စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

အမှတ်စဉ်(၇၀)

ယခင်ကမ္ဘာနဲ့ ယနေ့ကမ္ဘာ

လူသားတွေအတွက် ရာသီဥတုမျှတအောင် သဘာဝက ဖန်တီးပေးထားမှုကို ပြောင်းလဲစေမယ့် CO2 ထုတ်လွှတ်မှု တိုးလာစေတဲ့ အကြောင်းတွေကတော့ -

(က)  ရုပ်ကြွင်းလောင်စာ (Fossil Fuel) များကို ပိုမိုသုံးစွဲလာမှု

(ခ)   သစ်တောများ ခုတ်ထွင်ရှင်းလင်းမှုနှင့် လောင်စာအဖြစ်သုံးစွဲမှု

(ဂ)   တိရစ္ဆာန်မွေးမြူရေးခြံများ တိုးပွားလာမှု

(ဃ)  ဓာတုစွန့်ပစ်ပစ္စည်းများ များပြားလာမှု

စတဲ့အချက်လေးချက်က အဓိကပဲဖြစ်တယ်။ ဒီအချက်တွေကို အနည်းငယ်ပြန်ရှင်းပြရရင်-

လွန်ခဲ့တဲ့နှစ်ပေါင်း လေးသိန်းလောက်ကစပြီး ၁၇၅၀ ပြည့်နှစ်နောက်ပိုင်း စက်မှုတော်လှန်ရေးကာလမတိုင်မီထိ ကမ္ဘာ့ပျမ်းမျှ အပူချိန်ဟာ ၅၆ ဒီဂရီဖာရင်ဟိုက် (၁၃ ဒသမ ၃ ဒီဂရီစင်တီဂရိတ်)ခန့်မှာ တည်တံ့နေခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၁၆ ခုနှစ်လောက်ရောက်တဲ့အခါ အပူချိန်ဟာ ၁၄ ဒသမ ၈၄ ဒီဂရီစင်တီဂရိတ်ထိ မြင့်တက်လာနေပြီဖြစ်ပါတယ်။ စက်မှုတော်လှန်ရေးကာလမတိုင်မီကထက် ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ်ခန့် တိုးလာတယ်လို့ဆိုရပါမယ်။ ရုတ်တရက်ကြည့်ရင် နှစ်ပေါင်း ၂၆၀ ကျော်မှာ ဒီလောက်ပဲတိုးတာ ဘာများလို့လဲ ပြောစရာရှိပါတယ်။

IPCC (Intergovernment Panel on Climate Change) ဆိုတဲ့ အဖွဲ့ကြီးက ၁၈၈၀ ပြည့်နှစ်ကနေ ၂၀၁၂ ခုနှစ်ထိ နှစ်ပေါင်း ၁၃၀ ကျော် အတွင်း သုည ဒသမ ၈၅ စင်တီဂရိတ် တိုးလာတယ်ဆိုတာ အခိုင်အမာတင်ပြနိုင်တာကိုလည်း တွေ့ရပါတယ်။ ဒီလိုဖြစ်လာ တာဟာ လူသားတွေက လူ့ဘောင်ဖွံ့ဖြိုးရေးအတွက် တီထွင်ကြံဆလုပ်ဆောင်မှုနဲ့ စားဝတ်နေရေးအတွက် သဘာဝပတ်ဝန်းကျင်ကို ပိုပြီးထိခိုက်အောင် လုပ်လာလို့ဆိုတာ ထင်ရှားနေတဲ့ကိစ္စပါ။ ကမ္ဘာကြီးပူနွေးလာဖို့ အကြောင်းဖန်ခဲ့တာ အများစုဟာ လူသား အကျိုးပြု တီထွင်ကြံဆမှုတွေကနေ ဘေးထွက်ဆိုးကျိုးတွေဖြစ်ခဲ့တာလို့ ပြောရင်တောင်ရပါတယ်။ အများစုတီထွင်ကြံဆသူတွေဟာ လည်း အင်္ဂလန်၊ ပြင်သစ်၊ အမေရိကန်၊ စပိန်၊ ဂျာမနီနဲ့ ဥရောပနိုင်ငံတွေက အဓိကပါပဲ။ ဒါကြောင့်လည်း သူတို့နိုင်ငံတွေဟာ စောစောဖွံ့ဖြိုးပြီး စောစောချမ်းသာခဲ့ကြတာပဲဖြစ်ပါတယ်။

တီထွင်မှုတွေထဲက အရေးကြီးတဲ့ကိစ္စတွေကို ဖော်ပြရရင် ၁၇၈၈ ခုနှစ်မှာ ဟင်နရီလောဆိုသူက သံရိုင်းကို သံချောင်း၊ သံပြားတွေ ဖြစ်အောင် တီထွင်လိုက်တယ်။ သူ့သံရိုင်းကို အရည်ကျိုဖို့၊ သန့်စင်ဖို့အတွက် ကျောက်မီးသွေးနဲ့အပူပေးတဲ့ အရည်ကျို ပုံလောင်းနည်း ကို   အဘရာဟင်ဒါဘီဆိုသူက  ထပ်ဆောင်းတီထွင်ပေးလိုက်တယ်။  ကမ္ဘာကြီးဖွံ့ဖြိုးမှုအစဟာ ဒီသံရိုင်းကို သန့်စင်အရည်ကျိုတဲ့ လုပ်ငန်းစဉ် အောင်မြင်သွားရာက စခဲ့တာပါပဲ။ သံချောင်းတွေ၊ သံပြားတွေရလာပြီဆိုတော့ ကျန်တာတွေဆက် ပြီး တီထွင်ကြပြန် တယ်။ ဂျိမ်းဝပ်ဆိုသူက ရေနွေးငွေ့သုံးအင်ဂျင်ကို တီထွင်လိုက်တယ်။ ၁၈၀၁ ခုနှစ်မှာ သတ္တုတွင်းအင်ဂျင်နီယာ ရစ်ချက်ထရီဗီးသစ်ခ် က ဂျိမ်းဝပ်ရဲ့ ရေနွေးငွေ့သုံးအင်ဂျင်ကိုသုံးပြီး ရိုးရိုးလမ်းပေါ်သွားတဲ့မီးရထားကို တီထွင်လိုက်ပြန်တယ်။  ၁၈၀၄ ခုနှစ်ကိုရောက်တော့ ရထားလမ်းပေါ်ပြေးတဲ့ရထားအဖြစ် ပြောင်းလိုက်တယ်။ ဒီလိုပြောင်းလိုက်တဲ့အတွက် သံမဏိရထားလမ်းသံဘောင်တွေ အများကြီး လိုလာပြန်တယ်။ ၁၈၂၅ ခုနှစ်ရောက်တော့ လူအများစီးလို့ရတဲ့ ရထားတွေအဖြစ် ကမ္ဘာ့နိုင်ငံအသီးသီးကို အမြောက်အမြား ထုတ်လုပ် တင်ပို့ကြပြန်တယ်။

ကုန်းပေါ်မှာ ရထားတီထွင်တဲ့လူရှိသလို ရေထဲမှာသွားတဲ့ ကျောက်မီးသွေးလောင်စာနဲ့မောင်းတဲ့ ရေနွေးငွေ့အင်ဂျင်တပ်ထားတဲ့ မီးသင်္ဘောကို ၁၇၈၃ ခုနှစ်မှာ ပြင်သစ်က စတင်လိုက်တယ်။ ၁၈၁၉ ခုနှစ်ရောက်တော့ အတ္တလန္တိတ်သမုဒ္ဒရာကိုပါဖြတ်ပြီး မောင်းပြ လိုက်တယ်။

ပထမအဆင့် ရိုးရိုးသံချောင်း၊ သံပြားတွေ ထုတ်လုပ်သုံးစွဲနေရာကနေ ၁၈၅၆ ခုနှစ်ရောက်တော့ အင်္ဂလိပ်လူမျိုး အင်ဂျင်နီယာ တစ်ဦးကပဲ သံမဏိထုတ်လုပ်မှုနည်းပညာကို တီထွင်လိုက်ပြန်တယ်။ သံမဏိတီထွင် ထုတ်လုပ်နိုင်တဲ့အချိန်ကစပြီး ကမ္ဘာကြီးဟာ သိသိသာသာတိုးတက်မှု ပြောင်းသွားခဲ့တယ်။ တစ်ဖက်ကလည်း ကျောက်မီးသွေးသုံးစွဲမှု သိသိသာသာများပြားလာတယ်။ သံမဏိ တူးဖော်ရေးလုပ်ငန်းမိုင်းတွေကို  ပိုမိုတူးဖော်လာပြီး  သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေ  ပိုများလာတယ်။ ကျောက်မီးသွေး မီးရှို့သုံးစွဲ သွားလာရတဲ့ ရထားတွေ၊ သင်္ဘောတွေဟာ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တစ်ခုလုံးကို မီးခိုးမှိုင်းတိုက်နေသလို ဖြစ်လာပြန်တယ်။ ဘယ်လောက်ထိ ဖြစ်သွားသလဲဆိုရင် လမ်းပေါ်မှာ တာဝန်ကျတဲ့ စည်းကမ်းထိန်းပေးရတဲ့ ရဲတပ်ဖွဲ့တို့၊ လုံခြုံရေးတို့၊ ယာဉ်ထိန်းတို့ ဆိုရင် မီးခိုးဒဏ်မခံနိုင်လို့ တစ်နာရီတစ်ခါလောက် တာဝန်ချိန်သတ်မှတ်ပြီး လူလဲပေးနေရတဲ့အဖြစ် ရောက်သွားတယ်။ ဒါကို သူတို့အစိုးရသိတော့ အင်္ဂလိပ်ကိုလိုနီနယ်တွေမှာ သံရိုင်းတူး၊ အဲဒီနိုင်ငံမှာပဲ သံမဏိချက်လုပ်ပြီး ကမ္ဘာအရပ်ရပ်ကို တင်ပို့တဲ့ အလုပ်ဘက်ကို  ပြောင်းပေးလိုက်တယ်။ သူ့စီးပွားရေးသမားတွေ တစ်ကမ္ဘာလုံးအနှံ့ရောက်ကုန်ပြီး သန့်စင်တဲ့သံမဏိ ထုတ်လုပ်ပြီးမှ ကုန်ချောကို လိုတဲ့နေရာပို့တဲ့အလုပ်ကို လုပ်ကြတော့တယ်။ ကျောက်မီးသွေးစတင်သုံးစွဲခဲ့စဉ်က ဘေးထွက်ဆိုးကျိုးထိန်းတဲ့ ကိရိယာ မပါဘဲ သုံးစွဲခဲ့ကြတာပါ။ လျှပ်စစ်ထုတ်တဲ့စက်ရုံတွေမှာတော့ အခိုးအငွေ့ထိန်းချုပ်တဲ့ကိရိယာတွေ တပ်ဆင်အသုံးပြုနိုင်လာပါပြီ။ ဒါပေမဲ့ သံရည်ကျိုလုပ်ငန်းနဲ့ တခြားစက်မှုလုပ်ငန်းတွေမှာတော့ ဒီကိရိယာတွေ ပြည့်စုံအောင် မတပ်ဆင်နိုင်ကြသေးပါဘူး။

တွင်းထွက် ရေနံဆိုတာ မတူးဖော်တတ်မီတုန်းက လူသားတွေဟာမြေပေါ်မှာတွေ့တဲ့ ရေနံစိမ်းကိုမီးရှို့ပြီး အလင်းရောင်ပေးတဲ့ အလုပ်၊ အပူပေးတဲ့ အလုပ်လောက်သာ သုံးနိုင်ကြတယ်။

ဆက်လက်ဖော်ပြပါမည်။