ရွှေဖရုံသီးနှင့်ကျန်းမာရေး

ရွှေဖရုံသီးနှင့်ကျန်းမာရေး

 ရွှေဖရုံသီး၏အရောင်မှာ ရွှေရောင်ကဲ့သို့ဝင်းဝါနေပြီး အရသာအတန်ငယ်ချိုသည်။ ရွှေဖရုံသီး၏အသားသည် မချက်ပြုတ်မီ အလွန် မာကျောသော်လည်း အပူ ပေးချက်ပြုတ်ပြီးနောက် အင်မတန်နူးညံ့သည်။ အသီးသာမက ရွှေဖရုံပင်၏ အရွက်၊ အပွင့်နှင့် အစေ့တို့ကိုလည်း စားသုံးနိုင်သည်။

ရွှေဖရုံသီးကို သက်သတ်လွတ်ဟင်းလျာအဖြစ် စားကြသကဲ့သို့ မိမိနှစ်သက်ရာ ပုစွန် သို့မဟုတ် အသားတစ်မျိုးမျိုးနှင့်ရော၍   ချက်ပြုတ်စားသုံးနိုင်သည်။ ထို့ပြင် ရွှေဖရုံသီးပေါင်း၊ ရွှေဖရုံသီးစွပ်ပြုတ်နှင့်  ရွှေဖရုံသီးဆန်ပြုတ်အဖြစ် စားသုံးလေ့ရှိကြသည်။  အရွက်၊ အညွန့်နှင့်အပွင့်တို့ကို ကြော်၍လည်းကောင်း၊  ဟင်းချို၊   စွပ်ပြုတ်၊  အသုပ်သုပ်၍လည်းကောင်း၊ ရေနွေးဖြော၍  အတို့အမြှုပ် အဖြစ်လည်းကောင်း စားသုံးနိုင်သည်။ ရွှေဖရုံစေ့ကို လှော်၍စားသုံးလေ့ရှိကြပြီး ဆားအနည်းငယ်ထည့်၍လှော်ပါက အရသာ ပိုမိုကောင်းမွန်သည်။ နူးညံ့ချိုဆိမ့်သော ရွှေဖရုံသီးနှင့် အစေ့တို့ကို pie ကိတ်၊ pan ကိတ်၊ moon ကိတ်၊ custard (ခေါ်) အစာသွတ်မုန့် စသည်ဖြင့်နှစ်သက်ရာ မုန့်အချိုအမျိုးမျိုး ပြုလုပ်စားသုံးနိုင်သည်။ ရွှေဖရုံ သီးမှည့်ဖျော်ရည်သည်လည်း ထူးခြားသော အနံ့ အရသာဖြင့် စွဲမက်စရာကောင်းလှသည်။

ရွှေဖရုံသီးနှင့်ကျန်းမာရေး

WHFoods ၏ ဓာတ်ခွဲစမ်းသပ်ချက်များအရ ရွှေဖရုံသီး ၁၀၀ ဂရမ်တွင်  လူသားတို့ကျန်းမာရေး အတွက် မရှိမဖြစ်လိုအပ်သော ပရိုတင်း ၁ ဒသမ ၃ ဂရမ်၊ သဘာဝအဆီဓာတ် သုည ဒသမ ၃ ဂရမ်၊ ကစီ ဓာတ် ၉ ဒသမ ၉ ဂရမ်၊ ဗီတာမင်အေ ၂၆၉၀၈  IU၊ ဗီတာမင်ဘီဝမ်း သုည ဒသမ ၀၃ မီလီဂရမ်၊ ဗီတာမင် ဘီတူး သုည ဒသမ ၀၇ မီလီဂရမ်၊ နီအာစင် သုည ဒသမ ၄ မီလီဂရမ်၊ ဗီတာမင်စီ ၅ မီလီဂရမ်၊ ကယ်လ် စီယမ် ၃၂ မီလီဂရမ်၊ ဖော့စဖရပ်စ်(ခေါ်) မီးစုန်း ၄၂ မီလီဂရမ်နှင့်  သံဓာတ်  ၁  ဒသမ  ၇ မီလီဂရမ်တို့ အသီးသီးပါရှိနေကြောင်း တွေ့ရသည်။ 

  • ၁ ဂရမ်ပမာဏရှိသော ရွှေဖရုံစေ့တွင် ပရိုတင်း ဓာတ်ပါဝင်မှုသည် နွားနို့တစ်ဖန်ခွက်တွင်ပါဝင်သော ပရိုတင်းဓာတ် ပမာဏနှင့်ညီမျှသည်။ ထိုမျှမက ရွှေဖရုံစေ့သည် လူသားတို့ကျန်းမာရေးကို ကောင်းကျိုး ပြုစေသည့် မပြည့်ဝဆီ၊ ဗီတာမင်ကေနှင့် ဗီတာမင်အီး စသည်တို့ စုဝေးရာအရင်းအမြစ်ဖြစ်သည်။
  • မျက်စိအဝေးမှုန်ခြင်း၊ အနီးမှုန်ခြင်းနှင့် ကြက်မျက်သင့်ရောဂါဝေဒနာရှင်များသည် ဗီတာမင်အေ အပြည့်အဝပါရှိသော ရွှေဖရုံသီးကို မဖြစ်မနေစားသုံး ပေးသင့်သည်။
  • ရွှေဖရုံသီးတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ၊ ဗီတာကယ်ရိုတင်းနှင့် ဗီတာမင်အီးတို့ပါရှိသောကြောင့် အသားအရေကို ကျန်းမာစေကာ ဝဲ၊ နှင်းခူရောဂါကဲ့သို့ ကူးစက်ရောဂါများကိုလည်း မဖြစ်စေနိုင်ပေ။
  • ရွှေဖရုံသီးစားခြင်းက အရွယ်တင်နုပျိုစေသဖြင့် အလှအပမြတ်နိုးသူတို့ အားထားလောက်ပေသည်။
  • ရွှေဖရုံသီးနှင့် ရွှေဖရုံစေ့ထဲရှိ အဆီတို့သည် ကျောက်ကပ်၏ စွမ်းဆောင်ရည်ကို တိုးတက်မြင့်မား စေပြီး ခန္ဓာကိုယ်တွင်းရှိ မလိုလားအပ်သော အညစ်အကြေးများကို ဆီးအဖြစ် စွန့်ထုတ်ပေးနိုင်သည်။ ထိုဇီဝဖြစ်စဉ်ကြောင့် ဆီးကျောက်တည်ခြင်း မဖြစ်စေ တော့ပေ။ အထူးသဖြင့် အမျိုးသားများတွင်ဖြစ်တတ်သော ဆီးကျိတ်ကြီးထွားလာခြင်းကို သက်သာစေရုံမျှမက ဆီးကျိတ်ကင်ဆာရောဂါကိုလည်း ထိထိရောက် ရောက် တားဆီးကာကွယ်ပေးနိုင်သည်။
  • အမျိုးသမီးများ၏ မျိုးပွားအင်္ဂါအဖွဲ့အစည်းများ ကို အလွန်အမင်းကောင်းကျိုးပြုသဖြင့် သားသမီးယူ ရန်အစီအစဉ်ရှိသော မိခင်လောင်းများက ရွှေဖရုံသီး နှင့် ရွှေဖရုံစေ့တို့ကို အထူးတလည်စားပေးသင့်သည်။ ကိုယ်ဝန်ဆောင်များ နေ့စဉ်  ရွှေဖရုံသီးဟင်းလျာကို စားပေးခြင်းဖြင့် ရင်ခေါင်းတောင့်ခြင်းနှင့်  ရင်ပြည့်၊ ရင်ကယ်ခြင်းကို သက်သာစေကာ ထမင်းမြိန် ခံတွင်း လိုက်စေသည်။  ထို့ပြင်  အမျှင်ဓာတ်ကြွယ်ဝသဖြင့် ရွှေဖရုံသီးက ကိုယ်ဝန်ဆောင်များအတွက် အကောင်း ဆုံး သဘာ၀၀မ်းပျော့ဆေးတစ်ခွက်ဖြစ်သည်။
  • ရွှေဖရုံသီးနှင့် ရွှေဖရုံစေ့တို့သည် အရိုးကြီးထွားမှုကို အထောက်အပံ့ဖြစ်စေသည့်အပြင် အဆစ် အမျက်ရောင်ရမ်း နာကျင်ခြင်း တို့ကိုလည်း သက်သာ စေသည်။
  • ရွှေဖရုံသီးတွင် ဗီတာမင်စီအလုံအလောက်ပါရှိသဖြင့် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်သည်။
  • ဗီတာမင်ဒီကြွယ်ဝစွာပါရှိသောကြောင့် အာရုံ ကြောအဖွဲ့အစည်းများကို တိုးတက်ကောင်းမွန်စေသည်။
  • အစေ့ထဲတွင် Phytosterols ဓာတ်ပေါင်းစု ပါရှိနေသဖြင့် ခန္ဓာကိုယ်ထဲရှိ မလိုလားအပ်သော LDL ကိုလက်စထရော ပမာဏကို လျှော့ချပေးနိုင် စွမ်းရှိသည်။
  • အစာခြေစနစ်ကို တိုးတက်ကောင်းမွန်စေသည့် အပြင် ဝမ်းချုပ်ခြင်းကိုလည်း ကာကွယ်ပေးသည်။

- မျက်စိကြောင်၍ နာတာရှည်အိပ်မပျော်သူများ အတွက် မဂ္ဂနီစီယမ်အလုံအလောက်ပါရှိသော ရွှေဖရုံသီးဖျော်ရည်ကို ပျားရည် အနည်းငယ်ရောစပ်ကာ သောက်သုံးပေးသင့်သည်။ ရွှေဖရုံစေ့တွင် L-tryptophan ဓာတ်ပါရှိ၍ နှစ်ခြိုက်စွာအိပ်မောကျစေသည်။

  • စိတ်ကျဝေဒနာသည်များကို ရွှေဖရုံစေ့ကျွေးပေး သင့်သည်။

- အစာအိမ်နာ၊ ဖက်ခွက်နာ၊ ပြည်တည်နာနှင့် ကိုယ်တွင်းကိုယ်ပ အနာအမျိုးမျိုးတို့အတွက်လည်း ကောင်းကျိုးပြုနိုင်သည်။

  • ရွှေဖရုံသီးတွင် အချိုဓာတ်ပါရှိသော်လည်း သွေးထဲရှိသကြားပမာဏကို ကျစေသည့်အတွက် ဆီးချိုရောဂါရှိသူများ ရွှေဖရုံသီး စားပေးသင့်သည်။
  • အာဟာရချို့တဲ့သူများ ရွှေဖရုံသီးစားပေးခြင်းဖြင့် သိသိသာသာ အားပြန်ပြည့်စေသည်။
  • သရက်ရွက်ကို ကျန်းမာစေသည်။
  • ချောင်းဆိုး၊ ရင်ကျပ်ခြင်း၊ လေပြွန်ပွခြင်းနှင့် လည်ချောင်းနာခြင်းတို့ကို သက်သာစေသည်။
  • ရွှေဖရုံသီးနှင့် အစေ့တို့သည် ခန္ဓာကိုယ်ထဲရှိ တုတ်ကောင်၊ သန်ကောင်၊ ကပ်ပါးကောင်တို့ပြန့်ပွားလာမှုကို ဟန့်တား ပေးသည်။
  • ရွှေဖရုံစေ့အဆီတွင်   မဂ္ဂနီစီယမ်၊   မဂ္ဂနိစ်နှင့် ဖော့စဖရပ်စ်(ခေါ်)  မီးစုန်းတို့ကြွယ်ဝစွာပါရှိ၍ အသည်းကို ကောင်းစွာ အလုပ် လုပ်စေနိုင်သည်။
  • ရွှေဖရုံစေ့အဆီထဲတွင် ဖက်တီးအက်စစ်ပါရှိ သဖြင့် သွေးကြောမများနှင့် တစ်ရှူးများကို ကောင်းမွန်တိုးတက်စေသည်။
  • အသက် ၄၅ - ၉၂ နှစ်အရွယ် အမျိုးသား  ၄၀၀ ကို သုတေသနပြုဆန်းစစ်ချက်အရ ဇင့်ဓာတ်ချို့တဲ့မှုကြောင့် ဦးခေါင်းခွံမှ  မြီးညောင်းရိုးအထိ  ကျောရိုး တစ်လျှောက်  အရိုးကြွပ်ဆတ်ခြင်းကို  ဖြစ်စေနိုင် ကြောင်းနှင့် ဇင့်ဓာတ်မြင့်မားစွာပါရှိသည့် ရွှေဖရုံစေ့ ကို စားသုံးပေးခြင်းဖြင့် အရိုးကြွပ်ဆတ်ခြင်းမှကာကွယ် ပေးနိုင်ကြောင်း The American Journal of Clinical Nutrition တွင် ဖော်ပြထားသည်။

သတိပြုရန်

(က)  ရွှေဖရုံစေ့သည် လူသားတို့ကျန်းမာရေးကို လွန်စွာကောင်းကျိုးပြုသည်မှာမှန်သော်လည်း တစ်ကြိမ် တည်းတွင် လက်တစ်ဆုပ် စာပမာဏထက် ပိုမိုစားသုံး မိပါက ဗိုက်အောင့်စေပြီး အခန့်မသင့်လျှင် ဝမ်းသွား တတ်သည်။  (ခ) ရွှေဖရုံသီးကို  ကြိုက်နှစ်သက်သော ကြောင့်  အလွန်အကျွံမစားသင့်ပေ။ သွေးတိုး၊ သွေး တက်ဖြစ်စေနိုင်သည်။

ရွှေဖရုံသီးဖြင့် အသားအရေထိန်းသိမ်းနည်း

ရွှေဖရုံသီးတွင်    ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ အပြင်  ရေဓာတ်အလုံအလောက်ပါရှိ၍   မျက်နှာ အတွင်းသားများအထိ  အေးမြစေပြီး  ကျန်းမာလှပ သောအသားအရေကို ပိုင်ဆိုင်စေပါသည်။ မည်သည့် အသားအရေမျိုးအတွက်မဆို သင့်လျော်သည့်အတွက်  ငွေမကုန်၊ ကရိကထမများစေဘဲ  မိမိအိမ်၌  ရွှေဖရုံ သီးဖြင့် အသားအရေထိန်းသိမ်းနိုင်သည်။  ထိုမျှမက  ရွှေဖရုံသီးက အရေပြားကင်ဆာ မဖြစ်အောင် ကာကွယ် တားဆီးပေးနိုင်သည်။

ပုံမှန်အသားအရေအတွက် ပျားရည်တစ်ဇွန်း၊ ခြောက်သွေ့သောအသားအရေအတွက်  နို့ခရင်မ် (၁/၄)ဇွန်း သို့မဟုတ် သကြားညို (၁/၂) ဇွန်း၊ အဆီ ပြန်သောအသားအရေအတွက်  ပန်းသီးဝိုင်  (၁/၄) ဇွန်း သို့မဟုတ် ဘယ်ရီသီးဖျော်ရည် (၁/၄) ဇွန်းတို့ကို နူးအောင် ပြုတ်ခြေထားသောရွှေဖရုံသီးနှစ်ဇွန်းနှင့် သမအောင်ရောနယ်ကာ မျက်စိထဲမဝင်အောင် မျက်နှာတစ်ပြင်လုံး ညင်သာစွာ လိမ်းပေးပါ။ အဆိုပါ ရွှေဖရုံသီးအရောအနှောကို မျက်နှာအသားထဲ စိမ့်ဝင် သွားအောင် ၁၅  မိနစ်ခန့်ထားပြီးနောက် မျက်နှာကို ရေနွေးနွေးဖြင့် သန့်စင်ပြီး  မိမိလိမ်းနေကျ ခရင်မ် တစ်ခုခုလိမ်းပေးနိုင်သည်။ ဤနည်းဖြင့် တစ်ပတ်လျှင် တစ်ကြိမ် ပုံမှန်ပြုလုပ်ပေးပါက နူးညံ့ချော မွေ့ဝင်းပ သော မျက်နှာပိုင်ရှင်ဖြစ်လာနိုင်သည်။

ရွှေဖရုံသီးအနှစ်ဖြင့်လည်း ခန္ဓာကိုယ်အသားအရေ ညက်ညောလှပအောင် Body Scrub ပြုလုပ်နိုင်သည်။ ပြုတ်ခြေထားသော ရွှေဖရုံသီးထဲကို ဆားနှင့် သကြားညိုထည့်၍နယ်ကာ အရည်ကျဲကျဲဖျော်စပ်ပြီး နောက် ခန္ဓာကိုယ်အနှံ့  စက်ဝိုင်းသဏ္ဌာန်  လိမ်းကျံ ပေးပြီး ရေချိုးသန့်စင်ပါ။

အချုပ်အားဖြင့်ဆိုသော် တိုးတက်ခေတ်မီသော ယနေ့ကမ္ဘာပေါ်တွင် ကျန်းမာရေးဗဟုသုတအမြင် ကျယ်လာသည်နှင့်အမျှ ဘဝ တစ်သက်တာကျန်းမာပျော်ရွှင်စွာနေထိုင်လိုပါလျှင် သစ်သီးဝလံနှင့် ဟင်း သီးဟင်းရွက်များကို လျစ်လျူရှု ပစ်ပယ်၍မရကြောင်း ကို ကျန်းမာရေးလိုက်စားသူ လူသားတိုင်း သိရှိလာ ကြပြီဖြစ်သည်။  ထို့ကြောင့်  လူသားတို့ကျန်းမာရေး ကို  လွန်စွာကောင်းကျိုးပြုနိုင်ပြီး  ဘေးထွက်ဆိုးကျိုး အလွန်နည်းသော ရွှေဖရုံသီးနှင့်ရွှေဖရုံစေ့တို့ကို အစာ လည်းဆေး၊   ဆေးလည်းအစာအဖြစ်   စားသုံးပေးကြ ပါရန် တိုက်တွန်းလိုက်ရပါသည်။   

ပေါက်ပေါက်