စက်မှုစွမ်းအားနှင့် ပညာရည်မြင့်မားသူများ ပေါ်ထွန်းရေး

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ မတ် ၁၃ ရက်)

စက်မှုစွမ်းအားနှင့် ပညာရည်မြင့်မားသူများ ပေါ်ထွန်းရေး

ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်ဟူသော ဆောင်ပုဒ်မှာ ရာနှုန်းပြည့်မှန်ကန်သည့် ဆောင်ပုဒ်ဖြစ်သည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့်အရေးအရာများ အားလုံးပြည့်စုံကာ အင်အားရှိနေရန်လိုအပ်လှသည်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီသည် နိုင်ငံတော်ကိုဦးဆောင် လျက်ရှိရာတွင် နိုင်ငံတော်ကြီး ဘက်စုံထောင့်စုံဖွံ့ဖြိုး တိုးတက်ရေးကို ရှေးရှု ဆောင်ရွက်လျက်ရှိသည်။ အထူးသဖြင့် နိုင်ငံတော်၏ စီးပွားရေးအင်အားတောင့်တင်းရန်လိုအပ်ပေရာ မိမိတို့နိုင်ငံသူ၊ နိုင်ငံသားများ အင်အား ဖြင့် မိမိနိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်နိုင်သည်ဟူသော စိတ်နှင့်ယုံကြည်မှုကို တည်ဆောက်နိုင်ကြရမည်။

စိုက်ပျိုးမွေးမြူရေးမှာ နိုင်ငံအတွက်အခြေခံ စီးပွားရေးလုပ်ငန်းများ ဖြစ်သည်။ ထို့အတူ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုနည်းပညာကို အခြေခံသောလုပ်ငန်းများကို လုပ်ဆောင်ရမည်ဖြစ်သည်။ စက်မှုကဏ္ဍတိုးတက်ရေးနှင့် နိုင်ငံတည်ဆောက်ရေး တွင် မရှိမဖြစ်သော သံမဏိလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် စက်ရုံများကို တည်ဆောက်လျက်ရှိရာတွင် အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်)လည်း တစ်ခုပါဝင်သည်။ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်တစ်ခုဖြစ်သည့် သံ၊ သံမဏိထုတ်ကုန်များကို ပြည်ပသွင်းကုန်အဖြစ် တင်သွင်းရန်မလိုဘဲ ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်တော့မည် ဖြစ်သည်။ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးနိုင်ခြင်း၊ ခိုင်မာသည့်ဈေးကွက်ရှိခြင်းတို့ကြောင့် မဖြစ်မနေအောင်မြင်အောင် အကောင်အထည်ဖော်ရမည့် စီမံကိန်းဖြစ်သည်။

အဆိုပါအမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)စီမံကိန်းကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ Tyazhpromexport (TPE) နှင့်မြန်မာစီးပွားရေး ကော်ပိုရေးရှင်းတို့ ပူးပေါင်း၍ ၂၀၀၆ ခုနှစ် စက်တင်ဘာ ၅ ရက်တွင် စတင်အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။ ၂၀၁၂ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် စက်မှုဝန်ကြီးဌာန သို့လွှဲပြောင်း၍ ဆက်လက်အကောင်အထည်ဖော်ခဲ့သည်။ စီမံကိန်း တည်ဆောက်မှု လုပ်ငန်းများကို ၂၀၁၇ ခုနှစ် မတ် ၁၅ ရက်တွင် ယာယီရပ်ဆိုင်းခဲ့သည်။ အဆိုပါစီမံကိန်းမှာ ငွေကြေးအခက်အခဲ၊ နည်းပညာ အခက်အခဲများကြားမှ အကောင်အထည်ဖော်ဆောင်ခဲ့ရခြင်းဖြစ်သော်လည်း စီမံကိန်းအပေါ်နားလည်မှုနှင့် မဟာဗျူဟာမြောက် အမြင်မရှိဘဲ စီမံကိန်းကိုရပ်ဆိုင်းခဲ့ခြင်းမှာ နိုင်ငံတော်အတွက်များစွာနစ်နာခဲ့ရသည်။

ခေတ်မီနိုင်ငံတစ်ခု တည်ဆောက်ရေးအတွက် သံမဏိလိုအပ်ချက်မှာ မလွဲမသွေရှိနေမည်ဖြစ်သည်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် အဆိုပါစက်ရုံသို့ လာရောက်စစ်ဆေးစဉ် ပြည်တွင်း သံမဏိလိုအပ်ချက်များစွာရှိသဖြင့် သံမဏိ ထုတ်လုပ်ရေးစီမံကိန်းများအား အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုကြောင်း လမ်းညွှန်မှာကြားချက်များအရ အောက်တိုဘာ ၄ ရက်တွင် ပြန်လည်စတင်ခဲ့ခြင်းဖြစ်သည်။ လက်ရှိ အချိန်အထိ စီမံကိန်းရှိ အလုပ်ရုံ ၂၂ ရုံအနက် ၁၉ ရုံကို ဝန်မပါစမ်းသပ်လည်ပတ်နိုင်ခဲ့ပြီး စီမံကိန်းအကောင်အထည် ဖော်မှုများကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မတ် ၈ ရက်နံနက်ပိုင်းတွင် တောင်ကြီးမြို့နယ် ပင်းပက်ဒေသ ပင်ငိုကျေးရွာအနီးရှိ စက်မှုဝန်ကြီးဌာန အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း အမှတ်(၂)သံမဏိ စက်ရုံ (ပင်းပက်)သို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။ စက်ရုံရှင်းလင်းဆောင်တွင် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာစီးပွားရေး ကော်ပိုရေးရှင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)နှင့် ပတ်သက်၍ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများကို ရှင်းလင်းတင်ပြခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က “နိုင်ငံတော်အနေဖြင့် လုပ်ငန်းများအောင်မြင်စေရေး မူဝါဒများကို ချမှတ်ပေးမည်ဖြစ်ပြီး အမှန်တကယ်အောင်မြင်အောင်အကောင် အထည်ဖော်ဆောင်ရွက်ကြရန်မှာ ဝန်ကြီးဌာနများ၏ တာဝန်သာ ဖြစ်ကြောင်း၊ စီမံကိန်းအကောင်အထည် ဖော်ဆောင်မှုများကို ဆောင်ရွက်ရာတွင် စနစ်တကျနှင့် ပီပီပြင်ပြင်ဖြစ်အောင် ဆောင်ရွက် ကြစေလိုပြီး ရေရှည်ကိုကြည့်၍ ဆောင်ရွက်ကြရန်လိုကြောင်း၊ ကမ္ဘာ့ပထမဆုံးသံရည်ကျိုနည်းစဉ် Romelt ကို အသုံးပြုထားသဖြင့် အလုပ်ရုံများ၏ ထုတ်လုပ်မှုလုပ်ငန်းစဉ်များ စဉ်ဆက်မပြတ်ပြုလုပ်နိုင်ရေးနှင့် အလုပ်ရုံများ အချင်းချင်းချိတ် ဆက်၍ ထုတ်လုပ်မှု ဆောင်ရွက်နိုင်ရေး လုပ်ငန်းစဉ်များအလိုက် စနစ်တကျနှင့် အလေးထားဆောင်ရွက်ကြရန်လိုကြောင်း၊  လုပ်ငန်းဆောင်ရွက်မှုနှင့် အရည်အသွေးစစ်ဆေးမှုများကို Third party ဖြင့် စစ်ဆေးမှုများနှင့် မှတ်တမ်းထားရှိမှုများ ပြုလုပ်ထားရှိရန်လိုကြောင်း” ဖြင့် လမ်းညွှန်မှာကြားခဲ့သည်။

မြန်မာနိုင်ငံတွင် စက်မှုကုန်ထုတ်လုပ်ငန်းများ ထွန်းကားလာခြင်းနှင့်အတူ အဆိုပါစက်မှုကုန်ထုတ် လုပ်ငန်းများတွင် ကျွမ်းကျင်စွာ တာဝန်ထမ်းဆောင်နိုင်သူများ စဉ်ဆက်မပြတ်ရှိနေစေရန်လိုအပ်သည်။ လူသားအရင်းအမြစ်ကောင်းများရှိနေပါက မိမိတို့အနေဖြင့် အခြားသူများကို အားကိုးရန်လိုအပ်မည်မဟုတ်ပေ။ ထို့ကြောင့် တိုင်းပြည်ရေရှည် အကျိုးစီးပွားကိုကြည့်၍ လူသားအရင်းအမြစ် ကောင်းများပေါ်ထွက်လာ ရေးကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် အားပေးဆောင်ရွက်ကြရမည်ဖြစ်သည်။ သို့မှသာ နိုင်ငံ တော်အတွက် စက်မှုစွမ်းအားထွန်းကားခြင်းနှင့်အတူ ပညာရည်မြင့်မားသူများလည်း ထွန်းကားလာမည်ဖြစ်ပါကြောင်း ရေးသားလိုက် ရပေသည်။   ။