မြန်မာနေရှင်နယ်လိဂ်ကလပ် အသင်းများ၏ အုပ်ချုပ်သူနည်းပြနှင့် ကစားသမားများကို COVID-19 ရောဂါပိုး ရှိ မရှိ စစ်ဆေးပြီးမှသာ ပြိုင်ပွဲကျင်းပခွင့်ပြုမည်

မြန်မာနေရှင်နယ်လိဂ်-၁ ကလပ်အသင်းများ၏ အုပ်ချုပ်သူ၊  နည်းပြနှင့်  ကစားသမားများကို COVID-19 ရောဂါပိုးရှိ၊ မရှိစစ်ဆေးပြီးမှသာ   ပြိုင်ပွဲကျင်းပခွင့်ပြုမည်ဖြစ်ကြောင်း  မြန်မာနေရှင်နယ်လိဂ်ကော်မတီက ထုတ်ပြန်ထားသည်။

မြန်မာနေရှင်နယ်လိဂ် တာဝန်ရှိသူများသည် သြဂုတ် ၆ ရက်က ပြည်တွင်းဘောလုံးပြိုင်ပွဲများ    ပြန်လည်ကျင်းပခွင့်ရရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများအား သွားရောက်တွေ့ဆုံ၍ ဆွေးနွေးတင်ပြခဲ့သည်။

ယင်းဆွေးနွေးမှုအပြီး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်အတိုင်း သြဂုတ်ဒုတိယပတ်တွင်   မြန်မာနေရှင်နယ်လိဂ်-၁ ကလပ်အသင်းများ၏  အုပ်ချုပ်သူ၊  နည်းပြနှင့် ကစားသမားများကို COVID-19 ရောဂါပိုးရှိ၊ မရှိစစ်ဆေးမည်ဖြစ်သည်။

“ဝန်ကြီးဌာနရဲ့ ကျန်းမာရေးလမ်းညွှန်ချက်အတိုင်း  ကစားသမား၊ အုပ်ချုပ်သူ၊ နည်းပြနဲ့ တာဝန်ရှိသူတွေကို  ဆေးစစ်ပါမယ်။ ရန်ကုန်ယူနိုက်တက်အသင်းကတော့ စစ်ဆေးပြီးဖြစ်လို့    ကျန်ကိုးသင်းကို စစ်ဆေးမှာပါ။ လူဦးရေ   ၂၀၀ ကျော် စစ်ရမှာဖြစ်လို့ နှစ်ရက် ဒါမှမဟုတ် သုံးရက်လောက် စစ်ရပါမယ်” ဟု မြန်မာနေရှင်နယ်လိဂ်ကော်မတီမှ  တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ စစ်ဆေးမှုရလဒ်တွင် COVID-19 ရောဂါပိုး မတွေ့ရှိမှသာ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကို ပြန်လည်ကျင်းပ ခွင့်ပေးမည်ဖြစ်သည်။

ထို့ပြင် မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများကို   သြဂုတ်ဒုတိယပတ်မှစ၍ ပြိုင်ပွဲပြီးဆုံးချိန်အထိ     အဆောင်များ၌

Quarantine ထားရှိရန်လည်း  စီစဉ်ထားကြောင်း သိရသည်။

ကိုရဲ