၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း ရွာသွန်းခဲ့သောမိုးရေများတွင် အက်စစ်ဖြစ်ထွန်းမှုအခြေအနေ

၂၀၂၃ ခုနှစ်  ဖေဖော်ဝါရီလအတွင်း ရွာသွန်းခဲ့သောမိုးရေများတွင် အက်စစ်ဖြစ်ထွန်းမှုအခြေအနေ

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနသည် အရှေ့အာရှအက်စစ်ဖြစ်ထွန်းမှု စောင့်ကြည့် တိုင်းတာရေးကွန်ရက် (Acid Deposition Monitoring Network in East Asia- EANET) အဖွဲ့အစည်းတွင် အဖွဲ့ဝင်အဖြစ် ၂၀၀၅ ခုနှစ် နိုဝင်ဘာလမှ စတင်ဆောင်ရွက်ခဲ့ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များ၏ မြို့ကြီး ၄၁ မြို့ရှိ မိုးလေဝသနှင့်ဇလဗေဒစခန်း ၄၁ ခု (ပုံ-၁)တွင် ရွာသွန်းသောမိုးရေများကိုစုဆောင်းကာ မိုးရေတွင် အက်စစ်ဖြစ်ထွန်းမှု အခြေအနေကို သိရှိရန် မိုးရေ၏ စံ တန်ဖိုးများ တိုင်းတာခြင်းလုပ်ငန်းများကို လစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၀၂၃ ခုနှစ်  ဖေဖော်ဝါရီလအတွင်း ရွာသွန်းခဲ့သော မိုးရေများ၏ pH တန်ဖိုးနှင့် မိုးရေ၏ Electric Conductivity - EC များကို တိုင်းတာသည့် စခန်း ၄၁ ခု၌ မြစ်ကြီးနား၊ ပူတာအို၊ ဗန်းမော်၊ လားရှိုး၊ တောင်ကြီး၊ မိုင်းဆတ်၊ ကျိုင်းတုံ၊ ပျဉ်းမနား၊ ကသာ၊ ရန်ကုန်(ကမ္ဘာအေး)၊ မှော်ဘီ၊ လွိုင်ကော်၊ သံတွဲ၊ ပဲခူး၊ တောင်ငူ၊ ပုသိမ်၊ ဟင်္သာတ၊ ရေး၊ ဘားအံ၊ ထားဝယ်၊ မြိတ်နှင့် ကော့သောင်းစခန်းတို့တွင် မိုးရွာသွန်းခဲ့ပါသည်။ မိုးရေနမူနာတိုင်းတာရရှိခဲ့သည့် ၂၂ စခန်းတို့တွင် ရွာသွန်းခဲ့သောမိုးရေများ၏ pH တန်ဖိုးများသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)မှ  pH သတ်မှတ်ထားသည့် သောက်သုံးရေအတွက် pH တန်ဖိုးနှင့် ကျန်းမာရေး ဝန်ကြီးဌာနမှ pH သတ်မှတ်ထားသည့် သောက်သုံးရေအတွက် စံတန်ဖိုး(6.5 - 8.5)အတွင်းတွင်ရှိကြောင်း တိုင်းတာရရှိခဲ့ပါသည်။           

မိုးရေ၏ စံတန်ဖိုးသည် 5.6 အောက်ရောက်ရှိမှသာ အက်စစ်ဂုဏ်သတ္တိရှိသောကြောင့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း မိုးရေနမူနာ တိုင်းတာရရှိခဲ့သည့် ၂၂ စခန်း၌ ရွာသွန်းခဲ့သော မိုးရေများတွင် အက်စစ်ဖြစ်ထွန်းမှုအခြေအနေမရှိကြောင်း တွေ့ရှိရပါသည်။ (ပုံ-၂)

(သတင်းစဉ်)