန်းကျော်ရှိပြီး ပြီးခဲ့သည့်နှစ် ငါး/ ပုစွန်ဖမ်းဆီး၊ မွေးမြူခြင်းမှ မက်ထရစ်တန်ထောင်ပေါင်း (၆၀၇၄.၈၂)တန် ထုတ်လုပ်ခဲ့ပြီး (၁၀ %)ခန့်ကိုသာ ပြည်ပတင်ပို့ခဲ့ပြီး အများစုမှာ ပြည်တွင်း ငါးရိက္ခာလိုအပ်ချက်ကို ဖြည့်တင်း ဆောင်ရွက်ပေးလျက်ရှိပါသည်။ ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအထိ ငါးပုစွန်မွေးမြူခြင်း၊ ဖမ်းဆီးခြင်းတို့မှ မက်ထရစ်တန် ထောင်ပေါင်း (၄၅၂၈.၅၁) တန်ထုတ်လုပ်ခဲ့ပြီး ၎င်းအနက်မှ ရေထွက်ကုန်ပစ္စည်း (၃၀၀) မျိုးခန့်၊ မက်ထရစ်တန်ချိန် (၄၀၇,၄၆၉.၈၀၄) တန်ကို ပြည်ပသို့ တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ (၆၃၁.၂၄၂) သန်းရရှိခဲ့ပါသည်။

၂၀၂၂-၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအထိ မွေးမြူရေးငါးပုစွန် (၉၇၆.၀၆၆) တန် ထုတ်လုပ်ခဲ့ပြီး ၎င်းအနက်မှ ရေထွက်ကုန်ပစ္စည်း (၃၀)မျိုးခန့်၊ မက်ထရစ်တန်ချိန် (၄၇,၈၁၂.၈၄၅) တန်ကို ပြည်ပသို့တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ (၆၀.၂၈၅) သန်း ရရှိခဲ့ပါသည်။ ရေထွက်ကုန်ပစ္စည်းများအား နိုင်ငံပေါင်း (၄၀)ကျော်သို့ တင်ပို့လျက်ရှိရာ ရေထွက်ကုန်ပစ္စည်းများ အစားအစာ ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် နိုင်ငံတကာမှ သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့်အညီ တင်ပို့နိုင်ရေးကို စစ်ဆေးဆောင်ရွက် လျက်ရှိပါသည်။ ရေထွက်ကုန်များကို ကဏ္ဍစုံမှ ထုတ်လုပ်နိုင်ခြင်းသည် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအထောက်အကူ ဖြစ်စေလျက်ရှိရာ ငါးလုပ်ငန်းနှင့်ပတ်သက်သည့် ပါဝင်ဆက်သွယ်သူများအားလုံး၏ လုံ့လဝီရိယဖြင့် ကြိုးပမ်းမှုများအပေါ် အသိ အမှတ်ပြုပါကြောင်း ဖော်ပြအပ်ပါသည်။

ချစ်ခင်လေးစားအပ်ပါသော တောင်သူလယ်သမားကြီးများခင်ဗျား

နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသူ တောင်သူ လယ်သမားများအနေဖြင့် တန်ဖိုးမြှင့်ထုတ်ကုန် ကွင်းဆက်တစ် လျှောက် ပါဝင်ပတ်သက်နေကြသူများ၊ အဖွဲ့အစည်းများနှင့် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်ပါသည်။ စိုက်ပျိုး မွေးမြူရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ၊ လိုအပ်သည့် စက်ကိရိယာအပါအဝင် သွင်းအားစုများ၊ စိုက်ပျိုးနည်းပညာများ ပြည့်စုံ လာပါက ထုတ်လုပ်မှုစွမ်းအားတိုးလာပြီး နိုင်ငံ့စီးပွားရေးပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါသည်။

စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် ကုန်ကြမ်းများမှ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး စဉ်းစား ဆောင်ရွက်ကြရန် လိုအပ်ပါသည်။ ထို့အပြင် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ဒေသတစ်ခု ထုတ်ကုန်တစ်မျိုး (ဥညန ျွနါငသည ဥညန ဏမသိကခအ) နှင့် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များနှင့် ဆက်စပ်နေသော အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME)ကိုလည်း အောင်မြင်အောင် မြှင့်တင်ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုပါသည်။ စိုက်ပျိုး မွေးမြူရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်လာခြင်းဖြင့် ပါဝင်ဆောင်ရွက်လျက်ရှိသော တောင်သူများ၊ လယ်ယာလုပ်သားများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ သီးနှံတန်ဖိုးကွင်းဆက်တစ်လျှောက် ပါဝင်ပတ်သက်ကြသူများအားလုံး အကျိုးကျေးဇူးကို မျှတစွာ ခံစားကြရမည် ဖြစ်သကဲ့သို့ နိုင်ငံစီးပွားရေးကိုလည်း အထောက်အကူပြုမည်ဖြစ်ပါသည်။

မိမိတို့နိုင်ငံသည် သဘာဝမြေသယံဇာတ၊ ရေသယံဇာတပေါကြွယ်၀ လျက်ရှိပြီး စိုက်ပျိုးမွေးမြူရေးအတွက် ပြောင်းလဲဖြစ်ပေါ် လာသော ရာသီဥတုအခြေအနေအပေါ်  မူတည်၍ လိုက်လျောညီထွေသော နည်းပညာများနှင့် ပေါင်းစပ်စိုက်ပျိုးမှုများပြုလုပ်ကာ၊ တောင်သူလယ်သမားတို့၏ ပေါင်းစည်းအင်အားဖြင့်၊ လယ်ယာကဏ္ဍအပါအဝင် နိုင်ငံတော်၏အမျိုးသားရေး အကျိုးစီးပွား ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့်တင်၍ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါသည်။ အခက်အခဲအကျပ်အတည်းများနှင့် ပြည်တွင်း၊ ပြည်ပကုန်သွယ်မှု ကန့်သတ်ချက်များရှိနေသည့်ကြားမှ ယခုကဲ့သို့ လယ်ယာထွက်ကုန်၊ တိရစ္ဆာန်ထွက်ပစ္စည်းများ၊ အရှိန်အဟုန်မပြတ် ထုတ်လုပ်တင်ပို့နိုင်သည်အထိ စွမ်းအားပြည့်ဆောင်ရွက်ပေးခဲ့ကြသော စားရေရိက္ခာ ထုတ်လုပ်ပေးကြသူ ကျေးဇူးရှင်တောင်သူလယ်သမားကြီးများကို  အစဉ်ဂုဏ်ပြုအပ်ပါကြောင်းနှင့် ပြည်ထောင်စုတစ်ဝန်းလုံးရှိ  တောင်သူလယ်သမားများ အပါအဝင် နိုင်ငံသားအားလုံး၏ ရေရှည်အကျိုးစီးပွားအတွက် မိမိတို့ ရင်ဆိုင် ကြုံတွေ့ကြရမည့် စိန်ခေါ်မှုများ၊ အတားအဆီးများနှင့် အခက်အခဲမှန်သမျှတို့ကို ကျော်လွှားပြီး ရည်မှန်းချက်ပန်းတိုင်အရောက် အတူလက်တွဲ ချီတက်ကြပါစို့ဟု အလေးအနက် တိုက်တွန်းလျက် သဝဏ်လွှာ ပေးပို့အပ်ပါသည်။   ။

  ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ 

                                    သတိုးသီရိသုဓမ္မမင်းအောင်လှိုင်

                              နိုင်ငံတော်ဝန်ကြီးချုပ်

                          ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ