လျှပ်စစ်သုံးယာဉ် တွင်ကျယ်စွာသုံးစွဲရေး

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ မတ် ၁၆ ရက်)

လျှပ်စစ်သုံးယာဉ် တွင်ကျယ်စွာသုံးစွဲရေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏လမ်းညွှန်ချက်နှင့်အညီ ၂၀၂၂ ခုနှစ် ဇွန် ၂ ရက်တွင် အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီနှင့် ဇွန် ၇ ရက်တွင် လုပ်ငန်းကော်မတီ (၅)ရပ်ကိုဖွဲ့စည်းခဲ့သည်။ ဦးဆောင်ကော်မတီအနေဖြင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒချမှတ်ခြင်း၊ လျှပ်စစ်သုံး ယာဉ်အသုံးပြုမှုအတွက် အခွန်/အခကင်းလွတ်ခွင့်များ၊ အခြားသက်သာခွင့်များဖော်ဆောင်ပေးခြင်း၊ လိုအပ်သည့် အမိန့်ညွှန်ကြား ချက်များ၊ စည်းမျဉ်းစည်းကမ်းများသတ်မှတ်ခြင်း၊ အများဆုံး Charging Station များ တည်ဆောက်နိုင်ရေး စီမံချက်များ ချမှတ်ခြင်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ယခုအခါ “လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးမူဝါဒ” ကို နိုင်ငံတော်အဆင့် အတည်ပြုပြဋ္ဌာန်းပြီးဖြစ်သည်။ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအနေဖြင့် “လျှပ်စစ်သုံးယာဉ်ဆိုင်ရာ Training of Trainers(TOT) သင်တန်း”၊ “လျှပ်စစ်သုံးယာဉ် (Electric Vehicle) စစ်ဆေးရေးအထောက်အကူပြုသင်တန်း” များကို စက်မှုဝန်ကြီးဌာနနှင့် ပူးပေါင်းဖွင့်လှစ်ခဲ့သည်။ ထို့ပြင် ၂၀၂၃ ခုနှစ်အတွင်း တစ်နှစ်ပတ်လုံး လျှပ်စစ်သုံးယာဉ်ဆိုင်ရာ Training of Trainers (TOT)သင်တန်းများနှင့် ပုံမှန်သင်တန်းများကို အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)တွင် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးဆောင်ကော်မတီ၏ခွင့်ပြုချက်ဖြင့် BYD အမှတ်တံဆိပ် လျှပ်စစ်သုံးယာဉ် ၂၅ စီးသည် ဖေဖော်ဝါရီ ၁၅ ရက်တွင် ရန်ကုန်မြို့ရှိ Asia World ဆိပ်ကမ်းသို့ရောက်ရှိလာသည်။ အဆိုပါ ၂၅ စီးမှာ BYD Atto 3 အမျိုးအစား ၁၅ စီးနှင့် BYD Dolphin အမျိုးအစား ၁၀ စီးဖြစ်ပြီး လူစီးယာဉ်အဖြစ် အသုံးပြုနိုင်ရေး ရည်ရွယ်၍ တင်သွင်းခြင်းဖြစ်ကြောင်း သိရှိရသည်။

အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်တင်သွင်းရောက်ရှိလာသည့် လျှပ်စစ်သုံးမော်တော်ယာဉ်များအား ဓာတ်အားပြန်လည်ဖြည့်သွင်းနိုင် ရန် ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်ရှိ အမှတ်(၃)တိုးဂိတ်၊ ဖြူးယာဉ်ရပ်နားစခန်း၊ နေပြည်တော်လမ်းဆုံယာဉ်ရပ်နားစခန်းတို့တွင် Charging Station များတည်ဆောက်နိုင်ရေးအတွက် EV Charger 60KW ငါးစုံနှင့် 200 KW နှစ်စုံ စုစုပေါင်းခုနစ်စုံ MITT ဆိပ်ကမ်းသို့ ဖေဖော်ဝါရီ ၁ ရက်တွင် ရောက်ရှိခဲ့ပြီး ဖေဖော်ဝါရီ ၃ ရက်တွင် အကောက်ခွန်ဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံ သို့ ဒုတိယအကြိမ်အဖြစ်တင်သွင်းလာသော EV Charger 60KW ငါးစုံသည် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဖေဖော်ဝါရီ ၁၁ ရက်တွင် ရောက်ရှိခဲ့သည်။ အဆိုပါ EV Charger 60KW များမှာ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် သပြေကုန်းဈေး၌ 60KW Charging Station တည်ဆောက်ရန်အတွက်ဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံ၏ ပထမဆုံးသော လျှပ်စစ်ဓာတ်အားဖြည့်သွင်းရုံ(နေပြည်တော်) MGEV Charging Station (NPT) ဖွင့်ပွဲ အခမ်းအနားကို ၂၀၂၃ ခုနှစ် မတ် ၄ ရက် နံနက် ၈ နာရီခွဲတွင် နေပြည်တော် သပြေကုန်းဈေး ယာယီမဏ္ဍပ်၌ကျင်းပခဲ့သည်။ မြန်မာနိုင်ငံအတွင်း လျှပ်စစ်သုံးယာဉ်များ အသုံးပြုနိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီက Pilot Project အနေဖြင့် ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တစ်လျှောက်တွင် လျှပ်စစ်သုံးယာဉ်များ လွယ်ကူလျင်မြန်စွာ အားသွင်းနိုင်ရေးအတွက် လျှပ်စစ်ဓာတ်အားဖြည့်သွင်းရုံများ တည်ဆောက်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

နေပြည်တော်အတွင်း NPK Motor Co.,Ltd. က ပထမဦးစွာတည်ဆောက် အသုံးပြုနိုင်ခဲ့ခြင်းဖြစ်ပြီး တည်ဆောက်ပြီး Charging Station နှင့်အတူ လျှပ်စစ်သုံး Taxi အငှားယာဉ်လုပ်ငန်းကိုလည်း စတင်ဆောင်ရွက်သွားမည်ဖြစ်သည်။ ဆက်လက် တည်ဆောက် မည့် လျှပ်စစ်ဓာတ်အားဖြည့်သွင်းရုံများကို အမြန်ဆုံးဖွင့်လှစ်အသုံးပြုနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ မတ် ၃ ရက်တွင် BYD အမျိုးအစား လျှပ်စစ်သုံးယာဉ် ၁၉ စီးသည် ထီးတန်းဆိပ်ကမ်းသို့လည်းကောင်း၊ Dongfeng အမျိုးအစား လျှပ်စစ်သုံး ယာဉ်အစီး ၃၀ သည် ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်သို့လည်းကောင်း ရောက်ရှိခဲ့သည်။ မတ် ၆ ရက်တွင် တရုတ်နိုင်ငံထုတ် လျှပ်စစ်သုံးယာဉ်အားသွင်းစက် (EV Charger) 60KW ငါးစုံသည် ရန်ကုန်သီလဝါ ဆိပ်ကမ်းသို့ ရောက်ရှိခဲ့သည်။ မတ် ၁၁ ရက်တွင် လျှပ်စစ်သုံးမော်တော်ယာဉ် ၅၃ စီးသည် ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိခဲ့သည်။ အဆိုပါ တင်သွင်းမှုများအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားပေရာ နိုင်ငံအတွင်း လျှပ်စစ်သုံးယာဉ်များ အသုံးပြုမှုများပြားလာခြင်းကို ကြိုဆိုပါကြောင်း ရေးသားလိုက်ရပေသည်။  ။