ပွင့်ဖြူမြို့နယ်၌ ဆောင်းကြက်သွန်နီများ စတင်နုတ်သိမ်းလျက်ရှိကာ တစ်ဧကလျှင် ပိဿာချိန် ၅၀၀၀ ခန့်ထွက်ရှိ

ပွင့်ဖြူမြို့နယ်၌ ဆောင်းကြက်သွန်နီများ စတင်နုတ်သိမ်းလျက်ရှိကာ တစ်ဧကလျှင် ပိဿာချိန် ၅၀၀၀ ခန့်ထွက်ရှိ

ပွင့်ဖြူ၊ စိုက်ပျိုးစီးပွား

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ ဆောင်းကြက်သွန်နီများ စတင်နုတ်သိမ်းလျက်ရှိကာ တစ်ဧကလျှင် ပိဿာချိန် ၅၀၀၀ ခန့် ထွက် ရှိကြောင်း ပွင့်ဖြူမြို့နယ် အနောက်လေးအိမ်ကျေးရွာမှ ဒေသခံတောင်သူများ၏ ပြောပြချက်အရ သိရသည်။

“ကျွန်တော်တို့ဒေသမှာ ကြက်သွန်နီကိုစီးပွားဖြစ်စိုက်ပျိုးကြတယ်။ ကြက်သွန်နီကို မိုးရာသီနဲ့ဆောင်းရာသီမှာ အားထားစိုက်ပျိုး ကြပါတယ်။ ကြက်သွန်နီ တစ်ဧကစိုက်ပျိုးရင် အနည်းဆုံး ငွေကျပ် ၁၀ သိန်းဝန်းကျင် ကုန်ကျစရိတ်ရှိပါတယ်။ အခုဆိုရင် ဆောင်း ကြက်သွန်နီတွေ စတင်နုတ်သိမ်းနေကြပြီ ဖြစ်ပါတယ်။ အထွက်နှုန်းလည်း ကောင်းပါတယ်။ တစ်ဧကကို ကြက်သွန်နီပိဿာချိန်  ၅၀၀၀ လောက် ထွက်ရှိပါတယ်” ဟု တောင်သူ ဦးခင်မောင်ဇော်က ပြောသည်။

ပွင့်ဖြူမြို့နယ်၌ ကြက်သွန်နီစိုက်ပျိုးရေးလုပ်ငန်းကို မဲဇလီကျေးရွာ၊ ဆည်တော်ကျေးရွာ၊ ကြူဝန်းကျေးရွာ၊ အနောက်လေးအိမ် ကျေးရွာ၊ ထန်းတောကျေးရွာ၊ ညောင်ပင်ဝိုင်းကျေးရွာ၊ ထူးပေါက်ကျေးရွာ၊ ကျွဲခြံကျေးရွာ၊ လယ်မကျေးရွာနှင့် မုန်းချောင်းဘေး တစ်လျှောက်ရှိ ကျေးရွာများ၌ အများဆုံး လုပ်ကိုင်ကြကြောင်း သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)