(၆၁)နှစ်မြောက် တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် တာတိုက်ရေထိန်းတံခါး ဖွင့်ပွဲကျင်းပ

 (၆၁)နှစ်မြောက် တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် တာတိုက်ရေထိန်းတံခါး ဖွင့်ပွဲကျင်းပ

ရန်ကုန်  မတ်  ၂

(၆၁)နှစ်မြောက် တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ တည်ဆောက်ခဲ့သည့် တာတိုက်ရေထိန်း တံခါးဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် တာတိုက်ကျေးရွာရှိ အဆိုပါရေထိန်း တံခါး၌ ကျင်းပသည်။

ရှေးဦးစွာ   ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကား ပြောကြားရာ တာတိုက်ကျေးရွာအုပ်စုတွင် တာတိုက်ရေထိန်းတံခါး ၆ ပေ၊ ၈ ပေ (၅)ပေါက်တစ်လုံးအား ဒေသတွင်း နွေစပါး၊ နေကြာသီးနှံများနှင့် အခြားစိုက်ပျိုး သီးနှံများအား တစ်သီးစားသာမက သီးထပ်စိုက်ပျိုးနိုင်ရန်၊ ဒေသတွင်းသာယာဝပြောရေး၊ စားနပ်ရိက္ခာ ပေါများဖူလုံစေရေးနှင့် တောင်သူလယ်သမားများ ဝင်ငွေတိုးတက်စေရေးရည်ရွယ်၍ တည်ဆောက် ဖွင့်လှစ်ပေးခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး အတွင်း ချောင်းကော၊ မြောင်းကော၊ ရေနုတ်မြောင်း တူးဖော်ခြင်း၊ ရေတံခါးတည်ဆောက်ခြင်းနှင့် ပြုပြင်ခြင်း၊ တာတမံပြုပြင်ခြင်း၊ လျှပ်စစ်မြစ်ရေတင် လုပ်ငန်း စုစုပေါင်း ၁၁၈ ခုအား တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့၍ စိုက်ပျိုးရေ ပိုမိုရရှိလာကာ ယခင်နွေစပါး ၁၈၆၁၃၉ ဧကခန့်  စိုက်ပျိုးနိုင်သော်လည်း    ယခု ၂၀၆၈၇၃ ဧက  ပိုမိုတိုးချဲ့ စိုက်ပျိုးနိုင်ခဲ့ပြီး ၁၀၁၄၇၇၆ ဧကတို့အား မိုးစပါးအောင်ရေ ပေးဝေနိုင်ခြင်း၊ ဒေသတွင်းရေကြီး နစ်မြုပ်မှုမှ ကာကွယ်ခြင်းနှင့် ရေငန်ဝင်ရောက်မှုတို့မှ တားဆီး ကာကွယ်ပေးနိုင်ခဲ့ကြောင်း၊ ရန်ကုန်မြစ်အတွင်းသို့ စီးဆင်းနေသည့် တာတိုက်ချောင်းပေါ်တွင် ရေထိန်းတံခါး တည်ဆောက် ပေးခြင်းဖြင့် ကော့မှူးမြို့နယ် တာတိုက်ကျေးရွာရှိ လယ်ယာမြေဧက ၁၈၀၀ အပါအဝင် သမင်ခြံကျေးရွာ၊ ထန်းတပင်ကျေးရွာတို့ရှိ လယ်ယာမြေများ နှစ်စဉ်ရေကြီးနစ်မြုပ်၍  ပျက်စီးဆုံးရှုံးမှုကို ကာကွယ်ပေးနိုင်ကြောင်း၊ ရေငန်နှင့်နီးစပ်သော ဒေသဖြစ်သည့်အတွက်   ရေချိုရှားပါးခြင်းကြောင့်  ရေချိုသိုလှောင်ထားရှိနိုင်ပြီး ဒေသအတွက် အဘက်ဘက်မှ အကျိုးကျေးဇူးများ ဖြစ်ထွန်းရရှိစေနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက်   ရေတံခါးအား တာတိုက်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ဒေသခံပြည်သူများ စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရေထိန်းတံခါးအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြပြီး ဒေသခံ ပြည်သူများအား  ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်ခဲ့ကြောင်း သိရသည်။