၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲပထမနေ့ မြန်မာစာဘာသာရပ် ဖြေဆိုနေမှုအား လှည့်လည်ကြည့်ရှု အားပေး

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲပထမနေ့ မြန်မာစာဘာသာရပ် ဖြေဆိုနေမှုအား လှည့်လည်ကြည့်ရှု အားပေး

ပုသိမ်  မတ်  ၈

    ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဧရာဝတီ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး  ဗိုလ်မှူးချုပ်ကြည်ခိုင်နှင့် သက်ဆိုင်ရာတာဝန် ရှိသူများ လိုက်ပါလျက် မတ် ၈ ရက် နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အမှတ်(၇)  အခြေခံပညာ အထက်တန်း ကျောင်းရှိ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ စာစစ်ဌာနသို့ရောက်ရှိပြီး တက္ကသိုလ်ဝင် စာမေးပွဲပထမနေ့ မြန်မာစာဘာသာ ဖြေဆိုနေမှုများကို  လှည့်လည်ကြည့်ရှုအားပေးသည်။ ထိုသို့အားပေးကြည့်ရှုရာတွင် ပြည် ထောင်စုဝန်ကြီးက သက်ဆိုင်ရာ တာဝန်ရှိသူများအား တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက် ဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူများ စည်းကမ်းရှိစွာ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနိုင်ရေး အတွက် လိုအပ်သည် များကို အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်း

ဆောင်ရွက်ပေးကြရမည် ဖြစ်ကြောင်း၊ စာမေးပွဲ ကြီးကြပ်ရေးမှူး၊    လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် တာဝန်ရှိသူများအနေဖြင့်လည်း မိမိတို့လိုက်နာ ဆောင်ရွက်ကြရမည့် တာဝန်ဝတ္တရားများကို ကျေပွန်စွာဆောင်ရွက် ကြစေလိုကြောင်း၊  တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်း ပံ့ပိုးကူညီ ဆောင်ရွက်ပေးကြသူများ အားလုံးကို အထူးကျေးဇူးတင်ကြောင်းဖြင့် ပြောကြားသည်။

အလားတူ ပြည်ထောင်စုဝန်ကြီးသည် ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၆)အခြေခံ ပညာအထက်တန်းကျောင်းနှင့် အမှတ်(၁)  အခြေခံပညာ အထက်တန်းကျောင်းတို့သို့ သွားရောက်၍   စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား     ရင်းရင်းနှီးနှီး အားပေးကာ စာမေးပွဲဖြေဆိုမှုများကို   လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည်  ပုသိမ်မြို့ရှိ အမှတ်(၁၀) အခြေခံပညာအထက် တန်းကျောင်း၊  အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၉)အခြေခံ ပညာအထက်တန်းကျောင်း၊ အမှတ်(၈) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ် (၉) အခြေခံပညာ အလယ်တန်းကျောင်း(ယိုးဒယားကုန်း)၊   အမှတ်(၁၁)အခြေခံပညာ အထက်တန်းကျောင်း(မြို့မ)တို့သို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ အေးချမ်းစွာ ဖြေဆိုနေမှုများကို သွားရောက်ကြည့်ရှု အားပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရေကြည်မြို့နယ်ရှိ ငါးသိုင်းချောင်း အခြေခံ ပညာ အထက်တန်းကျောင်း၊ ရေတံခွန်အခြေခံ ပညာမူလတန်းကျောင်းတို့သို့ လည်းကောင်း၊ ရေကြည်မြို့နယ်ရှိ ရေကြည်အခြေခံပညာ အထက်တန်းကျောင်း၊ ဘုရားငူကျေးရွာ  အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ လယ်တီအခြေခံပညာ မူလတန်းကျောင်း တို့သို့ လည်းကောင်း၊  အသုတ်မြို့နယ်ရှိ အနောက်ဘက်ကမ်း အခြေခံပညာမူလတန်းကျောင်း၊ အသုတ်မြို့ အခြေခံပညာ အထက်တန်းကျောင်း၊ သစ်ဆိမ့်ကျေးရွာ အခြေခံ ပညာမူလတန်းကျောင်း(ရွှေဂုဏ်တန်း) တို့ သို့လည်းကောင်း၊ ကျောင်းကုန်းမြို့နယ်ရှိ မာလာကွင်းကျေးရွာ အခြေခံပညာအလယ် တန်းကျောင်း၊ လက်ပန်ချောင်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းတို့သို့ လည်းကောင်း သွားရောက်ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။

တက္ကသိုလ်ဝင်စာမေးပွဲ     ပထမနေ့ မြန်မာစာဘာသာရပ်အား  မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ ပြည်တွင်းစာစစ်ဌာန ၈၅၈ ခုနှင့် နိုင်ငံခြား စာစစ်ဌာနငါးခု စာစစ်ဌာန စုစုပေါင်း ၈၆၃ ခုတွင် စာမေးပွဲဖြေဆိုရန် စုစုပေါင်း ၁၇၉၈၄၃ ဦး စာရင်းပေးသွင်းကြပြီး မြန်မာစာဘာသာရပ် လာရောက်ဖြေဆိုသူ ၁၆၁၈၅၁ ဦး ဝင်ရောက်ဖြေဆိုကြသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် စာစစ်ဌာန စုစုပေါင်း ၂၀၇  ခု၌ စာမေးပွဲဖြေဆိုရန် စုစုပေါင်း ၂၂၁၁၅ ဦး စာရင်းပေးသွင်းကြပြီး ၂၀၀၅၉ ဦး ဝင်ရောက်ဖြေဆိုကြကြောင်း သတင်း ရရှိသည်။