လေအားလျှပ်စစ်စီမံကိန်းများအောင်မြင်ရေး

လေအားလျှပ်စစ်စီမံကိန်းများအောင်မြင်ရေး

နိုင်ငံသားတိုင်းအတွက် စွမ်းအင်ဖူလုံမှုသည် အဓိကကျလှသော်လည်း စွမ်းအင်အရင်းအမြစ်များမှာ အကန့်အသတ်ဖြင့်သာ တည်ရှိနေသည်။   ရခိုင်ပြည်နယ်အတွင်းရှိ  အမ်းမြို့နယ်၊  ဂွမြို့နယ်နှင့် သံတွဲမြို့နယ်တို့တွင် လေအားလျှပ်စစ်စီမံကိန်းများဆိုင်ရာ သဘောတူညီမှု စာချွန်လွှာလက်မှတ်ရေးထိုးခြင်း အခမ်းအနားကို နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ မတ် ၁ ရက်က ကျင်းပခဲ့သည်။ စီမံကိန်းအကောင်အထည်ဖော်ရန်အတွက် မြန်မာနိုင်ငံသားပိုင် PRIMUS၊ ဟောင်ကောင်အခြေစိုက် AED နှင့်တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ YMEC  တို့အနေဖြင့် MOA ကို  လက်မှတ် ရေးထိုးခဲ့ကြသည်။

လက်မှတ်ရေးထိုးသည့်သဘောတူစာချွန်လွှာမှာ လေအားလျှပ်စစ်စီမံကိန်းသုံးခုဖြစ်သည့် အမ်းလေအားလျှပ်စစ် စီမံကိန်း ၁၅၀ မဂ္ဂါဝပ်၊ ဂွလေအားလျှပ်စစ်စီမံကိန်း ၁၀၀ မဂ္ဂါဝပ်၊ သံတွဲလေအားလျှပ်စစ်စီမံကိန်း ၁၁၀ မဂ္ဂါဝပ်တို့ကို အကောင်အထည်ဖော်ရန်ဖြစ်သည်။

စီမံကိန်းများလုပ်ဆောင်ရာတွင် သဘာဝပတ်ဝန်းကျင်နှင့်လူမှုပတ်ဝန်းကျင်ထိခိုက်မှုမဖြစ်စေရန် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည့်တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြရမည်ဖြစ်သည်။ စီမံကိန်းသုံးခုစလုံးအား ၂၀၂၅ ခုနှစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေးဆောင်ရွက်ရန်နှင့်စီမံကိန်းသုံးခုအနက်မှ ဂွစီမံကိန်း၏ပထမအဆင့် ၅၀ မဂ္ဂါဝပ်ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် တည်ဆောက်ရေးလုပ်ငန်းများစတင်နိုင်ရေးအတွက် အားသွန်ခွန်စိုက်ကြိုးပမ်း ဆောင်ရွက်ကြရမည်လည်းဖြစ်သည်။

ယခုတည်ဆောက်မည့် လေအားလျှပ်စစ်စီမံကိန်းများမှာ မြန်မာနိုင်ငံ၏ ပထမဆုံးတည်ဆောက်သည့် လေအားလျှပ်စစ်စီမံကိန်းဖြစ်သည်။ မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့၏ လျှပ်စစ်ကဏ္ဍပူးပေါင်း ဆောင်ရွက်မှု၏ ခြေလှမ်းသစ်လည်းဖြစ်သည်။ လျှပ်စစ်စီမံကိန်းများမှာ စုစုပေါင်း ၃၆၀ မဂ္ဂါဝပ် ထုတ်လုပ်ပေးနိုင်မည့် စီမံကိန်းဖြစ်သည့်အတွက် အဆိုပါဒေသများကို  ကောင်းစွာ အကျိုးပြုမည့် စီမံကိန်းများ ဖြစ်သည်။ မြန်မာနိုင်ငံသည် လေစွမ်းအင်၊ နေစွမ်းအင်၊ ရေအားနှင့် သဘာဝဓာတ်ငွေ့အရင်းအမြစ်များ ပေါကြွယ်သည့် နိုင်ငံဖြစ်သည့်အတွက် ယခုကဲ့သို့ပူးပေါင်းဆောင်ရွက်မှုများမှာ မြန်မာ-တရုတ်နှစ်နိုင်ငံအတွက် အကျိုးဖြစ်ထွန်း စေမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ ပြည်တွင်းလျှပ်စစ်ဓာတ်အားဖူလုံမှုနှင့် ၂၀၃၀ ပြည့်နှစ်တွင် နိုင်ငံတော်ဓာတ်အားစနစ်မှ တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိနိုင်ရေး ရည်မှန်းချက်များ ပြည့်မီစေရန် ဆောင်ရွက်နေသည့် စီမံကိန်းများတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကုမ္ပဏီများက ဆက်လက်ပူးပေါင်းပါဝင်လျက်ရှိသည်။

လေအားလျှပ်စစ်စီမံကိန်းများအနက် ဂွမြို့နယ်လေအားလျှပ်စစ်စီမံကိန်း လေစွမ်းအင်မှလျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မည့် ဖြစ်မြောက်နိုင်စွမ်း စူးစမ်းလေ့လာမှုဆောင်ရွက်နိုင်ရန် လေတိုက်နှုန်းတိုင်းကိရိယာ (Anemometers) စိုက်ထူပြီး လေတိုက်နှုန်းရလဒ်များ မှတ်တမ်းရယူကြရသည်။ လေတိုက်နှုန်းကိရိယာများကို စီမံကိန်းဆောင်ရွက်မည့် အမ်းမြို့နယ်တွင် နှစ်တိုင်၊ ဂွမြို့နယ်တွင် တစ်တိုင်၊ သံတွဲမြို့နယ်တွင် တစ်တိုင်စုစုပေါင်းလေးတိုင်ကို ၂၀၁၆ ခုနှစ်မှစတင်တပ်ဆင်ကာ လေတိုက်နှုန်းရလဒ်များကို ခြောက်နှစ်စာ မှတ်တမ်းရယူထားပြီးဖြစ်သည်။ ဂွမြို့နယ်၌ တပ်ဆင်စက်အင်အား ၁၀၀ မဂ္ဂါဝပ်ဖြင့် တည်ဆောက်ခြင်းဖြစ်ပြီး တစ်နှစ်တာထုတ်လုပ်နိုင်မှုဓာတ်အားမှာ ၂၂၇ ဒသမ ၂ ကီလိုဝပ် နာရီသန်းပေါင်းရရှိမည်ဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၁၂)ရပ်တို့ချမှတ်ကာ နိုင်ငံတော်ကို ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်လျက်ရှိသည်။ ပြည်နယ်နှင့်တိုင်းဒေသကြီးများ   တစ်ပြေးညီဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်ဒေသများဖွံ့ဖြိုးတိုးတက်ရေးတွင် လျှပ်စစ်ဓာတ်အားသည် မရှိမဖြစ်အရာ ဖြစ်ပေသည်။

ဈေးကွက်စီးပွားရေးစနစ် တည်ငြိမ်အောင်ဖော်ဆောင်ပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်၍ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ရာတွင်လည်း   လျှပ်စစ်စွမ်း အားသည် လိုအပ်သည့်အရာဖြစ်သည်။

ပြည်သူတစ်ရပ်လုံး၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှသာ တိုင်းပြည်သာယာဝပြောမည်ဖြစ်သည်။ လျှပ်စစ်စွမ်းအား ရရှိရေးအတွက် ဆောင်ရွက်ရာတွင်လည်း ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် နေစွမ်းအင်၊ လေစွမ်းအင်တို့ကို ပိုမိုအသုံးပြုနိုင်ရေး ကြိုးပမ်းကြရမည်ဖြစ်သည်။ လေစွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းကို လေတိုက်နှုန်းမြင့်မားသည့် နေရာဒေသတိုင်းတွင် ဆောင်ရွက်နိုင်မည်ဆိုပါက  လျှပ်စစ်ဓာတ်အားများလည်း  ပိုမိုထွက်ရှိလာမည်ဖြစ်သည်။ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်သည်နှင့်အမျှ ကုန်ထုတ်လုပ်မှုလုပ်ငန်းအတွက်  လိုအပ်သည့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို  တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်မည်ဖြစ်သည်။   အထူးသဖြင့် တိုင်းပြည်၏စီးပွားရေးမြှင့်တင်ရန်၊ ပြည်ပသွင်းကုန်များအစားထိုးနိုင်ရန်နှင့် ပြည်ပသို့ ပြည်တွင်းထုတ်ကုန်များ တင်ပို့နိုင်ရန် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်နေသည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME) လုပ်ငန်းများလည်း ပိုမိုအောင်မြင်လာမည်ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။    ။