တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်) ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်) ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော်၊ မတ် - ၁၇

          ရခိုင်ပြည်နယ်အတွင်းရှိ ကမ်းရိုးတန်းဒေသတစ်လျှောက်မှ  ဒေသခံပြည်သူ များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် တပ်မတော် ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)ဖြင့်ရောက်ရှိနေသော တပ်မတော်နှင့်ကျန်းမာရေး ဝန်ကြီးဌာနတို့မှ အထူးကုဆေးအဖွဲ့များမှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများ သည် မြေပုံမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ခွဲစိတ်ကုသပြီးသော မျက်စိခွဲစိတ်လူနာ ၁၁ ဦးအား ဆေးရုံရေယာဉ်ပေါ်၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

          ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေး၍ မျက်စိခွဲစိတ်လူနာများအား မျက်မှန်များတပ်ဆင်ပေးပြီး အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် လက်ဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်ကြသည်။ ထို့ နောက် အဆိုပါလူနာများအား မြေပုံမြို့ ဆိပ်ခံတံတားသို့ ပြန်လည်ပို့ဆောင်ပေးသည်။

          ထို့အတူ နယ်လှည့်အထူးကုဆေးအဖွဲ့သည် မြေပုံမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာ များမှ ဒေသခံပြည်သူ ၄၂၅ ဦးအား  မြေပုံမြို့၊ ပညာ့ဗိမာန်ရိပ်သာ ပရိယတ္တိစာသင် တိုက်၌ အခြေပြု၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက် ပေးကြသည်။

          ထိုသို့ ဆောင်ရွက်ပေးရာ ယနေ့တွင် ဆေးကုသမှုဆိုင်ရာရောဂါ ၁၉၀ ဦး၊ ခွဲစိတ်ရောဂါ ၂၂  ဦး၊ သားဖွား/ မီးယပ်ရောဂါ ၂၂ ဦး၊ ကလေးရောဂါ ၂၉ ဦး၊ အရိုးရောဂါ ၅၉ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၃၅ ဦး၊ မျက်စိရောဂါ ၆၁ ဦးနှင့် သွားနှင့် ခံတွင်းရောဂါ ၇ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် အထွေထွေခွဲစိတ်လူနာ ၂ ဦး၊ မျက်စိခွဲစိတ်လူနာ ၅ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၄၅ ဦး၊ ECG ဖြင့် နှလုံးစမ်းသပ်လူနာ ၇၅ ဦးနှင့် ဓာတ်ခွဲ စမ်းသပ်လူနာ ၂၀ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ် ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန်လိုအပ်သူ ၃ ဦးတို့ကို  နီးစပ်ရာ တပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

          ထိုသို့‌ ဆောင်ရွက်ပေးနေမှုများကို တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

          ဆက်လက်၍ တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်)သည် မြေပုံမြို့ နယ်မှ ပေါက်တောမြို့နယ်၊ ပြိုင်းတောင်ကျေးရွာအုပ်စု၊ စိုးမဲကျီကျေးရွာသို့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ရန်အတွက် ဆက်လက်ထွက်ခွာကြသည်။

          ကျန်းမာရေးဆောင်ရွက်ပေးမှုအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခု လိုပဲကြားသိခဲ့ရပါတယ်-

ကျွန်တော်တို့မြို့က တကယ့်ကိုအလှမ်းဝေးတဲ့နေရာဖြစ်တယ်။ ရောဂါတစ်ခုခုဖြစ်ရင် စစ်တွေကိုသွားရတယ်။  မြောက်ဦးသွားရတယ်။ ရန်ကုန်သွားရတယ်။ ဒီလိုအခက်အခဲတွေကို   နိုင်ငံတော်အကြီးအကဲရဲ့ လမ်းညွှန်မှုနဲ့ အဖွဲ့အစည်းတစ်ရပ်အနေနဲ့ တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့ရောက်လာတဲ့အခါ   ကျွန်တော့်အနေနဲ့ အတိုင်းမသိဝမ်းသာမိပါတယ်။ မျက်စိမမြင်တဲ့သူတွေ သင်္ဘောပေါ်မှာခွဲစိတ်ကုသပြီး မျက်လုံးကောင်းသွားတဲ့သူတွေ ဒီဘဝမှာ မမြင်ရတော့ဘူးထင်တဲ့သူတွေ မျက်စိမြင်သွားကြတယ်။ ရောက်လာတာနဲ့ လူနာတွေကို လက်ဆောင်ပေးတယ်။ ဆေးကုပေးတယ်။ ဒီလောက်ကြီးမားတဲ့ ကုသိုလ်ကြီးကို လုပ်ပေးတဲ့အတွက် အရမ်းကိုကျေးဇူးတင်မိတယ်။ အဲ့ဒါကြောင့် နှစ်စဉ်နှစ်တိုင်းလာစေချင်တယ်။

သူတို့ကိုလည်း သားသမီးချင်း၊ ညီအစ်ကို မောင်နှမချင်းကိုယ်ချင်းစာမိတယ်။ သူတို့တွေလည်း  အရမ်းပင်ပန်းကြတယ်။ သူတို့လုပ်ရတာ လူနာတွေကလည်းများတော့ လွယ်တာမဟုတ်ဘူး။ ဒါပေမဲ့ သူတို့တွေမျက်နှာတစ်ချက်မညှိုးဘူး။ ပြုံးပြုံးရွှင်ရွှင်ပဲ။

ဒီလိုစိတ်ထားတွေဖြစ်အောင် ဘယ်လိုများပြုစုပျိုးထောင်ထားသလဲမသိဘူး။ ငါ့သားသမီးသာဖြစ်လိုက်ချင်တယ်။  ငါ့တူလေး၊ ငါ့ညီလေးသာဖြစ်လိုက်ချင်တယ်လို့ စိတ်ထဲမှာခံစားရမိတယ်။ အဲ့ဒါကြောင့် အခုလာရောက် ဆေးကုသပေးတဲ့အဖွဲ့တွေကို  မြေပုံမြို့နယ်သူ၊ မြို့နယ်သားတွေကိုယ်စား ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ စီစဉ်ပေးတဲ့ နိုင်ငံတော်အကြီးအကဲကိုလည်း ကျေးဇူးတင်ပါတယ်။  နောက်နောင်ကိုလည်း အခုလိုစီစဉ်ပေးစေချင်ပါတယ်လို့ပြောလိုပါတယ်။ ကျွန်တော်တို့မြို့နယ်က အမြဲတမ်းလက်ကမ်း ကြိုဆိုလျက်ပါလို့ပြောလိုပါတယ် ဟုပြောသည်။

 ကျွန်မတို့ရောဂါဖြစ်လို့ ဆေးခန်းပြမယ်ဆိုရင် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ စစ်တွေ၊ အမ်းတို့ကိုသွားရပါတယ်။ အခုကတော့ တစ်နေရာတည်းမှာ ရောဂါအမျိုးမျိုးကိုပြသလို့ရတယ်။   သွားဘက်ဆိုင်ရာ၊  မျက်စိဆိုင်ရာ၊   သားဖွားမီးယပ်ရောဂါ၊ အထွေထွေရောဂါကုသခွင့်ရနေတဲ့အတွက် အထူးပဲကျေးဇူးတင်တယ်။ အရမ်းလည်းပျော်တယ်။ ပီတိလည်းဖြစ်တယ်။ မတတ်နိုင်တဲ့သူတွေ ဆေးကုသခွင့်ရတဲ့အတွက်ကြောင့် ကျေးဇူးတင်တယ်။ ဝမ်းမြောက်ဝမ်းသာလည်းဖြစ်ရပါတယ်။  ဆရာဝန်တွေပေးတဲ့ ဆေးတွေကလည်း အကောင်းစားဆေးတွေ ဖြစ်တယ်လို့ သိရပါတယ်။ နယ်မှာဆိုတော့ အခက်အခဲတွေ အများကြီးကြုံတွေ့ရတယ်။ အခုဆိုရင် လမ်းစရိတ်လည်းသက်သာတယ်။ ဆေးဖိုးလည်း သက်သာတယ်။ လူနာတွေရဲ့ ရောဂါတွေကိုလည်း ဆရာဝန်တွေနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးတဲ့ အတွက်ကြောင့် ကိုယ့်ရောဂါအခြေအနေလည်း တိတိကျကျ သိရတာပေါ့။ နောက်ပြီး ဆရာဝန်တွေရဲ့ပြောဆိုဆက်ဆံမှုတွေကလည်း နူးညံ့သိမ်မွေ့တယ်။ လူနာတွေကိုလည်းအပြုံးနဲ့ ကြိုဆိုတော့ စိတ်ချမ်းသာမှုဖြစ်ရတာပေါ့။ အခုလိုစီစဉ်ပေးတဲ့ နိုင်ငံတော်အကြီးအကဲကိုလည်း အရမ်းကျေးဇူးတင်ပါတယ်။ ပါရဂူတွေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်ဟုပြောသည်။