စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

အမှတ်စဉ်(၇၈)

ဒီလိုပို့ခြင်းအားဖြင့်  ထိုင်းနိုင်ငံဘက်မှာ တည်ဆောက်ထားတဲ့  မဂ္ဂါဝပ် ထောင်ချီတဲ့ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံတွေအတွက် နှစ် ပေါင်းများစွာ စီးပွားရေးတွက်ခြေကိုက်မယ် စတဲ့အစီအမံတွေ ထိုင်းမှာ ရှိပြီးသားဆိုတာကို စွမ်းအင်မူဝါဒမှာ တွေ့နေရပါတယ်။ နောက်တစ်ချက် လိမ္မာပါးနပ်စွာ မူဝါဒတစ်ခုအဖြစ် ဖော်ပြထားတာက “အစားထိုးလောင်စာ စွမ်းအင် တိုးမြှင့်သုံးစွဲရေး” ဆိုတဲ့မူဝါဒဟာ ကျောက်မီးသွေးနဲ့ နျူကလီးယား စွမ်းအင်နှစ်မျိုးကို သုံးစွဲသွားမယ်၊ လေတို့ နေတို့ကိုလည်း သုံးမယ်လို့ သွယ်ဝိုက်ပြောဆိုတဲ့သဘောပါပဲ။ အရေးကြီးတဲ့ နောက်မူဝါဒတစ်ခုကတော့ နိုင်ငံတော်က အကောင်အထည်ဖော်မယ့် စွမ်းအင်မူဝါဒကို ပြည်သူ လူထုနားလည်အောင်ရှင်းပြပြီး ပြည်သူ့အားကို ယူမယ်ဆိုပြီး “မူဝါဒကို အကောင်အထည်ဖော်ရာတွင် ပြည်သူလူထုပါဝင်လာရေး” ဆိုတဲ့အချက် ကို ထည့်ထားပါတယ်။

စွမ်းအင်မူဝါဒ ၉ ချက်

ဒီလိုလေ့လာပြီး မူဝါဒရေးဆွဲရာမှာ အချက် ၉ ချက်ရရှိခဲ့ပါတယ်။ ဒီမူဝါဒ ၉ ချက်ကတော့-

            ၁။  မြန်မာနိုင်ငံတွင် လက်တွေ့အသုံးပြုရန် အလားအလာကောင်းသော စွမ်းအင်သယံဇာတအရင်းအမြစ်များကို သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်သက်ရောက်မှု အနည်းဆုံးဖြင့် သိပ္ပံနည်းကျဖော် ထုတ်အသုံးပြုရန်နှင့် စနစ်တကျ လေ့လာ သိရှိသော ခိုင်မာသည့် အချက်အလက်များကိုအခြေခံပြီး တိုင်းပြည်၏ ရေတိုရေရှည် စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးအတွက်   အသေးစိတ် စီမံချက်ချမှတ် ဆောင်ရွက်ရန်။

            ၂။ မြန်မာနိုင်ငံတွင် လက်ရှိဆောင်ရွက်လျက်ရှိကြသော နိုင်ငံပိုင်စွမ်းအင်လုပ်ငန်း အဖွဲ့အစည်းများကို နိုင်ငံတော်၏ စီးပွားရေးပြုပြင် ပြောင်းလဲမှုများနှင့်အညီ သုံးသပ်ပြီး ပုဂ္ဂလိကကဏ္ဍ၏ ပါဝင်ဆောင် ရွက်လာနိုင်မှု စွမ်းရည်မြှင့်တင်ရန်နှင့် ပုဂ္ဂလိက ကဏ္ဍ (၁၀၀% နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု၊ ဖက်စပ်နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု၊ အပြည်ပြည်ဆိုင်ရာ လွတ်လပ်သော ဓာတ်အား ထုတ်လုပ်သူများ ပါဝင်နိုင်မှု)များ ဆောင်ရွက်လာနိုင်စေရေးအတွက် လိုအပ်သော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ချမှတ်ဆောင်ရွက်ရန်။

၃။ စွမ်းအင်ကဏ္ဍအသီးသီး၏ ပြည်တွင်းလိုအပ်ချက်နှင့် ထုတ်လုပ်ဖြည့်ဆည်းနိုင်မှုပမာဏ အမှန်ကိန်းဂဏန်းရရှိရေး ဆောင်ရွက်ရန်။

            ၄။ ရှာဖွေတွေ့ရှိသည့် စွမ်းအင်သယံဇာတများကို ထွက်ရှိရာဒေသအပါအဝင် ပြည်သူလူထုတစ်ရပ်လုံး အချိုးကျရရှိ သုံးစွဲမှုဖြစ်စေရေး ဆောင်ရွက်ရန်။

            ၅။         မြန်မာနိုင်ငံစွမ်းအင်ကဏ္ဍ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး (Sustainable Energy Development) အတွက် ပြန်လည်ပြည့် ဖြိုးမြဲစွမ်းအင်များဖြစ်သော လေ၊ နေ၊ ရေအား၊ ဘူမိအပူနှင့် ဇီ၀ စွမ်းအင် စသည့် (Renewable Energy) အမျိုးအစားများအား ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်ဆောင်ရွက်သွားရန်။

            ၆။         စွမ်းအင်အသုံးပြုမှုစွမ်းရည်တိုးမြင့်လာစေရေးနှင့် စွမ်းအင်ခြိုးခြံ ချွေတာရေးတို့ကို မြှင့်တင်ဆောင်ရွက်ရန်။

            ၇။         စွမ်းအင်ရှာဖွေထုတ်လုပ်ရေးလုပ်ငန်းများကို နိုင်ငံတကာအဆင့်မီ ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်ရန်နှင့် အရည် အသွေးကောင်းမွန်စွာ ထုတ်လုပ်ဆောင်ရွက်နိုင်ရန်အတွက် သုတေသနနှင့်ဖွံ့ဖြိုးရေး၊ ဒီဇိုင်းထုတ်လုပ်ရေးနှင့် အတတ်ပညာ ဖြန့်ဖြူးရေး လုပ်ငန်းများ (Research Development Design and Dissemination) တည်ထောင်ဆောင်ရွက်ရန်။

            ၈။         စွမ်းအင်ဆိုင်ရာကိစ္စရပ်များကို နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရန်။

            ၉။         စွမ်းအင်ဈေးနှုန်းများသတ်မှတ်ရာတွင် ထုတ်လုပ်သူနှင့် သုံးစွဲသူ နှစ်ဖက်စလုံးအတွက် စီးပွားရေးအာမခံချက်ရှိသည့် မူဝါဒများချမှတ်ရန်။

 စတာတွေပဲဖြစ်ပါတယ်။ ဒီအချက် ၉ ချက်ကိုကြည့်ရင် စွမ်းအင်ကဏ္ဍမှာ “Renewable (ပြန်လည်ပြည့်ဖြိုးမြဲ) သုံးရန်”၊ “စွမ်းအင် ထုတ်ရာ ဒေသရဲ့အကျိုးနဲ့ တစ်နိုင်ငံလုံးအကျိုးကို မျှတစွာကြည့်ရန်”၊ “စွမ်းအင် ချွေတာရန်”၊ “ဈေးကွက်စီးပွားရေးကို အကောင် အထည်ဖော်ရန်၊ ပြည်သူလည်း တတ်နိုင်ပြီး ထုတ်လုပ်သူလည်းအကျိုးရှိစေမယ့် ဈေးနှုန်းဖြစ်စေရန်” စတဲ့အချက်တွေဟာ ဘယ်အစိုးရပင် အုပ်ချုပ်စေကာမူ  ထာဝရ ရှင်သန်နေသင့်တဲ့ အဓိကအချက်တွေဖြစ်တယ်ဆိုတာ တွေ့ရမှာပါ။ ဒီ ၉ ချက်ဟာ မူဘောင် ၉ ချက်သာဖြစ်ပြီး ပြန်လည်သုံးသပ်ပြီး  ပြုပြင် ရာမှာလည်း ဒီဘောင်ထဲကသာဖြစ်စေရမယ်လို့ အစီရင်ခံစာမှာ  ဖော်ပြ ထားပါတယ်။

သရုပ်သဏ္ဌာန်များ (Character)

ဖော်ပြခဲ့တဲ့စွမ်းအင်မူဝါဒ ၉ ချက်ကို ထပ်မံပြီး သရုပ်သဏ္ဌာန် (Character) ခွဲပြီး အလေးအနက်ဖော်ပြထားတဲ့ အချက် ၆ ချက် ရှိပါတယ်။ ဒီ ၆ ချက်ကတော့ -

            ၁။         လိုအပ်ပါက စွမ်းအင်အမျိုးအစားတစ်ခုမှတစ်ခုသို့ ပြောင်းလဲအသုံး ပြုနိုင်ရန် ကွဲပြားခြားနားသော စွမ်းအင် အမျိုးအစားများ ဖြည့်ဆည်း နိုင်ရမည်။ (Diversity of Energy)

            ၂။         မိမိနိုင်ငံ၏ အကြောင်းပယောဂမပါဘဲ စွမ်းအင်ဖြည့်ဆည်းမှု ပြတ်တောက်နိုင်မည့် စွမ်းအင်တင်ပို့ရာ နိုင်ငံတစ်ခု တည်းကိုသာ မမှီခိုဘဲ ကွဲပြားသောစွမ်းအင်တင်ပို့ရာနိုင်ငံများ ဖြစ်စေရမည်။ (Diversity of Supply)

            ၃။         မိမိနိုင်ငံသို့ စွမ်းအင်ပစ္စည်းတင်ပို့ရာလမ်းကြောင်းကိုလည်း တစ်ခု မက စီမံထားရပါမည်။ (Diversity of Import Routes)

            ၄။         မိမိနိုင်ငံ၏ စီးပွားရေးတိုးတက်မှုလုပ်ငန်းများအတွက် စွမ်းအင် သုံးစွဲရန်လိုအပ်သည်မှာ အမှန်ဖြစ်သော် လည်း စွမ်းအင်သုံးစွဲမှု နှင့် စီးပွားရေးတိုးတက်မှုအချိတ်အဆက်ကို လျော့နည်းသွားစေ ရန် အစီအမံများ ပါရှိရပါမည်။ (Energy Efficiency and Conservation Measures to Decouple Energy Intensity and GDP Growth.)                  

ဆက်လက်ဖော်ပြပါမည်။