လူချွန်လူကောင်းများဖြစ်အောင် . . .

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ မတ် ၁၇ ရက်)

လူချွန်လူကောင်းများဖြစ်အောင် . . .

မြန်မာနိုင်ငံတွင် ကြည်းတပ်၊ ရေတပ်၊ လေတပ်တို့ကို စုပေါင်းထားသော တပ်မတော်တစ်ရပ်ရှိနေသည်မှာ နိုင်ငံအတွက် ကာကွယ်ရေးစွမ်းအားဖြစ်သည်။ မည်သည့်နိုင်ငံတွင်မဆို ကာကွယ်ရေးစွမ်းအားမြင့်မားရေးကို လုပ်ဆောင်နေကြသည်။ ကာကွယ်ရေးစွမ်းအားတွင် စစ်ရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်ဟူသော စွမ်းရည်သုံးရပ် ပြည့်စုံနေရမည် ဖြစ်သည်။ လက်ရှိမြန်မာ့တပ်မတော်သည် စွမ်းရည်သုံးရပ်ပြည့်စုံအောင် ကြိုးပမ်းဆောင်ရွက်နေသော တပ်မတော်ဖြစ်သည်။ ထိုစွမ်းရည် သုံးရပ်ကို စဉ်ဆက်မပြတ် ပေါ်ပေါက်လာမည့် မျိုးဆက်သစ် လူငယ်တပ်မတော်သားများထံ လက်ဆင့်ကမ်းနေရမည် ဖြစ်သည်။ ဆိုလိုသည်မှာ စဉ်ဆက်မပြတ် စွမ်းရည်ထက်မြက်နေရမည် ဖြစ်သည်။

တပ်မတော်ဟူ၍ ယနေ့တိုင် ခိုင်ခိုင်မာမာရပ်တည်နိုင်သည်မှာ တပ်မတော်သည် စဉ်ဆက်မပြတ်သော စွမ်းရည်များနှင့်ပြည့်စုံအောင် လက်ဆင့်ကမ်းပေးနိုင်နေခြင်းကြောင့်ဟု ဆိုရမည်ဖြစ်သည်။ နိုင်ငံတော်အတွက်အရေးကြုံလာလျှင် ကျရာနေရာမှာ ကျရာတာဝန်ကို ထမ်းဆောင်နိုင်ကြခြင်းမှာ ထိုစွမ်းရည်များကြောင့်ဖြစ်သည်။ တပ်မတော်တွင် အဆင့်ဆင့်ကွပ်ကဲအုပ်ချုပ်မှုဖြင့် အမိန့်နှင့်တာဝန်ကို ထမ်းဆောင်နေကြခြင်းဖြစ်ပေရာ အဆင့်ဆင့်တက်လှမ်းလာကြရခြင်း ဖြစ်သည်။ လေ့ကျင့်ပြုစုပျိုးထောင်ပေးလိုက်သော စစ်ကျောင်းကြီးများမှတစ်ဆင့် ပညာရပ်ဆိုင်ရာများ သင်ကြားခဲ့ကြရသည်။ စစ်ရေး၊ အုပ်ချုပ်ရေး၊ စည်းရုံးရေး၊ နိုင်ငံတကာရေးရာ စသည်ဖြင့် ရိုးသားကြိုးစားခဲ့ကြရသည်။

စိတ်ဓာတ်၊ စည်းကမ်း၊ သစ္စာ၊ စည်းလုံးမှု၊ စွမ်းရည်သုံးရပ် ပြည့်စုံမှုဟူသော ကိုယ်စီအရည်အချင်း များပြည့်ဝပြီးမှသာ တစ်ဆင့်ထက် တစ်ဆင့်မြင့်မားသော တာဝန်ကိုယူကြရခြင်းဖြစ်သည်။ ယနေ့လူကြီးများသည် တစ်ချိန်ကလူငယ်များသာဖြစ်သည်။ လူလားမြောက် သည်နှင့် ပထမဆုံးဖြတ်သန်းရသောဘ၀သည် ကျောင်းသားလူငယ်ဘဝဖြစ်သည်။ ကျောင်းသားသည် ကျောင်းနေပျော်၍ ကျောင်းစာတွင်တော် အောင်ကြိုးစားရသည်။ မိမိ၏ပတ်ဝန်းကျင်တွင် ဖျက်ဆီးနှောင့်ယှက်တတ်သော ကွမ်းယာ၊ အရက်၊ ဆေးလိပ်၊ မူးယစ်ဆေးဝါးတို့ကို ရှောင်ကြဉ်ရသည်။ မရှောင်နိုင်လျှင် မိမိဘဝ၏ တက်လမ်းကို မိမိကိုယ်တိုင် ဖျက်ဆီးခြင်းသာဖြစ်သည်။ ယနေ့ကာလတွင် လမ်းမှားသို့ရောက်နေသော လူငယ်များသည်ဘုမသိဘမသိ သူများ၏ သွေးထိုးမြှောက်ပင့်ပေးမှုကို နားယောင်ကာ မိမိတို့ဘဝကို ဖျက်ဆီးလိုက်ကြခြင်း ဖြစ်သည်။ အကယ်၍သာ ထိုလူငယ်များသည် တပ်မတော်အကြောင်းကို အမှန်အတိုင်းသိမြင်ပြီး တပ်မတော်အသိုက်အဝန်းသို့ ရောက်ရှိလာကြမည်ဆိုလျှင် လူ့အဖိုးတန်ကလေးများ ဖြစ်လာကြပေလိမ့်မည်။

ရိုးသားကြိုးစား၍ ကျောင်းစာတွင်တော်သောအခါ မိမိတက်ရောက်လိုသောတက္ကသိုလ်များကို အဆင့်မီစွာတက်ရောက်နိုင်သည်။ တပ်မတော်တွင် တာဝန်ထမ်းဆောင်လိုသူများက တပ်မတော်ရှိတက္ကသိုလ်များသို့ တက်ရောက်ခွင့်ရရှိအောင် ကြိုးစားရသည်။ ယောကျ်ားတိုင်းသည် စစ်သားမဖြစ်ကြသော်လည်း စစ်သားတိုင်းသည် ယောကျ်ားပီသကာ တကယ့်တန်ဖိုးရှိသူများ ဖြစ်သွား ကြသည်။ စစ်သည်တော်ဟောင်း တစ်ဦး၏ဆိုစကားရှိသည်။ ယင်းမှာ “ငါ့သားများစစ်ထဲဝင်ရင်လေ သူ့ကိုပြောလိုက်စမ်းပါကွာ။ စစ်တပ်ဆိုတာ အမှန်သာလိုက်နာနိုင်ရင် တကယ့်ယောကျ်ားမြတ်ဖြစ်စေနိုင်တဲ့တရားတွေကို သင်ကြားပေးတဲ့ကျောင်းကြီးပေါ့” ဟူ၍ဖြစ်သည်။

မိဘများသည် မိမိတို့သားသမီးများ တပ်မတော်ထဲသို့ ဝင်ရောက်အမှုထမ်းကြသည်ကို လွန်စွာဝမ်းသာကြသည်။ အိမ်မှာနေစဉ်က မိဘကိုဝိုင်းကူရန် လုပ်ဆောင်လေ့မရှိသူသည် တပ်မတော်ထဲရောက်သွားလျှင် တပ်မတော်က ကောင်းစွာပြုပြင် ပုံသွင်းလိုက်ပြီ ဖြစ်သည်။ အလုပ်တစ်ခုကို ခိုင်းမှလုပ်တတ်ခြင်းထက် မိမိအသိစိတ်ဖြင့် လုပ်ကိုင်တတ်လာသည်။ ယနေ့ဆူပူဆန္ဒပြ အကြမ်းဖက် မှုများတွင် ပါဝင်နေသော လူငယ်အချို့၏ လွဲမှားနေသော လုပ်ရပ်များကိုမြင်တွေ့ရတိုင်း အနာဂတ်နိုင်ငံတော်အတွက် စိုးရိမ်သောက ဖြစ်မိသည်။ သို့သော်နိုင်ငံတော်အတွက် အသိတရားမှန်၊ လမ်းကြောင်းမှန်သော မျိုးချစ်လူငယ်များ ရှိနေပါလားဟူသော စိတ်ဖြင့် ဖြေသိမ့်မိသည်။ တပ်မတော်သားတို့သည် ကြိုးစားကြသည်။ တာဝန်ကျေပွန်ကြသည်။ တိုင်းပြည်နှင့် လူမျိုးကိုချစ်မြတ်နိုးသည်။ ဘာသာ သာသနာကို တန်ဖိုးထားသည်။

တပ်မတော်သားတို့တွင် မှန်ကန်သောအတွေးအခေါ်ရှိကြသည်။ တစ်ဦးချင်းကိုယ်ကျိုးထက် အများအကျိုးကို ရှေးရှုဆောင်ရွက် ကြသည်။ အခက်အခဲကို ရင်ဆိုင်ကျော်လွှားနိုင်သည့် ရဲစွမ်းသတ္တိရှိသူများဖြစ်လာခဲ့သည်။ ထို့ပြင် တပ်မတော်သားတို့သည် ဘယ်သူခွဲခွဲတို့မကွဲ အမြဲစည်းလုံးမည်ဟူသော စိတ်ထားရှိကြသည်။ တပ်မတော်သို့ ဝင်ရောက်တာဝန်ထမ်းဆောင်နေကြသော လူငယ်၊ မောင်မယ်များသည် သာမန် ပြည်သူများ၏သားသမီးများသာဖြစ်ကြသည်။ ကိုယ်ပိုင်ဆန္ဒဖြင့် တပ်မတော်သို့ ဝင်ရောက် လာသူများဖြစ်ကြပြီး နိုင်ငံ့အကျိုးသယ်ပိုးနေသည်မှာ အခြားသောလူငယ်များ အတုယူထိုက်ပေသည်။ အမျိုးသမီးများသည်ပင် စစ်မှုထမ်းအဖြစ် တပ်မတော်သို့ ဝင်ရောက်တာဝန်ထမ်းဆောင်နေချိန်တွင် အချို့သောလူငယ်များကား ဘဝကိုအကျိုးမဲ့ ကုန်ဆုံး လျက်ရှိသည်မှာ ဝမ်းနည်းဖွယ်ကောင်းလှသည်။ အနှစ်ချုပ်ဆိုရသော် လူငယ်မောင်မယ်များအနေဖြင့် တိုင်းပြည်က အားကိုးအားထား ပြုရသော လူချွန်လူကောင်းများဖြစ်အောင် ကြိုးစားကြရန် တိုက်တွန်းအပ်ပါသည်။   ။