ဧရာဝတီတိုင်းဒေသကြီး၏ လယ်ယာထွက်ကုန်များကို တန်ဖိုးမြင့် စားသောက်ကုန်ချောများအဖြစ် ထုတ်လုပ်တင်ပို့ ရောင်းချနိုင်ရေး စီမံဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၏ လယ်ယာထွက်ကုန်များကို တန်ဖိုးမြင့် စားသောက်ကုန်ချောများအဖြစ် ထုတ်လုပ်တင်ပို့ ရောင်းချနိုင်ရေး စီမံဆောင်ရွက်

ပုသိမ်  မတ်  ၂

    ဧရာဝတီတိုင်းဒေသကြီး၏ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများနှင့် လယ်ယာထွက်ကုန် အခြေခံတန်ဖိုးမြင့်  စားသောက်ကုန်ချော ထုတ်လုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို   ယမန်နေ့ မွန်းလွဲပိုင်းက ပုသိမ်မြို့ရှိ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲသို့  ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဒေါက်တာအောင်ကြီး၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းအဆင့်  ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံရေးနှင့်  ပြည်ပပို့ကုန်တိုးတက်ရေး အတွက် စိုက်ပျိုးမြေတစ်ဧကချင်း ထုတ်လုပ်မှုတိုးမြှင့်ရေး၊ မျိုး၊ သွင်းအားစုနှင့် နည်းပညာ ဖြန့်ဝေခြင်း လုပ်ငန်းများတွင် ပုဂ္ဂလိကပိုင်းနှင့် အကျိုးဆောင်တောင်သူများ၏ ပူးပေါင်းဆောင်ရွက်မှုအားကို  ထိထိရောက်ရောက် အသုံးပြုနိုင်ရေး၊ လယ်ယာထွက်ကုန်များကို တန်ဖိုးမြင့် စားသောက်ကုန်ချောများအဖြစ် ထုတ်လုပ်တင်ပို့ ရောင်းချနိုင်ရေး   စီမံဆောင်ရွက်ပြီး လုပ်ငန်းကွင်းဆက် တစ်လျှောက်တွင် ပါဝင်ပတ်သက်သူအားလုံး  အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေတိုးတက် ရရှိစေရေး  စီမံဆောင်ရွက်ရန် ကိစ္စရပ်များ၊ တန်ဖိုးမြင့်ကုန်ချောထုတ် လုပ်ငန်းများ ဖွံ့ဖြိုးလာရေးအတွက် ရိတ်သိမ်းချိန်လွန် နည်းပညာ ကျယ်ကျယ်ပြန့်ပြန့် အသုံးချနိုင်ရေးနှင့် ပုဂ္ဂလိကကဏ္ဍ၏ ရင်းနှီးမြှုပ်နှံမှု တိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲအပြီးတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် တာဝန်ရှိသူများသည် ညောင်တုန်းမြို့နယ်ရှိ ထိပ်တန်းနို့စားနွား မွေးမြူရေးခြံ၌ နို့စားနွားမွေးမြူရေး လုပ်ငန်း၊ နို့ပေါင်းစက်နှင့် တိရစ္ဆာန်အစာပင် သရုပ်ပြစိုက်ခင်းများ၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနနှင့် ပူးပေါင်း၍ School Milk Program ဖြင့် ငှားယူထားသော ပေါင်းခံစက်ဖြင့် အသင့်သောက်  နို့ပေါင်းခံ ထုတ်လုပ်နေမှုတို့ကို ကြည့်ရှုအားပေးပြီး လိုအပ်ချက်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။