ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာကဏ္ဍသို့ ထုတ်ပေးထားသည့်ချေးငွေများ ပြန်လည်ပေးဆပ် ရမည့်ကာလအား သက်တမ်းတစ်နှစ် ထပ်မံတိုးမြှင့်ပေးမည့် အခြေအနေများဆွေးနွေး

ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာကဏ္ဍသို့ ထုတ်ပေးထားသည့်ချေးငွေများ ပြန်လည်ပေးဆပ် ရမည့်ကာလအား သက်တမ်းတစ်နှစ် ထပ်မံတိုးမြှင့်ပေးမည့် အခြေအနေများဆွေးနွေး

နေပြည်တော်  မတ်   ၈

 

ကိုဗစ်-၁၉ ကြောင့်ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ၏ အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၃)ကို  ယနေ့နံနက်ပိုင်းတွင်   ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ရုံးအမှတ်(၁)၌ ကျင်းပသည်။

 အစည်းအဝေးသို့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ   ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး  ဒေါက်တာကံဇော်နှင့်  လုပ်ငန်းကော်မတီဝင်များဖြစ်ကြသော စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊  ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အလုပ်သမား ဝန်ကြီးဌာနနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊    မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာဌာနကိုယ်စားလှယ်များ   တက်ရောက်ကြသည်။

အစည်းအဝေးတွင်  လုပ်ငန်းကော်မတီဥက္ကဋ္ဌက ချေးငွေပြန်လည်ပေးဆပ်ရေးဆိုင်ရာကိစ္စများအတွက် လုပ်ငန်းကော်မတီက ညှိနှိုင်းဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ချေးငွေပြန်လည်ပေးဆပ်လျက်ရှိသည့် အခြေအနေများ၊ နိုင်ငံသားပိုင် ငါး၊ ပုစွန်မွေးမြူရေး အပါအဝင်  မွေးမြူရေးကဏ္ဍသို့ထုတ်ပေးထားသည့် ချေးငွေများပြန်လည်ပေးဆပ်ရမည့်ကာလအား    ချေးငွေသက်တမ်းစေ့ရောက်သည့်နေ့မှစ၍ နောက်ထပ်တစ်နှစ်ထပ်မံ တိုးမြှင့်ပေးခဲ့သည့် အခြေအနေ၊ ချေးငွေသက်တမ်းသုံးနှစ်ပြည့်ပြီး ကုမ္ပဏီ/လုပ်ငန်းများမှချေးငွေများ  ပြန်လည်ကောက်ခံရေး အစီအစဉ်၊ အရင်းကောက်ခံရရှိငွေများအား နိုင်ငံတော်၏ လှည့်ပတ်ရန်ပုံငွေသို့ ပြန်လည်ထည့်သွင်းရေး အခြေအနေနှင့်   ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာကဏ္ဍသို့ ထုတ်ပေးထားသည့် ချေးငွေများ ပြန်လည်ပေးဆပ်ရမည့်ကာလအား သက်တမ်းတစ်နှစ် ထပ်မံတိုးမြှင့်ပေးမည့် အခြေအနေများကို ဆွေးနွေးသည်။

ဆက်လက်၍ လုပ်ငန်းကော်မတီအတွင်းရေးမှူး ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်က ချေးငွေစိစစ်ကြပ်မတ်ရေးဆိုင်ရာကိစ္စရပ်များနှင့် ပြည်နယ်/ တိုင်းဒေသကြီးအလိုက် ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေထုတ်ယူထားသည့်   ကုမ္ပဏီ/လုပ်ငန်းများအား Success Story စစ်တမ်းကောက်ခံခဲ့သည့်အခြေအနေများ၊ အတိုးအရင်းကောက်ခံရရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြ ဆွေးနွေးသည်။

အစည်းအဝေး တက်ရောက်လာကြသူများက   ကိုဗစ်-၁၉ ကြောင့်  စီးပွားရေးသက်ရောက်မှုများ ကုစားရေးအတွက် ဝန်ကြီးဌာနအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ကော်မတီအနေဖြင့်  ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊  ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာကဏ္ဍသို့ ထုတ်ပေးထားသည့် ချေးငွေများ ပြန်လည်ပေးဆပ်ရမည့်ကာလအား    သက်တမ်းတစ်နှစ် ထပ်မံတိုးမြှင့်ပေးမည့် ကိစ္စကို အတည်ပြု ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။