အသည်းရောဂါနှင့် ဖရဲသီးဓာတ်စာ

အသည်းရောဂါနှင့် ဖရဲသီးဓာတ်စာ

အသည်းရောဂါနှစ်မျိုးရှိသည်။ ရုတ်တရက်ဖြစ်သော အသည်းရောင်အသားဝါရောဂါနှင့် နာတာရှည်အသည်းရောဂါတို့ဖြစ်သည်။  ရုတ်တရက်ဖြစ်သော အသည်းရောင်အသားဝါရောဂါမှာ  ပိုးဝင်၍သော်လည်းကောင်း၊ အပူအစပ်၊ အရက်သေစာ အသောက်အစား များ၍သော်လည်းကောင်း၊ ဆေးထိုးဆေးစား  မှား၍သော်လည်းကောင်း ရုတ်တရက်ဖြစ်တတ်သော ရောဂါဖြစ်သည်။ အဆိုပါ ရောဂါမှာ ဆေးကုသရလွယ်ကူပြီး ရောဂါပျောက်ကင်းမှုမြန်သည်။ ယင်းရောဂါသည် ဆင်ခြင်ပြီးနေထိုင်လျှင် ဓာတ်စာဖြင့်ပင် သက်သာ ပျောက်ကင်းစေနိုင်သည်။

နာတာရှည်အသည်းရောဂါများမှာ အသည်းကြီးရောဂါ၊ အသည်းအဆီဖုံးရောဂါ၊ အသည်းခြောက်ရောဂါ၊ အသည်းတွင်  ပိုးတွယ်ကပ် သောရောဂါနှင့် မှိုတက်သောရောဂါများဖြစ်သည်။ အနောက်တိုင်းဆေးပညာအရ ဝမ်းကိုက်ပိုး၊ ဘီပိုး၊ စီပိုးများသည် ယခုခေတ်တွင် အလွယ်တကူ ကူးစက်မှုဖြစ်ပွားနေသည်။ မသန့်ရှင်းသော အစားအသောက်များ၊ အသုံးအဆောင်ပစ္စည်းများ၊ ဈေး၊ ဆေးရုံ၊ ဘတ်စကားများ၊ ဆံပင်ညှပ်ဆိုင်များ စသည်တို့တွင် ရောဂါကူးစက်မှုအများဆုံး ဖြစ်နိုင်သည်ဟုဆိုသည်။ မြို့ကြီးပြကြီးများ၊ လူနေထူထပ်သော နေရာများတွင် နေထိုင်သူများအနေဖြင့် အသည်းရောဂါဖြစ်ပွားမှုကို ရှောင်လွှဲမရနိုင်အောင် တွေ့ကြုံရလေ့ ရှိသည်။ အလားတူ နှစ်ပြန်ကြော်နှင့် အကြော်ဆီများမှာလည်း အသည်းအဆီဖုံးရောဂါကို ဖြစ်စေတတ်သော အဓိကအချက်များ ဖြစ်နေသည်။

ပူပြင်းသောအရပ်ဒေသများ၌ အရက်သေစာ သောက်စားသူများတွင်လည်း အသည်းကြီးရောဂါအဖြစ်များသည်။ အရက်ကြောင့် ဖြစ်သော အသည်းရောဂါမှာ နောက်ဆက်တွဲ ဖောရောင်သော ရေဖျဉ်းစွဲရောဂါဖြင့် နောက်ဆုံး အသက်ဆုံးရှုံးရလေ့ရှိသည်။ ဈေးကွက် အတွင်း ရောင်းချနေသော အသည်းအားဆေးများသည် အရက်သောက်စားသူများ၏ အသက်ကို မကယ်နိုင်ပေ။ အသည်း ကင်ဆာဖြင့် သေဆုံးရသူများမှာ ဆေးအားကိုးသူများဖြစ်ကြောင်း တွေ့ရှိရသည်။

သို့ဖြစ်၍ ရာသီစာအမျိုးမျိုးတွင် ပူသောရာသီဥတုနှင့်လည်း အဆင်ပြေ၊ အသည်းရောဂါသမားများအတွက်လည်း အကျိုးပြုစေ နိုင်သော ဖရဲသီးဓာတ်စာနှင့်ပတ်သက်၍ ဖော်ပြလိုက်ပါသည်။ ဖရဲသီးသည် အအေးစာဖြစ်သည်။ နုန်းတင်မြေနုနှင့် ကိုင်းမြေများ၊ မြစ်ကမ်း၊ ချောင်းကမ်းစပ်သဲသောင်ခုံများတွင် စိုက်ပျိုးလျှင် ဖြစ်ထွန်းအောင်မြင်သော အသီးမျိုးဖြစ်သည်။

ဖရဲသီးသည် အာပေါဓာတ်စာဖြစ်သဖြင့် အစာအိမ် ကိုအေးမြစေပြီး အစာအိမ်ပူလောင်ခြင်းကို သက်သာစေနိုင်သည်။ ဝမ်းမီးကို ငြိမ်းစေနိုင်သဖြင့် သတိပြုရန် မှာ ထမင်းမစားမီ ကြိုတင်၍ ဖရဲသီးကိုမစားသင့်ပေ။ ဝမ်းမီးငြိမ်းသွားသဖြင့် ထမင်းစားသောအခါ အစာ မကြေဖြစ်တတ်သည်။ ဖရဲသီး၊ သခွားသီး၊ သင်္ဘောသီး မှည့်များကိုစားသုံးလျှင် ထမင်းစားပြီးမှသာ စားသုံး သင့်သည်။

ဖရဲသီးကို  ဓာတ်စာအဖြစ်စားလျှင် မွန်းတည့် ၁၂  နာရီမှ  မွန်းလွဲ  ၁  နာရီအတွင်းစားရမည်ဟု ရှေးဓာတ်စာဆရာကြီးများက ဆိုသည်။ ထိုအချိန်တွင် အစာမစားဘဲ ဖရဲသီးချည်း သီးသန့်တဝစားပေးခြင်းဖြင့် ဝမ်းတွင်းအပူအောင်းသော ရောဂါမှန်သမျှကို ပျောက်ကင်း စေနိုင်သည့်အပြင် ကျောက်တည်သော ရောဂါကိုလည်း သက်သာစေနိုင်သည်။ အထူးသဖြင့် ကွမ်းစားသူများ၊ သည်းခြေအိတ် ကျောက်တည်သူများ၊ ကျောက်ကပ်ကျောက်ရှိသူများ၊ အသည်းကြီးရောဂါရှိသူများ၊ နေပူမီးပူနှင့် အလုပ်လုပ်ရသူများသည် ဖရဲသီး ဓာတ်စာကို တစ်ပတ်လျှင် သုံးကြိမ်ခန့် စားသုံးပေးပါက သက်သာစေနိုင်သည်။

မွန်းတည့်ချိန် ဖရဲသီးကို ရက်သတ္တပတ်ခန့် မှန်မှန်စားပေးသဖြင့် ကျောက်ကပ်မှ ကျောက်တည်ရောဂါရှိသူတစ်ဦး ကျောက်များ ပြုတ်ကျပြီး ဆီးသွားရာတွင်ပါလာသည်ကို လွန်ခဲ့သော ၁၀ နှစ်ခန့်က တွေ့ဖူးပါသည်။ ဂျပန်ဖရဲခေါ် ဖရဲသီးအဝါရောင်စား၍ ကျောက်ကျဖူးသူလည်း ရှိသည်ဟုလည်း မှတ်သားရဖူးသည်။

အချုပ်အားဖြင့်ဆိုရသော် အသည်းကြီးသောရောဂါမှာ တိုင်းရင်းဆေးပညာ အယူအဆအရအသည်းတွင် အပူငုပ်သော ရောဂါဖြစ် သည့်အတွက် ဖရဲသီးကို ယခုရာသီချိန်တွင် မှန်မှန်စားသုံးပေးခြင်းဖြင့် သက်သာနိုင်ကြောင်း ဗဟုသုတရရှိစေရန် ရေးသား တင်ပြ လိုက်ရပါသည်။    ။   

 ကြည်လွင်မြင့်(မုဒြာ)