တိုင်းရင်းဆေးပညာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်ရေးဆွေးနွေး

နေပြည်တော်   မတ်   ၂

တိုင်းရင်းဆေးပညာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်ရေးဆွေးနွေး

အိန္ဒိယနိုင်ငံ အာသံပြည်နယ် Guwahati မြို့တွင် မတ် ၂ ရက်မှ ၃ ရက်အထိကျင်းပပြုလုပ်သည့် ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာအဖွဲ့၏ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာညီလာခံနှင့်ပြပွဲ တက်ရောက်ရန် အိန္ဒိယနိုင်ငံ၌ရောက်ရှိနေသော ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ယမန်နေ့ညနေပိုင်းတွင်  အိန္ဒိယနိုင်ငံ  အာယုဗေဒ၊ ဆိပ်ကမ်းနှင့် ရေကြောင်းပို့ဆောင်ရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး  H.E Shri Sarbanada Sonowal ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့နှင့် The Radisson Blu Hotel Guwahati ၌ တွေ့ဆုံသည်။

တွေ့ဆုံပွဲတွင် တိုင်းရင်းဆေးပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်ရေး၊ မန္တလေးတိုင်းရင်း ဆေးတက္ကသိုလ် တွင် အိန္ဒိယနိုင်ငံမှ တိုင်းရင်းဆေးပညာရှင်များ လာရောက်ပညာသင်ကြားပို့ချနိုင်ရေး၊ မြန်မာနိုင်ငံတွင် နှစ်စဉ်ကျင်းပသော တိုင်းရင်း ဆေးသမားတော်များ ညီလာခံ၊ တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲများနှင့် တိုင်းရင်းဆေးသုတေသန စာတမ်းဖတ်ပွဲများတွင် အိန္ဒိယနိုင်ငံမှ တိုင်းရင်းဆေးပညာရှင်များ တက်ရောက်၍  အသိပညာဖလှယ်ရေး၊ နှစ်နိုင်ငံတိုင်းရင်းဆေးပညာရှင်များ လေ့လာရေး ခရီး အပြန်အလှန်စေလွှတ်နိုင်ရေး၊ တိုင်းရင်းဆေးဝါးများကို သိပ္ပံနည်းကျ သုတေသနပြုလုပ်၍ ပိုမိုကျယ်ပြန့်စွာ အသုံးပြုနိုင်ရေး နှင့် တိုင်းရင်းဆေးများ ဖော်စပ်ထုတ်လုပ်ရာတွင် အသုံးပြုနိုင်ရန် အရည်အသွေးပြည့်ဝသော တိုင်းရင်းဆေးကုန်ကြမ်းပစ္စည်းများ   တင်ပို့နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးခင်မင်စွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ   အပြန် အလှန် ပေးအပ်ခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ မြန်မာကိုယ်စားလှယ်အဖွဲ့မှ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မန္တလေးတိုင်းရင်း ဆေးတက္ကသိုလ် ပါမောက္ခချုပ်၊ အိန္ဒိယနိုင်ငံ အာယုဗေဒဝန်ကြီးဌာနမှ   အတွင်းရေးမှူး၊ အာယုဗေဒ၊ အမျိုးသမီးနှင့် ကလေးဖွံ့ဖြိုး တိုးတက်ရေးပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ညပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အိန္ဒိယနိုင်ငံ အာယုဗေဒဝန်ကြီး ဌာနမှတည်ခင်းဧည့်ခံသော ကြိုဆိုညစာစားပွဲသို့ တက်ရောက်ကြကြောင်း သတင်းရရှိသည်။                 

(သတင်းစဉ်)