ကိုဗစ်-၁၉ ရန်ပုံငွေမှ ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာကဏ္ဍသို့ ထုတ်ပေးထားသည့် ချေးငွေများ ပြန်လည်ပေးဆပ်ရမည့် ကာလအား သက်တမ်း (၁)နှစ်ထပ်မံတိုးမြှင့်ပေးကြောင်း အသိပေးကြေညာ

ကိုဗစ်-၁၉ ရန်ပုံငွေမှ ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာကဏ္ဍသို့ ထုတ်ပေးထားသည့် ချေးငွေများ ပြန်လည်ပေးဆပ်ရမည့် ကာလအား သက်တမ်း (၁)နှစ်ထပ်မံတိုးမြှင့်ပေးကြောင်း အသိပေးကြေညာ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရကိုဗစ်-၁၉ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ

သတင်းထုတ်ပြန်ချက်  ( ၁/၂၀၂၃)

၂၀၂၃ ခုနှစ်၊  မတ်လ  ၈  ရက်

ကိုဗစ်-၁၉ ရန်ပုံငွေမှ ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာကဏ္ဍသို့ ထုတ်ပေးထားသည့် ချေးငွေများ ပြန်လည်ပေးဆပ်ရမည့်ကာလအား သက်တမ်း (၁)နှစ်ထပ်မံတိုးမြှင့်ပေးကြောင်း အသိပေးကြေညာခြင်း

၁။      ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့်  စီးပွားရေး သက်ရောက်မှုများအပေါ်  ကုစားရေး လုပ်ငန်းကော်မတီ၏ တာဝန်များအနက် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေး ထိခိုက်မှုများကို ပြန်လည် ကုစားနိုင်ရေးအတွက် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာကဏ္ဍမှ ထိခိုက်မှုအများဆုံးဖြစ်သည့် လုပ်ငန်းများအား ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေသက်တမ်းတစ်နှစ် (အတိုးနှုန်း ၁ %) သတ်မှတ်ပြီး ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့မှစတင်၍ ချေးငွေများခွင့်ပြုထုတ်ချေးပေးခဲ့ပါသည်။

၂။      မြန်မာ့စီးပွားရေးဘဏ်က ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့ထိ ကုမ္ပဏီ/လုပ်ငန်း စုစုပေါင်း ၈၇၉ ခု၊ ချေးငွေပမာဏကျပ် ၁၃ ဒသမ ၁၃၂၅ ဘီလီယံအား  ကိုဗစ်-၁၉ ရန်ပုံငွေမှချေးငွေထုတ်ပေးခြင်းကို  ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါသဖြင့်  အစောဆုံး ထုတ်ပေးခဲ့သည့်  ချေးငွေရရှိသူများသည် ချေးငွေသက်တမ်း ကာလပြည့်မြောက်ပြီး ပြန်လည်ပေးဆပ်ရမည့် ကာလစေ့ရောက်ခဲ့ပြီး ဖြစ်ပါသည်။

၃။      ယခုအခါ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်မှုများထပ်မံရှိနေပြီး ပြည်တွင်းရှိစီးပွားရေးလုပ်ငန်းများ ငွေကြေးလည်ပတ်မှုအဆင်ပြေချောမွေ့စေရေးအတွက် ချေးငွေ ပြန်လည်ပေးဆပ်ရမည့်ကာလကို ချေးငွေပြန်လည်ပေးဆပ်ရန် ကာလစေ့ရောက်သည့်နေ့မှစ၍ နောက်ထပ် (၁) နှစ် သက်တမ်းတိုးမြှင့်ပေးရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက လမ်းညွှန်ခဲ့ပါသည်။

၄။      သို့ပါ၍ ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေရယူထားသည့် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာကဏ္ဍမှ ကုမ္ပဏီ/လုပ်ငန်း ၈၇၉ ခုအနေဖြင့်   အောက်ပါအခြေအနေများဖြင့် ကိုက်ညီသူများအား ချေးငွေပြန်ဆပ်ရန် ကာလကို ချေးငွေကာလ သက်တမ်း (၁) နှစ် စေ့ရောက်သည့်နေ့မှစ၍ နောက်ထပ် (၁) နှစ် ထပ်မံ တိုးမြှင့်ပေးပါကြောင်း အသိပေးကြေညာအပ်ပါသည်-

          (က)   အတိုးများအား ကာလစေ့ရောက်သည့်နေ့တွင် ပေးဆပ်ပြီး ဖြစ်ရပါမည်၊

          (ခ)     ချေးငွေအား ရည်ရွယ်ချက်အတိုင်း ထိရောက်အောင် ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီ/လုပ်ငန်းဖြစ်ရပါမည်။

၅။      လုပ်ငန်းကော်မတီက ခွင့်ပြုခဲ့သည့် ချေးငွေထုတ်ယူခွင့်ပြုကြောင်း  အကြောင်းကြားစာတွင် ပြန်လည် ပေးဆပ်ရန် ပျက်ကွက်ပါက ဥပဒေနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်ခံရမည်ဖြစ်ပါကြောင်း အသိပေး ဖော်ပြပါရှိသဖြင့်  မြန်မာ့စီးပွားရေးဘဏ်မှ ချေးငွေထုတ်ယူထားသည့် ကုမ္ပဏီ/လုပ်ငန်းများအနေဖြင့် ချေးငွေအရင်း၊ အတိုး ပြန်လည်ပေးဆပ်ရန် ပျက်ကွက်ပါက ချေးငွေသဘောတူစာချုပ်ပါအတိုင်း ဘဏ် လုပ်ထုံးလုပ်နည်းနှင့်အညီ  တရားမကြောင်းအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် သက်တမ်းတိုးမြှင့်ရန် ခွင့်ပြုထားသည့် ကာလအတွင်း အပြီးသတ် အပြေအကျေပေးဆပ်ရန် အသိပေး ကြေညာအပ်ပါသည်။

          ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ