တပေါင်းလပြည့်နေ့တွင် ရန်ကုန်မြို့ရှိ ဘုရား၊ စေတီ၊ပုထိုးများ၌ ဘုရားဖူးလာပြည်သူများဖြင့်စည်ကား

တပေါင်းလပြည့်နေ့တွင် ရန်ကုန်မြို့ရှိ ဘုရား၊ စေတီ၊ပုထိုးများ၌ ဘုရားဖူးလာပြည်သူများဖြင့်စည်ကား

ရန်ကုန်  မတ်  ၅

ယနေ့သည် ဗုဒ္ဓဘာသာဝင်တို့အတွက် နေ့ထူးနေ့မြတ်တစ်ရက်ဖြစ်သည့် တပေါင်းလပြည့်နေ့ဖြစ်သည်။ တပေါင်းလသည် မြန်မာတို့၏ ဆယ့်နှစ်လရာသီများအနက် ဒွါဒသမနောက်ဆုံးလဖြစ်ပြီး ဤအခါသမယ ၌ သရဖီပန်းတို့က ရာသီပန်းအဖြစ်ပွင့်လန်းကလေ၏။ ရာသီ၏ထူးခြားမှုတွင် ရွက်ဟောင်း ကြွေး၍ ရွက်သစ်ဝေသောလ ဆောင်းတစ်ဝက်  နွေတစ်ဝက်ဖြစ်ပြီး နေ့ပူကာ ညချမ်း သည့် ဆောင်းအကုန်  နွေကူးသည့်အခါ သမယလည်းဖြစ်ချေသည်။

ယင်းကဲ့သို့ ထူးမြတ်သောတပေါင်းလ ပြည့်နေ့တွင် ဘုရား၊ ပုထိုး၊ စေတီ၊ ကျောင်းကန်များ၌ ကုသိုလ်ကောင်းမှုပြုကြသူများ၊ ဥပုသ်သီလစောင့်ထိန်းကြသူများ၊ စတုဒိသာ ကျွေးမွေးလှူဒါန်းကြသူများဖြင့် စည်ကား လျက်ရှိကြသည်။

ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်တွင် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကကြီးမှူး ကာ  ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်အဖြစ် တပေါင်း လဆန်း ၆ ရက်မှ တပေါင်းလပြည့်နေ့အထိ ၁၀ ရက်တိုင် ဗုဒ္ဓပူဇာ၊ ဓမ္မပူဇာ၊ သံဃပူဇာ ပူဇော်ခြင်းများဖြစ်သည့်     ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ဖွင့်ပွဲကျင်းပခြင်း၊ သံဃာ တော်အပါး ၁၂၀ တို့က ၂၁၆ နာရီတိုင် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်း၊ ဆရာတော်၊ သံဃာတော် ၁၁၇ ပါးနှင့် သီလရှင် ၂၇ ပါးတို့အား ဆွမ်းဆန်စိမ်း လောင်းလှူခြင်းနှင့်    ဆွမ်းတော်ကြီး ဆက်ကပ်လှူဒါန်းခြင်းများ  ဆောင်ရွက်ခဲ့ကြသည်။ တပေါင်းလပြည့်နေ့ဖြစ်သည့် ယနေ့အရုဏ်တက်ချိန်တွင်  ဘုရားရှင်အားရည်မှန်း၍ ရင်ပြင်တော်အောင်မြေနေရာ၌    ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ဝင်များ၊ ဘာသာရေးအသင်းအဖွဲ့များက ဆွမ်းတော်ကြီးတင်ကပ်လှူကြသည်။ ထို့နောက် ရွှေတိဂုံစေတီတော်၏ ၂၆၁၁ နှစ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်(အောင်ပွဲ) ရေစက်ချအနုမောဒနာအခမ်းအနားကို နံနက် ၉ နာရီတွင် ရင်ပြင်တော် ရာဟုထောင့်ရှိ ချမ်းသာကြီးတန်ဆောင်း၌ ကျင်းပသည်။

ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်(အောင်ပွဲ) အခမ်းအနားတွင်   ရွှေတိဂုံစေတီတော်အလှည့်ကျသဘာပတိ ဂေါပကအဖွဲ့ဝင် ဦးသိန်းထွဋ်မောင်က ဗုဒ္ဓပူဇနိယမင်္ဂလာ ရေစက်ချအနုမောဒနာစာတမ်းဖတ်ကြားပြီး ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ သြဝါဒါစရိယ တိပိဋကဓရ ရွေးချယ်ရေးအဖွဲ့၏ သြဝါဒါစရိယ အဂ္ဂ မဟာပဏ္ဍိတ သ.စ.အ ဓမ္မာစရိယ ဝဋံ သကာ၊    စေတိယင်္ဂဏပဝရသိရီမဟာ ဓမ္မဂုရု ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက် ပဓာနနာယက ဘဒ္ဒန္တနာရဒါဘိဝံသ (လှရတနာဆရာတော်)ထံမှ   ကိုးပါးသီလခံယူဆောက်တည်ကြပြီး    ဆရာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်လက်လှူဒါန်းကြကာ ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။

ထို့ပြင်   သီရိမင်္ဂလာကမ္ဘာအေးစေတီတော်၊ သမိုင်းဝင်အပရာဇိတဆံတော်ရှင် ကျိုက်ဝိုင်းစေတီ၊ ဝရဒါဌာ ဓာတုစေတိယ စွယ်တော်မြတ်စေတီတော်  (ရန်ကုန်)၊ လောကချမ်းသာအဘယလာဘမုနိရုပ်ပွား တော်မြတ်ကြီး၊ ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်၊ မဟာဝိဇယစေတီ၊ ဗဟန်းမြို့နယ်ရှိ ငါးထပ်ကြီးဘုရား၊ ခြောက် ထပ်ကြီးဘုရား၊  စမ်းချောင်းမြို့နယ်ရှိ ကိုးထပ်ကြီးဘုရား၊ ရန်ကင်းမြို့နယ်ရှိ မိုးကောင်းဘုရား၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ဆုတောင်းပြည့်  မယ်လမုစေတီတော်နှင့် မဟာကျန်သစ္စာရှင်ဘုရား၊ သန်လျင်မြို့နယ်ရှိ    ကျိုက်ခေါက်စေတီတော်အပါအဝင် ဘုရား၊ ပုထိုးများ၌ နံနက်ပိုင်းမှစ၍ ဆွမ်း၊ ဆီမီး၊ ရေချမ်း ကပ်လှူခြင်း၊ အသံမစဲမဟာ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်း၊ မေတ္တသုတ် တော်စုပေါင်းရွတ်ဖတ်ပူဇော်ခြင်း၊ အလှူ ရှင်များ၏ စတုဒိသာကျွေးမွေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ဘုရားဖူးများဖြင့် စည်ကားလျက်ရှိသည်။

အလားတူ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ   ဘုရား၊  စေတီများ၌လည်း ဘုရားဖူးလာရောက် ကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။          

                  ဝန်းရံခ