ရခိုင်ပြည်နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေး ဆောင်ရွက်သွားရန် မှာကြား

ရခိုင်ပြည်နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေး ဆောင်ရွက်သွားရန် မှာကြား

နေပြည်တော်  မတ်  ၂

    စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည်  ဖေဖော်ဝါရီ ၂၇ ရက် ညနေပိုင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဧည့်ရိပ်သာခန်းမ၌  ရခိုင်ပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ ဥက္ကဋ္ဌ စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်နှင့် အဖွဲ့ဝင်များကို လက်ခံတွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံစဉ်  ရခိုင်ပြည်နယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ရခိုင်ပြည်နယ်MSME အေဂျင်စီကို ဖွဲ့စည်းထားပြီးဖြစ်၍  အေဂျင်စီဥက္ကဋ္ဌက ဦးဆောင်ပြီး ပြည်နယ်တွင်း အသေးစား၊  အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေး ဆောင်ရွက်သွားရန်၊  နိုင်ငံတော် ဝန်ကြီးချုပ်၏  ခရီးစဉ် လမ်းညွှန်ချက်များ၊ MSME  လုပ်ငန်းရှင်များ၏ တင်ပြဆွေးနွေးချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးရန်၊ MSME လုပ်ငန်းများအား  စနစ်တကျ မှတ်ပုံတင်နိုင်ရေး ဆောင်ရွက်ရန်နှင့် လိုအပ်ချက်များကိုလည်း  ဗဟိုအေဂျင်စီသို့ တင်ပြဆောင်ရွက်သွားရန် မှာကြားသည်။

ထို့နောက် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်က MSME  လုပ်ငန်းများအတွက် လိုအပ်သော  သတင်းအချက်အလက်များ လျင်မြန်စွာ သိရှိနိုင်ရေးအတွက် MSME Web Portal  ကို ရှင်းလင်းဆွေးနွေးသည်။

ဖေဖော်ဝါရီ ၂၈ ရက် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကျောက်ဖြူ မြို့ရှိ ခရိုင်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနသို့ရောက်ရှိပြီး ခရိုင်ဦးစီးဌာနမှူးက ဝန်ထမ်းအင်အား အခြေအနေ၊ စက်မှုမှတ်ပုံတင် လက်မှတ်များ   ထုတ်ပေးခဲ့မှု၊ အသေးစား၊  အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပံ့ပိုးကူညီ ဆောင်ရွက်ပေးနေမှုတို့ကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်မှ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အားပေးဆောင်ရွက်လျက်ရှိသဖြင့် ပြည်နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးပြီး ရေရှည်ရပ်တည်နိုင်အောင် အားသွန်ခွန်စိုက်ကြိုးစား ဆောင်ရွက်ပေးရန်နှင့်  စီးပွားရေး လုပ်ငန်းရှင်များ၏ အခက်အခဲများကို   အချိန်နှင့်တစ်ပြေးညီ သိရှိကူညီဖြည့်ဆည်းပေးနိုင်ရေး အတွက် လုပ်ငန်းခွင် အရောက်မြေပြင် ကွင်းဆင်းဆောင်ရွက်ရန်၊ လုပ်ငန်းရှင်များ၏ အခက်အခဲများကို ကူညီဖြေရှင်းပေးနိုင်ရေး အတွက် ဝန်ထမ်းတစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်များကိုလည်း မြှင့်တင်ထားရန် လိုအပ်သလို ဝန်ထမ်းများကလည်း ကိုယ်ပိုင်အရည်အချင်းများ မြင့်တက်လာအောင် အစဉ်အမြဲလေ့လာ သင်ယူသွားကြရန် မှာကြားပြီး ဝန်ထမ်းများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍   ဝန်ထမ်းများ၏ တင်ပြချက်များကို ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။