နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် မိမိတို့တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်းသားများအရေးကို အလေးထားဆောင်ရွက်လျက်ရှိ တိုင်းရင်းသားများအားလုံးကလည်း ပူးပေါင်းဆောင်ရွက်ကြရန်လို

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် မိမိတို့တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်းသားများအရေးကို အလေးထားဆောင်ရွက်လျက်ရှိ တိုင်းရင်းသားများအားလုံးကလည်း ပူးပေါင်းဆောင်ရွက်ကြရန်လို

မြစ်ကြီးနား  မတ်  ၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက် ၈ နာရီခွဲတွင် ကချင် ပြည်နယ် မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက်ရှိ ကက်သလစ်အသင်းတော်ရုံး၌ ခရစ်ယာန်ဂိုဏ်းပေါင်းစုံမှ ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူက တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဘာသာရေးခေါင်းဆောင်များအားလုံးက ကောင်းချီးတောင်းခံ ဆုတောင်းဆက်ကပ်ပေးကြရန်နှင့် တိုင်းပြည် အေးချမ်းသာယာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြပါရန်ပြောကြားပြီး ခရစ်ယာန်ဂိုဏ်းပေါင်းစုံမှ ဘာသာရေး ခေါင်းဆောင်များနှင့် အပြန်အလှန်မိတ်ဆက်ကြသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ဘာသာရေး အသင်းအဖွဲ့အသီးသီးအတွက် လက်ဆောင်ခြင်းနှင့် အလှူငွေများကို ပေးအပ်လှူဒါန်းကြသည်။

ထို့နောက် မြစ်ကြီးနားမြို့ အံတော်ရှင်တောင်တန်းသာသနာပြုကျောင်းတိုက်၌ မြစ်ကြီးနားမြို့နယ် သံဃနာယက ဥက္ကဋ္ဌဆရာတော် နှင့် ပင့်သံဃာများအား ဖူးမြော်ကြည်ညိုကြပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားတင်ပြ၍ ဆရာတော်၊ သံဃာတော်များထံ ဆန်အိတ် ၅၀၊ ဆီပုံး ၂၀ နှင့် လှူဖွယ်ပစ္စည်းများ၊ ဝတ္ထုငွေများကို ဆက်ကပ်လှူဒါန်းကြကာ   အံတော်ရှင်ဘုရားအား ဖူးမြော်ကြည်ညို ကြသည်။

ထိုမှတစ်ဆင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်တို့သည် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ မနောကွင်းအတွင်း မနောအိမ်တော်၌ ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့ ၁၄ ခုတို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် မိမိတို့တိုင်းပြည် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်းသားများအရေးကို အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ အလေးထား ဆောင်ရွက်လျက်ရှိရာတွင်  တိုင်းရင်းသားများအားလုံးကလည်း ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ယနေ့ တိုင်းရင်းသားများအနေဖြင့် မိမိတို့ စာပေနှင့် ရိုးရာယဉ်ကျေးမှု စသည့်အရေးအရာကိစ္စရပ်များ ဆောင်ရွက်နေခြင်းသည် နိုင်ငံ့အရေးဆောင်ရွက်နေခြင်းဖြစ်ပြီး မိမိတို့ တစ်ဦး/တစ်ဖွဲ့၏ အောင်မြင်မှုသည် မိမိတို့နိုင်ငံ၊ မိမိတို့ပြည်ထောင်စု၏ အောင်မြင်မှုပင်ဖြစ်ပါကြောင်း၊ ယနေ့နိုင်ငံတော်တည် ငြိမ်အေးချမ်းနှင့်ဖွံ့ဖြိုးရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုများကို မိမိတို့ တိုင်းရင်းသားအားလုံးက နိုင်ငံတော်အစိုးရနှင့်အတူ ဝိုင်းဝန်းပူးပေါင်း ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း တိုက်တွန်း မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က ယနေ့တိုင်းရင်းသား ခေါင်းဆောင်များအနေဖြင့် မိမိတို့၏ တိုင်းရင်းသား အရေးကိစ္စရပ်များကို ဦးစီးဌာနနှစ်ခုနှင့် ချိတ်ဆက်ပြီး ကြိုးစားဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်နှင့် ဦးတည်ချက်များပါအတိုင်း မိမိတို့ ပြည်နယ်၏ အကျိုး၊ မိမိတို့နိုင်ငံ၏ အကျိုးအတွက် ဝိုင်းဝန်းပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က တက်ရောက်လာကြသည့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့ ၁၄ ခုတို့အတွက် တစ်ဖွဲ့ လျှင်ထောက်ပံ့ငွေကျပ် သုံးသိန်းစီနှင့် အမှတ်တရလက်ဆောင်များကို ပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ခေါင်းဆောင်များက စာပေ၊ ယဉ်ကျေးမှုများထိန်းသိမ်းဆောင်ရွက်ရာတွင် လိုအပ်ချက်များ တင်ပြဆွေးနွေးကြရာ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ပြန်လည်ရှင်းလင်းဆွေးနွေးပြီး  လိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ်ဆောင် ရွက်ပေးသည်။

မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ကျင်းပသည့် လူထုတွေ့ဆုံပွဲသို့ တက်ရောက်ပြီး အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက်(၁၂)ကို ချမှတ်ပြီး တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံမှုရှိစေရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးအနက်ထား ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူများအနေဖြင့်လည်း အစိုးရနှင့်အတူ ထဲထဲဝင်ဝင်ပါဝင်ပြီး မိမိတို့ ရပ်ကွက်၊ ကျေးရွာ၊ ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဦးချင်းစီက တာဝန်ရှိရှိဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က အမှာစကားပြောကြားပြီး တက်ရောက်လာကြသည့် ဒေသခံ ပြည်သူများက   လမ်း၊ တံတား၊ ကုန်ထုတ်လမ်း၊   မြေယာကိစ္စရပ်များ၊ သက်မွေးပညာလုပ်ငန်းများနှင့် စပ်လျဉ်း၍ လိုလားချက်များကို တင်ပြကြရာ သက်ဆိုင်ရာ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ကဏ္ဍအလိုက် စီစဉ်ဆောင်ရွက်ထားရှိမှုများကို ပြန်လည် ရှင်းလင်း တင်ပြ၍   ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)