စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

အမှတ်စဉ်(၆၉)

ဒါဆိုရင် မိမိတို့အိမ်နီးချင်းနိုင်ငံကြီးမှာ ထုတ်လုပ်နေတဲ့ ကုန်ပစ္စည်းတွေနဲ့ ထုတ်လုပ်မှုစရိတ်ကို မိမိတို့မီအောင် ဘယ်လိုမှ ပြိုင်လို့မရတော့ဘူးပေါ့။ တိုင်းတစ်ပါးက ဝင်လာတဲ့ပစ္စည်းတွေကို လမ်းဘေးမှာ ထိုင်ရောင်းနေရုံပဲရှိတော့မပေါ့။ ဈေးသည်နဲ့ ပွဲစားပေါတဲ့ နိုင်ငံပဲဖြစ်တော့မပေါ့။ ဒါဆိုရင် ပြည်ပပို့ကုန်မရှိလို့ ကုန်သွယ်ရေးလိုငွေပြပြီပေါ့။ နိုင်ငံခြားဝင်ငွေကလည်း ရစရာလမ်း မရှိတော့ဘူးပေါ့။ ကုန်သွယ်မှုအရှုံးပေါ်ပြီပေါ့။ ငွေကြေးဖောင်းပွတော့မှာပေါ့။ အလုပ်လက်မဲ့တွေ အများကြီး ပုံအောပေါ်လာ တော့မှာပေါ့။  ပြည်ပထွက်ပြီး  အောက်ကျနောက်ကျ အလုပ်တွေလုပ်ပြီး ငွေရှာသူများလာမှာပေါ့။ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ကာကွယ်ရေးအထိ မြှင့်တင်ဖို့ခက်ပြီပေါ့။ ပြည်တွင်းမှာ အလုပ်မရှိလို့ မြစ်ဖျား၊ ချောင်းဖျားတွေတက် ကျောက်သံပတ္တမြားတူး၊ မြစ်ကမ်းပါးကမြေတွေ  ရေဖျော်ချပြီး ရွှေကျင်၊ ရေဖျော်ပြီး မြေတွေကို မြစ်ထဲမျှောချနေတာတွေဟာ တစ်နေ့မှာ တစ်ပြည်လုံးက မြစ်/ချောင်းတွေ ရေကြီးရေလျှံဖြစ်တော့မှာပေါ့။ ဒါတွေကို ပြည်သူနားလည်အောင် ရှင်းပြတာလုပ်ဖို့လိုသလို တစ်ဖက်ကလည်း ရေအားလျှပ်စစ်ကို တကယ်လိုလိုချင်ချင်နဲ့ လုပ်ချင်တဲ့စိတ်လည်းမွေးဖို့ လိုတာပေါ့။ ပြည်သူရော ဒေသအာဏာပိုင်တွေပါ အသိရှိရှိပူးပေါင်းလိုက်ရင် ပြည်ပထွက်ပြီး အောက်ကျနောက်ကျလုပ်နေရတဲ့ မိမိတို့ ညီအစ်ကိုမောင်နှမ သုံးသန်းလောက် မကြာမီ ပြည်တွင်းပြန်လာပြီး အိုးမကွာအိမ်မကွာ အလုပ်အကိုင်တွေ လုပ်လို့ရပြီပေါ့။ နိုင်ငံရဲ့ ကုန်ထုတ်လုပ်မှုတက်လာပြီပေါ့။ စီးပွားရေးလည်း တက်လာပြီပေါ့။ ဆုံးဖြတ်ချက်လွဲရင် ခံစားကြရမှာတွေကိုတော့ အခန်းတစ်ခုနဲ့ နောက်ပိုင်းမှာ သီးခြား ရေးသား ဖော်ပြထားပါတယ်။

အခန်း ( ၂၁ )

ကမ္ဘာကြီးပူနွေးလာမှုနဲ့ လျှပ်စစ်ကဏ္ဍ

စွမ်းအင်တွေအကြောင်းပြောရင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို ဦးစားပေးပြောရမှာပါ။ ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေးနဲ့ နျူကလီးယားတွေဟာ အားလုံးတွင်းထွက်ပစ္စည်းတွေဖြစ်တဲ့အတွက် အချိန်တန်ရင်ကုန်ဆုံးသွားကြမယ့် စွမ်းအင်တွေဖြစ်လို့ နောက် မျိုးဆက်ပေါင်းများစွာအတွက် ချင့်ချင့်ချိန်ချိန် သုံးစွဲကြရမှာပါ။

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (Renewable Energy) (RE)တွေထဲမှာ ကုန်ဆုံးတယ်လို့မရှိ၊ သဘာဝအလျောက် အသစ်အသစ်တွေ ပြန်လည်ဖြစ်ထွန်းနေကြတာတွေလည်းပါသလို လူက စိုက်ပျိုး၊ မွေးမြူရေးပြုလုပ်ပြီးရလာတဲ့ ကုန်ကြမ်းကိုသုံးစွဲပြီး  ထုတ်လုပ်ရတဲ့ စွမ်းအင် (Bioenergy) တွေလည်းပါပါတယ်။

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (Renewable Energy) (R.E) ထဲမှာပါတဲ့ စွမ်းအင်အမျိုးအစားတွေကတော့ -

-           Hydropower

-           Solar Photovotaics (PV)

-           Concentrated Solar Power (CSP)

-           Wind

-           Marine (tide and wave)

-           Bioenergy

-           Geothermal စတာတွေ ပါဝင်ပါတယ်။

ဒီနေ့ကမ္ဘာမှာ အများဆုံးသုံးစွဲနေတာကတော့ -

-           Hydropower

-           Solar Photovotaics (PV)

-           Wind

-           Biofuel စတဲ့လေးမျိုးပါပဲ။

ဒီလေးမျိုးနဲ့ Fossil Fuel လို့ခေါ်တဲ့ တွင်းထွက်လောင်စာစွမ်းအင်တွေကို ရောနှောအသုံးပြုခြင်းဖြင့် စွမ်းအင်ဖူလုံမှုကို ပိုမိုရှည်ကြာ တည်တံ့စေခြင်း၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုလျှော့ချနိုင်ခြင်း၊ လူသားတွေရဲ့ ကျန်းမာရေးကို ပိုမိုကောင်းမွန်အောင် ပံ့ပိုးနိုင်ခြင်း အပြင် နောက်ဆုံးမှာ လူသားတွေရဲ့ အသက်ရှင်ရပ်တည်ရေးနဲ့ စားဝတ်နေရေးအထိ ပံ့ပိုးပေးနိုင်ပါတယ်။ ယနေ့ပညာရှင်များ အများဆုံး သတိပေးနေတာကတော့ မှန်လုံအိမ်ဓာတ်ငွေ့လို့ခေါ်တဲ့ Green House Gas (GHG) ထွက်ရှိနေမှုကို မဖြစ်မနေ လျှော့ချဖို့ ရာမှာ ဒီ RE ကိုထည့်သွင်းမသုံးလို့မဖြစ်တဲ့ အခြေအနေကိုရောက်နေပါပြီ။

ကမ္ဘာကြီးပူနွေးမှုနဲ့ ဓာတ်ငွေ့များ

ကမ္ဘာကြီးကို အပူအအေးမျှတစေဖို့ ထိန်းပေးနေတာကတော့ မှန်လုံအိမ်ဓာတ်ငွေ့ (Green House Gas-GHG) ပါပဲ။ GHG ထဲမှာ အဓိကပါဝင်တဲ့ ဓာတ်ငွေ့တွေကတော့-

ရေခိုးရေငွေ့၊ ကာဗွန်ဒိုင်အောက်ဆိုဒ် (CO2)၊ မီသိန်း (CH4)၊ အိုဇုန်း (O3)၊ နိုက်ထရပ်အောက်ဆိုဒ် (N2O)၊  နိုက်ထရိုဂျင်အောက်ဆိုဒ် (NOx)၊ ဟိုက်ဒရိုကာဗွန် (CHs)၊ ကာဗွန်မိုနောက်ဆိုဒ် (CO) စသည်တို့ အသီးသီးပဲဖြစ်ပါတယ်။

အများသိထားတာက ကာဗွန်ဒိုင်အောက်ဆိုဒ်ကြောင့် ကမ္ဘာကြီးပူနွေးလာတယ်လို့ သိနေကြပါတယ်။ ဒါပေမဲ့ အမှန်တကယ်မှာ မီသိန်းသည် ကာဗွန်ဒိုင်အောက်ဆိုဒ်ထက် ၂၁ ဆ၊ နိုက်ထရပ်အောက်ဆိုဒ်ဟာ ကာဗွန်ဒိုင်အောက်ဆိုဒ်ထက်အဆ ၃၀၀ ပိုပြီး ပူနွေးအောင် စွမ်းဆောင်နေတာ ဖြစ်ပါတယ်။ ထွက်နေတဲ့ဓာတ်ငွေ့အားလုံးကို ပြင်းအားညှိပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်အဖြစ်သာ တစ်မျိုးတည်းပေါင်းပြီး ပြောဆိုနေကြတာကိုလည်း သိထားဖို့လိုတယ်။                  

ဆက်လက်ဖော်ပြပါမည်။