ဂရိမီးရထားမတော်တဆမှုအတွင်း သေဆုံးသူဦးရေ အနည်းဆုံး ၄၆ ဦးအထိ မြင့်တက်

ဂရိမီးရထားမတော်တဆမှုအတွင်း သေဆုံးသူဦးရေ အနည်းဆုံး ၄၆ ဦးအထိ မြင့်တက်

ဂရိနိုင်ငံတွင်ဖြစ်ပွားသည့်  မီးရထားမတော်တဆမှုအတွင်း သေဆုံးသွားသည့် လူဦးရေမှာ မတ် ၂ ရက်တွင် အနည်းဆုံး ၄၆ ဦးအထိ   မြင့်တက်လာပြီဖြစ်ကြောင်း သိရသည်။

အဆိုပါမတော်တဆမှုသည်  လာရစ်ဆာမြို့တွင် ဖေဖော်ဝါရီ ၂၈ ရက် ညပိုင်းက ခရီးသည်  ၃၅၀ ကျော် လိုက်ပါလာသည့် ခရီးသည်တင်မီးရထားတစ်စင်းနှင့် ကုန်တင်ရထားတစ်စင်းတို့ ခေါင်းချင်းဆိုင်တိုက်မိရာမှ ဖြစ်ပွားခြင်းဖြစ်သည်။  ကယ်ဆယ်ရေးအဖွဲ့ဝင်များသည်  မတ် ၂ ရက်တွင် ပျက်စီးနေသည့် မီးရထားတွဲများ အတွင်းမှ ရုပ်အလောင်းများကို  ထပ်မံတွေ့ရှိပြီးနောက် သေဆုံးသူအရေအတွက်မှာ မြင့်တက်လာခြင်းဖြစ်သည်။

မတော်တဆမှု ဖြစ်ပွားပြီးနောက် ခရီးသည်တင်မီးရထား၏ တွဲအချို့မှာ မီးလောင်ကျွမ်းခြင်းကြောင့် ယင်းတွဲများတွင် အပူချိန်မှာ ၁၃၀၀ ဒီဂရီအထိမြင့်တက်ခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ခရီးသည်တင်မီးရထားပေါ်လိုက်ပါလာသည့် ခရီးသည်အများအပြားမှာ  မတော်တဆဖြစ်ပွားသည့်အချိန်တွင် ပြတင်းပေါက်မှတစ်ဆင့်   ပြင်ပသို့ လွင့်ထွက်သွားခြင်းကြောင့် အသက်ရှင်လွတ်မြောက်ခဲ့ကြောင်း၊ မီးရထားပေါ် ကျန်ရစ်သူများမှာမူ မတော်တဆဖြစ်ပွားပြီးနောက်   နောက်ဆက်တွဲ ဖြစ်ပွားသည့် မီးလောင်မှုအတွင်း သေဆုံးသွားကြောင်း  ၎င်းကဆက်လက်ပြောကြားသည်။

ယခုဖြစ်ပွားသည့်  မီးရထားမတော်တဆမှုသည် ဂရိနိုင်ငံအတွင်း ဖြစ်ပွားသည့် လူအသေအပျောက်များသည့် မတော်တဆမှုများအနက် တစ်ခုအပါအဝင်ဖြစ်ကြောင်း သိရသည်။                      

  Ref:ST