မကွေးခရိုင် ကျေးလက်နေပြည်သူများ အတွက် ကျေးလက်လမ်း၊ တံတားလုပ်ငန်းများ အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ခဲ့

မကွေးခရိုင် ကျေးလက်နေပြည်သူများ အတွက် ကျေးလက်လမ်း၊ တံတားလုပ်ငန်းများ အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ခဲ့

မကွေး  မတ်  ၂

    မကွေးခရိုင်အတွင်းရှိ ကျေးရွာ ၁၂၈၆ ရွာတွင် နေထိုင်သည့် ပြည်သူ  ၁၁၈၆၄၈၉ ဦးကို အကျိုးပြုနိုင်ရန်အတွက် မကွေးခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနသည် ခရိုင်အတွင်းရှိ  ကျေးလက်လမ်း၊ တံတားလုပ်ငန်းများကို အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ခဲ့ကြောင်း မကွေးခရိုင် ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။

“မကွေးခရိုင်အတွင်းမှာရှိတဲ့   ကျေးရွာ ၁၂၈၆ ရွာမှာရှိတဲ့ ပြည်သူ ၁၁၈၆၄၈၉ ဦးကို အကျိုးပြုနိုင်ဖို့ အဓိက ရည်ရွယ်ဆောင်ရွက်နေတာပါ။ အခုဘဏ္ဍာနှစ်မှာ ဆောင်ရွက်ခဲ့တဲ့ လမ်းနဲ့တံတားတွေကြောင့် ခရိုင်အတွင်းမှာ ကျေးလက်လမ်း၊   တံတားတွေ တိုးတက်မှုအနေနဲ့   ရာသီမရွေး သွားလာနိုင်တဲ့ ကွန်ကရစ်၊ ကတ္တရာလမ်း  ၁ ဒသမ ၁၉ ရာခိုင်နှုန်း၊ အမာခံကျောက်ချောလမ်း  ၅ ဒသမ ၅၇ ရာခိုင်နှုန်း ၊ ဂဝံ/မြေနီလမ်း  ၇၂ ဒသမ ၉၅ ရာခိုင်နှုန်းနဲ့ လှည်းလမ်း ၂၀ ဒသမ၂၉ ရာခိုင်နှုန်းရှိလာမှာ ဖြစ်ပါတယ်။လမ်းတွေကတော့ အမျိုးမျိုးရှိပါတယ်။ အဓိကတော့ ကျေးလက်ဒေသပြည်သူတွေ ရာသီမရွေး သွားလာအသုံးပြုနိုင်တဲ့ လမ်းတွေဖြစ်အောင် ဘဏ္ဍာနှစ်အလိုက် နှစ်စဉ်အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိပါတယ်”ဟု  မကွေးခရိုင် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူးက ပြောကြားသည်။

၂၀၂၂-၂၀၂၃  ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု၊ တိုင်းဒေသကြီး ငွေလုံးငွေရင်း၊ ဖြည့်စွက်၊ ပြင်^ထိန်း၊ အရေးပေါ်၊ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကျပ် ၂၃၉၂ ဒသမ ၇၁၈ သန်းဖြင့် ကတ္တရာလမ်း  ဝ/၂ ဒသမ ၅၆ မိုင်၊ ကျောက်ချောလမ်း ၂/၀ မိုင်၊ ဂဝံ/မြေနီ  ၂၂/၄ ဒသမ ၆၇ မိုင်နှင့် ကွန်ကရစ်တံတားငါးစင်း၊ ရေကျော်ကိုးစင်း၊ Box Culvert  အစင်း ၅၀ နှင့် အခြားလုပ်ငန်း ၁၃ ခုကို အဆင့်မြှင့်တင်  ဆောင်ရွက်လျက်ရှိပြီး ကျေးလက်လမ်းတံတားများ ရေရှည်တည်တံ့စေရန် အတွက် လမ်းမိုင် ၁၇/၄ ဒသမ ၄ အား ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

မကွေးခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနသည် ကျေးလက်လမ်း၊ တံတားများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေး၊  ကျေးလက် ထုတ်ကုန်များ ကုန်ကျစရိတ် သက်သာစွာဈေးကွက်သို့   အမြန်ဆုံးရောက်ရှိရေး၊ ကျေးလက်နေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကိစ္စရပ်များအတွက် ကျေးလက်လမ်း ကွန်ရက်များ အသုံးပြု၍ အမြန်ဆုံး  ဆက်သွယ် သွားလာနိုင်ရေး၊ ကျေးလက်ဒေသဆင်းရဲမှု လျှော့ချရေးနှင့် ကျေးလက်နှင့်မြို့ပြကွာဟမှု လျော့နိုင်ရေး အတွက် ကျေးလက်လမ်း၊ တံတားများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံရှိ ကျေးရွာများအားလုံး ၈၀ ရာခိုင်နှုန်းနှင့် နိုင်ငံတွင်းရှိ  ကျေးလက်လူဦးရေ၏ ၉၀ ရာခိုင်နှုန်းအပေါ် ရာသီမရွေး သွားလာနိုင်သော ကျေးလက်လမ်းများ အဖြစ် အသုံးပြုနိုင်ရန် ရေးဆွဲထားသည့်  ကျေးလက်လမ်း ဖွံ့ဖြိုးရေး မဟာဗျူဟာအရ မကွေးခရိုင် အတွင်းရှိ ကျေးလက်လမ်း၊ တံတားလုပ်ငန်းများအား   နှစ်စဉ်အဆင့်မြှင့်တင်နိုင်ရေး အတွက်   ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း မကွေးခရိုင် ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။

မကွေးခရိုင် ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာနအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင်လည်း ကျေးလက်လမ်း၊ တံတားများ  အကောင်အထည်ဖော် ဆောင်ရွက် ရန်အတွက် လုပ်ငန်းလျာထားခြင်းများကို ဆောင်ရွက်လျက်ရှိပြီး အဆိုပါ လျာထား လုပ်ငန်းများ အတွက်   မြေစမ်းသပ်ခြင်း၊ ဒီဇိုင်းတင်ပြ တောင်းခံထားခြင်း၊  မြေပြင်ကွင်းဆင်း ဆောင်ရွက်ခြင်းစသည့် အကြိုအင်ဂျင်နီယာ လုပ်ငန်းများအား ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရှိရသည်။