“ကျေးလက်ဒေသတွေမှာဖွံ့ဖြိုးလာတာနဲ့အမျှ အမျိုးသမီးတွေဘဝကလည်း ဖွံ့ဖြိုးလာမှာဖြစ်ပါတယ်။ အမျိုးသမီးများကိုလည်း ကိုယ့်ဘဝကို ကိုယ်ကိုယ်တိုင်ရပ်တည်နိုင်ဖို့အတွက် စီးပွားရေး၊ လူမှုရေးစတာတွေကို ယုံကြည်မှုရှိရှိ ကြိုးစားအားထုတ် စေချင်ပါတယ်”

နေပြည်တော်  မတ်  ၈

“ကျေးလက်ဒေသတွေမှာဖွံ့ဖြိုးလာတာနဲ့အမျှ အမျိုးသမီးတွေဘဝကလည်း ဖွံ့ဖြိုးလာမှာဖြစ်ပါတယ်။  အမျိုးသမီးများကိုလည်း ကိုယ့်ဘဝကို ကိုယ်ကိုယ်တိုင်ရပ်တည်နိုင်ဖို့အတွက် စီးပွားရေး၊ လူမှုရေးစတာတွေကို ယုံကြည်မှုရှိရှိ ကြိုးစားအားထုတ် စေချင်ပါတယ်”

၂၀၂၃ ခုနှစ် မတ်လ ၈ ရက်နေ့တွင်ကျရောက်သော   အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂(MICC-2)၌ ကျင်းပရာ 

အဆိုပါအခမ်းအနားသို့တက်ရောက်လာကြသူများ၏စကားသံများကို အောက်ပါအတိုင်းဖော်ပြပေးလိုက်ပါသည်-

ပါမောက္ခဒေါက်တာခင်ဆွေမြင့်

(လူမှုရေးနှင့်ယဉ်ကျေးမှုလုပ်ငန်း အဖွဲ့ခေါင်းဆောင်)

အရင်က ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနမှာ ပါမောက္ခဌာနမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အခုက မြန်မာစာအဖွဲ့မှာ     အချိန်ပြည့်အဖွဲ့ဝင်ဖြစ်ပါတယ်။ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှာ လူမှုရေးနှင့်ယဉ်ကျေးမှုလုပ်ငန်း အဖွဲ့ခေါင်းဆောင် ဒေါက်တာခင်ဆွေမြင့်ဖြစ်ပါတယ်။ ဒီနေ့အခမ်းအနားမှာ အမျိုးသမီးရေးရာနှင့်ပတ်သက်ပြီး ထူးချွန်ဆုကို ကျွန်မတို့အဖွဲ့က ရရှိခဲ့ပါတယ်။ ဒီဆုကို ရရှိတဲ့အတွက် ကျွန်မတို့အဖွဲ့က ဝမ်းသာကြည်နူးမိပါတယ်။ ဒီဆုရရှိခြင်းက အမျိုး သမီးတွေနှင့်ပတ်သက်ပြီး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက်ခြင်းကို အဓိကထားလုပ်ဆောင်တဲ့အတွက်ဖြစ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်ရေးတွင် စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး  စတဲ့အဘက်ဘက်က ကြိုးစားဆောင်ရွက်ကြရပါတယ်။ ကာကွယ်စောင့်ရှောက်ခြင်း ကတော့ အမျိုးသမီးတွေက အကြမ်းဖက်ခံရခြင်း၊ လူကုန်ကူးခံရခြင်းတို့ကို သတင်းသိလျှင်သိရချင်း ကူညီကယ်တင် စောင့်ရှောက် ခြင်းနှင့် ဒီလိုမျိုးကိစ္စတွေမဖြစ်အောင် အသိပညာတွေ လုပ်ဆောင်ပေးပါတယ်။ ဖွံ့ဖြိုးရေးမှာလည်း သူတို့ရဲ့ဟောပြောပွဲတွေ၊ ဆွေးနွေးပွဲတွေကို ကျေးလက်တွေမှာ စီမံချက်တွေချပြီးလုပ်ဆောင်ပါတယ်။ စီမံချက်တွေက ကျေးလက်မှာအမျိုးသမီးရှိတဲ့ ၁၀ အိမ် ကို တစ်ဖွဲ့ဖွဲ့ပြီး ၁၀ ဦးကို တစ်ဦးခေါင်းဆောင်အဖြစ်တင်ကာ သင်တန်းပေးပါတယ်။ ကျေးရွာတစ်ရွာမှာ အိမ်ခြေ ၁၀၀ ရှိလျှင် အမျိုးသမီးခေါင်းဆောင် ၁၀ ဦးကို သင်တန်းပေးပြီး အဲဒီ ၁၀ ဦးက ၎င်းတို့ ၁၀ အိမ်ရဲ့ တာဝန်ကျရာကို လုပ်ဆောင်ကြပါတယ်။ မိမိတို့အိမ်မှာရှိတဲ့ မိသားစုကို စောင့်ရှောက်ဖို့နဲ့ ကျန်းမာရေး၊ ပညာရေး၊ လူနေမှုဘဝစတဲ့ကိစ္စများကို စနစ်တကျဖြစ်အောင် သင်တန်းပေးပါတယ်။  ဒီလိုမျိုးသင်တန်းပေးထားတဲ့ ကျေးရွာပေါင်းရာချီရှိပါတယ်။ သူတို့အတွက် ဆုများချီးမြှင့်ခြင်း၊ Support ခြင်းတို့ကို လုပ်ဆောင်ပေးပါတယ်။ ကျေးလက်ဒေသတွေမှာ ဖွံ့ဖြိုးလာတာနဲ့အမျှ အမျိုးသမီးတွေဘဝကလည်း ဖွံ့ဖြိုးလာမှာ ဖြစ်ပါတယ်။ အမျိုးသမီးများကိုလည်း ကိုယ့်ဘဝကို ကိုယ်ကိုယ်တိုင်ရပ်တည်နိုင်ဖို့အတွက် စီးပွားရေး၊ လူမှုရေးစတာတွေကို ယုံကြည်မှုရှိရှိ ကြိုးစားအားထုတ်စေချင်ပါတယ်။ ဒီလိုမျိုးလုပ်နိုင်ဖို့အတွက် အသိပညာဗဟုသုတတွေရှိဖို့ လူတိုင်းစာဖတ်စေချင် ပါတယ်။ အဲဒီကရတဲ့အသိပညာဗဟုသုတတွေနဲ့ လက်တွေ့ဘဝအတွေ့အကြုံတွေကိုပေါင်းစပ်ပြီး ရပ်တည်နိုင်ပါက သူ့မိသားစုနဲ့ အများအကျိုးသာယာအဆင်ပြေမှာ ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းမှာ အမျိုးသမီးမပါ ဝင်လို့မဖြစ်ပါဘူး။ လူ့အဖွဲ့အစည်းမှာ အမျိုးသမီးဦးရေသည် အမျိုးသားဦးရေထက်ပိုပြီးတော့များပါတယ်။ ကျား/မတန်းတူသည် အခြေခံလူ့အခွင့်အရေးဖြစ်ပါတယ်။ လူ့အခွင့်အရေးမှာ ယောကျ်ားတွေမှာရှိသလို အမျိုးသမီးတွေမှာလည်းရှိပါတယ်။ အမျိုးသမီးတွေကလည်း မိမိတို့ရဲ့တစ်ဦး တစ်ယောက်ချင်းစီ ဘဝတွေကို ဖွံ့ဖြိုး တိုးတက်အောင်လုပ်ဆောင်ကြဖို့ တိုက်တွန်းချင်ပါတယ်။ အမျိုးသမီးများကိုလည်း မဆုတ်မနစ်ဘဲ ဇွဲလုံ့လဝီရိယထားပြီး အဘက်ဘက်က ကြိုးစားကြပါလို့ မေတ္တာရပ်ခံပြောလိုပါတယ်။

ဒေါက်တာစန်းစန်းအေး

(ညွှန်ကြားရေးမှူးချုပ်၊ လူမှုဝန်ထမ်းဦးစီးဌာန)

ဒီနေ့အခမ်းအနားကတော့ နှစ်စဉ်နှစ်တိုင်း မတ်လ ၈ ရက်နေ့ရောက်တိုင်း ကုလသမဂ္ဂမှ ခေါင်းစဉ်တစ်ခုချပေးပြီး ဆောင်ရွက်လျက် ရှိပါတယ်။ ဒီနှစ်ဆောင်ပုဒ် ကတော့ “ကျား/မတန်းတူညီမျှဖို့နည်းပညာနဲ့ ဆန်းသစ်စို့” ဖြစ်ပါတယ်ရှင့်။ ဒီလိုအခမ်းအနားတွေ လုပ်တိုင်းမှာ နိုင်ငံတော်အကြီးအကဲတွေက အမြဲတမ်းကျွန်မတို့ကို ဖိတ်ကြားလေ့ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်နှစ် ကိုဗစ်ကာလတွေမှာ ကျတော့ ကျွန်မတို့ ဒီလိုမျိုးလူအများကြီးနဲ့ မဆောင်ရွက်နိုင်ဘူး။ ကိုယ့်ရဲ့ဌာနမှာပဲ ကိုဗစ်စည်းကမ်းနဲ့အညီ ခပ်ကျဲကျဲပဲ ဆောင်ရွက် ခဲ့ရပါတယ်။ အဲဒီကတည်းက နိုင်ငံတော်အကြီးအကဲကအမြဲတမ်း ဗီဒီယိုမက်ဆေ့ပို့ပေးပါတယ်။ ဒီနှစ်မှာလည်း ပို့ပေးပါတယ်။ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ အမျိုးသမီးများအတွက် ဆုတွေရွေးချယ်တာ မဟုတ်ပါဘူး။ ကျွန်မတို့ မြန်မာနိုင်ငံလုံး ဆိုင်ရာ အမျိုးသမီးကော်မတီမှာ NGO အဖွဲ့လေးဖွဲ့ရှိပါတယ်။ အမျိုးသမီးအရေးကို ထူးခြားစွာဆောင်ရွက်တဲ့အဖွဲ့လေးဖွဲ့ရှိပါတယ်။ အဲ့ဒါကတော့ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းနှင့်   မြန်မာနိုင်ငံအမျိုးသမီး အားကစားအဖွဲ့ချုပ်ရယ် ဒီလေးခုဟာ အစိုးရတစ်ရပ်လုံးနဲ့ လက်တွဲညီညီပူးပေါင်းပြီးတော့ အမျိုးသမီးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် စွမ်းစွမ်းတမံဆောင်ရွက်တဲ့ အတွက်ကြောင့်မို့လို့   အစ်မကြီးတွေကိုယ်တိုင်  ဆုပေးခြင်းဖြစ်ပါတယ်။ ရှေ့ဆက်လက်ပြီးတော့ အမျိုးသမီး ကဏ္ဍဖွံ့ဖြိုးတိုးတက် ရေးအတွက် အမျိုးသားအဆင့်မဟာဗျူဟာ စီမံကိန်းတစ်ခု ရေးဆွဲထားပါတယ်။ ရေးဆွဲတဲ့နေရာမှာ ၂၀၁၃-၂၀၂၂ ခုနှစ်က ပထမအဆင့်က ပြီးသွားပါပြီ။ အခု ဒုတိယအဆင့်ကိုရေးဆွဲဖို့ ကျွန်မတို့လုပ်နေပါတယ်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီးက  ကျွန်မတို့ရဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီရဲ့ ဥက္ကဋ္ဌပါ။ ဌာနဆိုင်ရာ ပေါင်းစုံပါပြီးတော့ NGO အဖွဲ့ လေးဖွဲ့နဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့ အမျိုးသမီးတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကို ကြိုးပမ်း ဆောင် ရွက်လျက်ရှိပါတယ်။

လဲ့ရည်လှိုင်