စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

အမှတ်စဉ်(၈၁)

နိုင်ငံတော်ပိုင်းက ချမှတ်ပေးရမယ့် မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များ ချမှတ်ပေးပြီးနောက်မှာ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ဆောင်ရွက်ရမယ့် မဟာဗျူဟာ (Master Plan)များ၊ ဥပဒေနဲ့ နည်းဥပဒေများကို ဆက်လက်ရေးဆွဲကြရပြန်ပါတယ်။   စွမ်းအင်မူဝါဒကို  ၂၀၁၃  ခုနှစ် ဒီဇင်ဘာလမှာ   အပြီးသတ်ထုတ်ပြန်ကြေညာပြီးနောက်   လိုအပ်တဲ့ နောက်ဆက်တွဲလုပ်ငန်းများကို ဝန်ကြီးဌာနများက ဆောင်ရွက်ကြရတာပါ။ အဲဒါတွေကတော့-

-                       သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ၊ နည်းဥပဒေရေးဆွဲခြင်း။

-                       နိုင်ငံအဆင့် ဇီဝမျိုးစုံ မျိုးကွဲဆိုင်ရာ မဟာဗျူဟာနှင့် လုပ်ငန်းစီမံချက်ရေးဆွဲခြင်း။

-                       အမျိုးသားအဆင့် ရေမူဝါဒရေးဆွဲခြင်း။

-                       မြန်မာနိုင်ငံ တမံကြီးများဆိုင်ရာ အမျိုးသားကော်မတီဖွဲ့စည်းခြင်း။

-                       လျှပ်စစ်မဟာဗျူဟာ (National Electricity Master Plan) (NEMP) ရေးဆွဲခြင်း။

-                       တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိရေး ပင်မစီမံချက် (National Electrification Plan) (NEP)  ရေးဆွဲခြင်း။

-                       လျှပ်စစ်ဥပဒေနှင့် နည်းဥပဒေရေးဆွဲခြင်း။

-                       နိုင်ငံတော် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်မူဝါဒ၊ ရည်မှန်းချက်   နှင့် လုပ်ငန်းစဉ် (Renewable Energy Policy, Strategy and Roadmap) ရေးဆွဲခြင်း။

            အပါအဝင် အခြားလိုအပ်တဲ့ကိစ္စရပ်တွေကို ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အကြား ပထမအကြိမ် ရွေးကောက်ခံ အစိုးရသက်တမ်းကာလအတွင်း  ကမ္ဘာ့ဘဏ်၊  အာရှဖွံ့ဖြိုးရေးဘဏ်၊  ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးအေဂျင်စီနှင့် အခြားမိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့တာတွေ့ရပါတယ်။ ဒီလိုမူဝါဒ၊ ဥပဒေ၊ နည်းဥပဒေများ ဆောင်ရွက်ဆဲမှာ အချို့သော ဖွံ့ဖြိုးမှုလုပ်ငန်းများဟာလည်း တစ်ပြိုင်နက်ဆောင်ရွက်နေကြတာဖြစ်လို့ ဆောင်ရွက်ဆဲအချို့မှာ အားနည်းချက်တွေရှိနေပြီး မူဝါဒနဲ့ အံမဝင်တာလည်း တွေ့ရပါတယ်။ ဆောင်ရွက်ဆဲတွေကို အတတ်နိုင်ဆုံးမီတဲ့နေရာကနေ စွမ်းအင်မူဝါဒရည်မှန်းချက်၊ လုပ်ငန်းစဉ်များနဲ့ကိုက်ညီအောင် ဆောင်ရွက်ရင်း လုပ်ငန်းသစ်တွေမှာ ရာနှုန်းပြည့်ကိုက်ညီအောင် ဆောင်ရွက်ကြရပါမယ်။  မူဝါဒ၊  ဥပဒေ၊  နည်းဥပဒေအားလုံးဟာလည်း ထာဝရမှန်ကန်တယ်လို့ ပြောလို့မရပေမယ့် မူဝါဒပိုင်းမှာ နိုင်ငံ့အကျိုးစီးပွားအတွက် ကိုက်ညီပြီးသားအချက်တွေကိုတော့  ဆက်လက်ကျင့်သုံးသင့်ပါတယ်။

ရွေးကောက်ခံအစိုးရတစ်ရပ်က စနစ်တကျ ကမ္ဘာ့အဖွဲ့အစည်းများရဲ့ ငွေကြေးနှင့် နည်းပညာအကူအညီနဲ့ နှစ်အတန်ကြာ အချိန်ပေး ရေးဆွဲထားတဲ့ မူဝါဒ၊ မဟာဗျူဟာ၊ ဥပဒေ၊ နည်းပညာတွေဟာ လက်ရှိအခြေအနေနဲ့မကိုက်ညီရင် အမြန်ဆုံးပြင်ပြီး သုံးစွဲသင့်ပါ တယ်။ ဒါမှလည်း နိုင်ငံရဲ့ စွမ်းအင်ဖွံ့ဖြိုးမှုဟာ စဉ်ဆက်မပြတ် လက်ဆင့်ကမ်းနိုင်မှာဖြစ်ပြီး ရေရှည်အကျိုးရှိမှာပါ။

            ချမှတ်ပြီးမူဝါဒကို  လေ့လာတဲ့အခါ  စွမ်းအင်လုံခြုံရေး၊  စွမ်းအင်ဈေးနှုန်းသက်သာရေး၊ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုပတ်ဝန်းကျင်သက်ရောက်မှုနည်းစေရေး၊ ဈေးကွက်စီးပွားရေးနဲ့အညီ ဖွံ့ဖြိုးအောင်ဆောင်ရွက်ရေး၊ တည်ငြိမ်သောလျှပ်စစ်၊ ဈေးနှုန်းသက်သာသော လျှပ်စစ်ဖြစ်စေရေးအတွက် အရင်းအမြစ်မျိုးစုံကို အချိုးကျ ပေါင်းစပ်ထုတ်လုပ်ရေး၊ စွမ်းအင်ချွေတာရေး၊ စွမ်းရည်မြှင့်ပစ္စည်းများ သုံးစွဲပြီး စွမ်းအင်အသုံးပြုမှုလျှော့ချရေး၊ ဖွံ့ဖြိုးမှုလုပ်ငန်းများဆောင်ရွက်ရာမှာ ဒေသအကျိုးစီးပွားနဲ့ တစ်နိုင်ငံလုံး အကျိုးစီးပွားနှစ်ရပ်စလုံး စဉ်းစားရေး အစရှိတာတွေပါရှိပြီး ဖြစ်နေတဲ့အတွက် လိုက်နာရင်လိုက်နာသလောက် အကျိုးများပါလိမ့်မယ်။

အခန်း (၂၃)

နိုင်ငံတကာစွမ်းအင်စီမံခန့်ခွဲမှု

သက္ကရာဇ် ၁၇၅၀ ပြည့်နှစ်နောက်ပိုင်းကစပြီး စက်မှုတော်လှန်ရေး (Industrial Revolution) ဖြစ်ခဲ့တယ်။ တွင်းထွက် လောင်စာတွေ ကို စွမ်းအင်အဖြစ်သုံးစွဲပြီး လူသားအကျိုးပြုလုပ်ငန်းတွေ ပိုပြီးလုပ်လာတယ်။ တွင်းထွက်လောင်စာသုံးပြီး  စက်ကိရိယာများ  လည်ပတ်စေခဲ့တယ်။ တစ်ဆင့်မြင့်လာတဲ့အခါ လျှပ်စစ်ကိုသုံးပြီး စက်မှုလုပ်ငန်းတွေ လုပ်လာတယ်။ အလင်းရောင်အဖြစ် သုံးလာတယ်။ ဒါပေမဲ့ ၁၉ ရာစု နှစ်အစထိ တွင်းထွက်လောင်စာသုံးစက်များနဲ့သာ လည်ပတ်နေခဲ့တယ်။ ၁၉ ရာစုနှစ် ထက်ဝက်ကျော် ရောက်လာတော့ ရေအားလျှပ်စစ်ဆိုတာ ပေါ်လာတယ်။ ရေအားလျှပ်စစ်က    ဈေးသက်သာတယ်။    ဒါကြောင့်    ရေအရင်းအမြစ် ကြွယ်ဝတဲ့ နိုင်ငံတွေက ရေအားလျှပ်စစ်ကို အားပြုကြတယ်။

ဒါပေမဲ့ ရေအရင်းအမြစ်မရှိတဲ့ နိုင်ငံတွေကတော့ တွင်းထွက်လောင်စာကို ပိုပြီးအားပြုကြရတယ်။ ခေတ်မီပညာရပ်တွေ ပေါ်လာတဲ့ အခါမှာ နျူကလီးယားစွမ်းအင်နဲ့  လျှပ်စစ်ထုတ်လာကြတယ်။  အချို့ကလည်း ဇီဝလောင်စာ (Bioenergy) တွေကို စွမ်းအင်အဖြစ် သုံးလာကြတယ်။ သူ့နိုင်ငံနဲ့သူ ဘယ်အရင်းအမြစ်သုံးရင် စရိတ်သက်သာမလဲ၊ လျှပ်စစ်ဓာတ်အားတည်ငြိမ်မလဲ၊ အရည်အသွေး ကောင်းမလဲဆိုတာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ တွက်ချက်အချိုးချပြီး  မောင်းနှင်လာကြတယ်။

ဆက်လက်ဖော်ပြပါမည်။