အမျိုးသားရေးတာဝန်တစ်ရပ်

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ မတ် ၁၄ ရက်)

အမျိုးသားရေးတာဝန်တစ်ရပ်

လူငယ်လူရွယ်များနှင့်ကျောင်းသား၊ ကျောင်းသူများသည် လူသားအရင်းအမြစ်၏ အဓိကမဏ္ဍိုင်တစ်ခု ဖြစ်ပြီး နိုင်ငံ၏ အနာဂတ် အတွက် အလွန်အရေးပါသည့် ကြယ်ပွင့်ကလေးများ ဖြစ်သည်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုနှင့် တည်ငြိမ်အေးချမ်းနေမှုကို မလိုလားသည့် အကြမ်းဖက်အုပ်စုများသည်  နိုင်ငံ၏ မျိုးဆက်သစ်လူငယ်များကို လမ်းမှားရောက်စေပြီး  လူညွန့်တုံးစေရန်အတွက် လူငယ်လူရွယ်များနှင့် ကျောင်းသား၊ ကျောင်းသူများကို အဓိကပစ်မှတ်ထားကာ မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချမှုများ ပြုလုပ် လာကြသည်။

လူငယ်ထုအတွင်း မူးယစ်ဆေးဝါးသုံးစွဲမှုများကြောင့် မိသားစုတွင် စီးပွားရေး၊ လူမှုရေး အခက်အခဲ များဖြစ်ပေါ်စေပြီး နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်လာနိုင်ပါသည်။ သို့ဖြစ်၍ နိုင်ငံတော်အစိုးရအနေဖြင့် မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေး နှင့်ထိန်းချုပ်ရေးဆိုင်ရာ မူဝါဒများချမှတ်ကာ အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် သတ်မှတ်ကာ တားဆီး ကာကွယ်တိုက်ဖျက်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။

ကွတ်ကီးမုန့်များတွင် ဆေးခြောက်များထည့်၍ ရောင်းချသည့်တရားခံများကို ဖမ်းဆီးရမိကြောင်း သတင်းတစ်ခုကို မတ်လ ၉ ရက် နေ့ည ရုပ်မြင်သံကြားသတင်းများတွင် တွေ့မြင်လိုက်ရသည်။  ကွတ်ကီးမုန့်များအတွင်း ဆေးခြောက်များကို ထည့်သွင်းပြုလုပ်ကာ အွန်လိုင်းမှတစ်ဆင့် ရောင်းချခဲ့ခြင်းဖြစ်သည်။ ဆေးခြောက်ထည့်သွင်းမှုအနည်း၊ အများပေါ်မူတည်၍ ကွတ်ကီးမုန့်တစ်ခုလျှင်  ငွေကျပ် ၆၀၀၀ မှ ၁၀၀၀၀ အထိရောင်းချလျက်ရှိသည်။ ဆေးခြောက်များအား အွန်လိုင်းမှတစ်ဆင့် မြဝတီဘက်မှမှာယူ၍ ခရီးသည် တင်ယာဉ်များဖြင့် သယ်ဆောင်ရယူခဲ့သည်။ ဖမ်းဆီးရမိတရားခံများအနေဖြင့် ၎င်းတို့ရောင်းချသည့် ကွတ်ကီးမုန့်များအား လူကြိုက်များစေရန်နှင့် လူငယ်လူရွယ်များ၊  ကျောင်းသား၊ ကျောင်းသူများ မူးယစ်ဆေးဝါး သုံးစွဲလာစေရန်ရည်ရွယ်၍ ရက်စက် ယုတ်မာသည့်အကြံဖြင့် မုန့်များအတွင်း ဆေးခြောက်များကို ထည့်သွင်းပြုလုပ်ကာ ရောင်းချခြင်းဖြစ်သည်။

အဆိုပါ ကွတ်ကီး မုန့်များအား ဝယ်ယူစားသုံးသူများအနေဖြင့် ရုပ်ပိုင်းဆိုင်ရာနှင့်စိတ်ပိုင်းဆိုင်ရာများကို များစွာပျက်စီးစေနိုင်ပြီး  စတင်စားသုံးစဉ်  ခွန်အားများတိုးပွားလာကာ  အိပ်ချင်စိတ်များပြေပျောက် သည်ဟု  မှားယွင်းစွာထင်မြင်နေတတ်သည်။ သို့သော် နောက်ပိုင်းတွင် စားချင်စိတ်နည်းပါးလာပြီး ကိုယ်အလေးချိန်ကျဆင်းလာမည်။ ကြွက်သားများ တောင့်တင်းလာမည်။ အသက်ရှူ မြန်လာမည်။ အာရုံစူးစိုက် မှုနည်းလာမည်။ မှတ်ဉာဏ်ယိုယွင်းလာခြင်း၊ စိတ်တိုဒေါသထွက်ခြင်းများ ဖြစ်ပေါ်လာမည်။

စားသုံးသည့်အချိန်ကာလ ကြာလာသည်နှင့်အမျှ နောက်ထပ်မစားရလျှင်မနေနိုင်အောင် စိတ်ရောကိုယ်ပါ စွဲလမ်းမှုဖြစ်ပေါ် လာသည်။ စိတ်ချောက်ချားခြင်း၊ စိတ်ဂနာမငြိမ်ဖြစ်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ဖျားနာလာခြင်း၊ ဦးနှောက်အတွင်း သွေးယိုခြင်း၊ အသက်ရှူကျပ်လာခြင်း၊ နှလုံးခုန်ရပ်ခြင်းများဖြစ်လာကာ နောက်ဆုံးတွင် ရုတ်တရက်သေဆုံးသည်အထိ ဆိုးကျိုးများကို ခံစား ရသည်။ အသက်ငယ်ငယ်ရွယ်ရွယ်   လူ့လောကမှထွက်ခွာသွားကြရသည်မှာ မိသားစုများအတွက်၊ နိုင်ငံအတွက် လူသားအရင်း အမြစ်များ ဆုံးရှုံးခြင်းဖြစ်သည်။

၂၀၂၃ ခုနှစ် မတ် ၈ ရက်ညနေပိုင်းတွင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးကိုလိုလားသည့် ပြည်သူများ၏ သတင်းပေးပို့ချက်အရ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်းသိရသည့်အတွက် သတင်းပေးသည့် ပြည်သူများမှာ လူသားတို့ အသက်ကို ကယ်တင်ခြင်းဖြစ်သည်။   ဖမ်းဆီးရမိခဲ့သူ  တရားခံများဖြစ်သည့် ဇော်လင်းနောင်(၂၁)နှစ်နှင့် ထက်ရတနာစိုး(၂၄)နှစ်တို့အနေဖြင့် ၎င်းတို့၏ထွက်ဆိုချက်များအရ ၎င်းတို့သည် တရားမဝင်ပေါင်းသင်းနေထိုင်သူများ ဖြစ်ကြောင်းသိရှိရသည်။  

မိဘပြည်သူများအနေဖြင့် မိမိတို့၏ဆယ်ကျော်သက်ရင်သွေးငယ်များ မူးယစ်ဆေးဝါးသုံးစွဲခြင်းရှိ၊ မရှိ ၎င်းတို့၏ နေ့စဉ်နေထိုင်ပြုမူပုံ ကို သတိထားစောင့်ကြည့်သင့်သည်။ သုံးစွဲနေသည်ဟုသံသယရှိပါက အချိန်မီပြုပြင်တားဆီးသင့်ပါသည်။ လူငယ်များအနေဖြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများကို စမ်းသပ်သုံးစွဲခြင်း၊ စွဲလမ်းစွာသုံးစွဲခြင်းကိုလုံးဝရှောင်ကြဉ်ခြင်းဖြင့်  မိမိတို့၏ ဘဝတိုးတက်ရေး ကိုရှာဖွေသင့်သည်။ အကယ်၍ ဆေးစွဲခြင်းဝေဒနာခံစားရပါက နီးစပ်ရာ ဆေးခန်း၊ ဆေးရုံ၊ ကျန်းမာရေး ဌာနများသို့ ဆောလျင်စွာပြသပြီး ဆေးကုသမှုခံယူကြရန်ဖြစ်သည်။

မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးကင်းစင်သည့် လူမှုအသိုက်အဝန်းဖြစ်စေရန်မှာ တစ်ဦးချင်း၊ တစ်မိသားစုချင်းက ကြိုတင် ကာကွယ်ခြင်း၊ တွေ့မြင်လျှင်သတင်းပေးပို့ခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်သည်။ မူးယစ်ဆေးဝါးသုံးစွဲသူကို စွန့်ပစ်ထားလျှင် ရာဇဝတ်မှုများ ကျူးလွန်ခြင်း၊ ယင်းကဲ့သို့အခြေအနေမပေးပါက သုံးစွဲမှုနှင့်ရပ်တည်မှုကာမိစေရန် မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်း ချခြင်းကြောင့် မူးယစ်ဆေးဝါးသုံးစွဲသူများတိုးပွားလာနိုင်ပါသည်။ အနှစ်ချုပ်ဆိုရသော် မူးယစ်ဆေးဝါးပပျောက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် အသိစိတ်ဓာတ်ရှိရှိဖြင့် ပါဝင်ဆောင်ရွက်ကြရန်နှင့် ပါဝင်ဆောင်ရွက်သူများကို ဂုဏ်ယူပါကြောင်း ရေးသား လိုက်ရပေသည်။     ။