စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ် အမှတ်စဉ်(၈၅)

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

အမှတ်စဉ်(၈၅)

ဒီထဲမှာ နျူကလီးယားနဲ့ရေအားက ဈေးနှုန်းသက်သာလို့ တိုးသင့်ပေမယ့် နျူကလီးယား အလုံးအရင်းနဲ့တိုးဖို့ သူ့ပြည်သူကို သူအရင်ရှင်းရပါတော့မယ်။ ရေအားကလည်း အကန့်အသတ်ရှိတဲ့ အရင်းအမြစ်ဖြစ်တာရယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အစွန်းရောက်အချို့ရဲ့ မဆင်မခြင်လုပ်ရပ်တွေ ရယ်ကြောင့် လက်တွေ့မှာ အိန္ဒိယရဲ့ ဓာတ်အားကဏ္ဍဟာ အခက်အခဲတွေ့တော့မှာပါ။ ဒီတော့ အိန္ဒိယဟာ ဘူတန်နိုင်ငံကနေ လျှပ်စစ်ဝယ်တဲ့နည်း၊ မြန်မာကနေ လျှပ်စစ်ဝယ်တဲ့နည်း၊ တရုတ်က လျှပ်စစ်ကို မြန်မာနိုင်ငံထဲက ဖြတ်ပြီးဝယ်တဲ့နည်းကို သူတို့သုံးလာနိုင်ပါတယ်။ ဒီနေရာမှာ မြန်မာထဲက ရေအားလျှပ်စစ်ဝယ်ဖို့ဆိုတာ တော်တော်စဉ်းစားရမှာပါ။ အကြောင်းကတော့ မြန်မာမှာလည်း ဘာလာလာဆန့်ကျင်နေတဲ့ လူတစ်စုရဲ့ အသံက တစ်မျိုး၊ စီမံခန့်ခွဲနေသူ အချို့ကိုယ်တိုင် ရေအားလျှပ်စစ်ကို အားထည့်ဖို့ လှိုက်လှိုက်လှဲလှဲ အာသီသမရှိတာကတစ်မျိုးကြောင့် အိန္ဒိယမှာထက်ပိုပြီး ဓာတ်အားရရှိရေးကိစ္စ  ပိုပြီးရှုပ်ထွေးနေပါတယ်။  ဒီတော့ ကြားထဲက စားသွားမှာက တရုတ်နိုင်ငံ၊ ဘူတန်နိုင်ငံနဲ့ လာအိုနိုင်ငံတွေပါပဲ။

ဒီနျူကလီးယားနဲ့ ရေအားလျှပ်စစ်ကိုမသုံးရင် သူဘာသုံးမလဲဆိုရင် ဓာတ်ငွေ့ ဒါမှဟုတ် LNG ဝယ်သုံးတာမျိုး လုပ်လာရပါတော့မယ်။ ဒါနဲ့လည်း မလောက်သေးတဲ့အတွက် ဇီဝလောင်စာ၊ နေအား၊ လေအားကို သူအမာခံထားရပါတော့မယ်။ ဒါတွေကိုသာ တိုးသင့်တာထက် ပိုပြီးတိုးချဲ့မယ်ဆိုရင် အိန္ဒိယဟာ ကမ္ဘာ့ဈေးကွက်မှာ သူ့ကုန်ပစ္စည်းတွေ ယှဉ်ပြိုင်ရောင်းချဖို့ အခက်အခဲရှိလာတော့မှာပါ။ နောက်တစ်ချက်က သူ့ပြည်သူ သန်း ၂၄၀ ကျော် ဓာတ်အားမရသေးတဲ့ကိစ္စကို ဓာတ်အားအလုံးအရင်းပေးနိုင်ဖို့ထက် ကျေးလက်ဆိုလာမီးလင်းရေးတွေကိုသာ အားပြုရပါတော့မယ်။  ကျေးလက်ဆိုလာတွေက  အမျိုးသား စီးပွားရေးအတွက် အမာခံမထားနိုင်တဲ့အတွက် အိန္ဒိယဟာ ဒီနည်း(ခ)ကိုသာ သုံးခဲ့မယ်ဆိုရင် လူမှုရေးသာ အနည်းငယ်တိုးတက်လာပြီး စီးပွားရေးတိုးတက်မှုမှာ အခက်အခဲဖြစ်မှာ မလွဲပါဘူး။

တရုတ်ရဲ့ စွမ်းအင်ဗျူဟာ

တရုတ်လူဦးရေဟာ ၂၀၁၇ ခုနှစ်စာရင်းအရ သန်း ၁၄၀၉ ဒသမ ၅ ထိ ရောက်ရှိလာခဲ့ပါပြီ။ ဒီလူဦးရေကို ဓာတ်အားအလုံအလောက်ပေးနိုင်ဖို့ဆိုတာ အလွန်ကောင်းသော အုပ်ချုပ်မှုစီမံချက်များနဲ့ လုပ်မှရမှာ ဖြစ်ပါတယ်။ တရုတ်အုပ်ချုပ်သူများဟာ အဂတိတိုက်ဖျက်မှုမြှင့်တင်တယ်။ စီးပွားရေးကုမ္ပဏီတွေက အာဏာရှိသူကို ချဉ်းကပ်ပြီး လာဘ်ပေးတာကိုပါ ပြင်းပြင်းထန်ထန်အရေးယူတယ်။ လုပ်စရာရှိရင် ပြတ်ပြတ်သားသားလုပ်တယ်။ နိုင်ငံအတွက် ဘာအရေးကြီးသလဲဆိုတာသိတယ်။ နိုင်ငံတစ်နိုင်ငံ

မှာ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နဲ့ရေရရှိရေးဟာ အသက်တမျှ အရေးကြီးတယ်ဆိုတာ သူတို့သိတယ်။ တစ်ပါတီစနစ်ဖြစ်ပေမယ့် အုပ်ချုပ်သူရဲ့စေတနာနဲ့ လုပ်နည်းလုပ်ဟန်က လက်တွေ့ဘဝနဲ့ကိုက်ညီတော့ ပြည်သူကလည်း ယုံကြည်ကိုးစားလာကြတယ်။ ဒါကြောင့် သူ့ခေါင်းဆောင်တွေ လုပ်တာကိုင်တာ၊ စီမံချက်ချတာတွေပေါ်မှာ ထောက်ခံမှုအားကောင်းတယ်။ တစ်ပါတီစနစ်ရဲ့အားသာချက်ကတော့ နည်းမျိုးစုံနဲ့အသံကောင်းဟစ်ပြီး တရုတ်ရဲ့ဖွံ့ဖြိုးမှုကို အနှောင့်အယှက်ပေးမယ့်သူတွေ တရုတ်ပြည်မြေပေါ်မှာ ရှင်သန်ခွင့်မရနိုင်တာဟာ တရုတ်တိုးတက်မှုရဲ့ အားသာချက်တစ်ခုလို့ပြောလာရင် ငြင်းစရာမရှိပါဘူး။ ယနေ့ တရုတ်ပြည်သူတစ်ဦးချင်းစီရဲ့ တစ်နှစ် လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်မှုကလည်း နှစ် ၃၀ အတွင်း အလွန်မြင့်မားလာပြီး အိန္ဒိယထက် လေးဆကျော်ပိုသွားပါပြီ။ (အိန္ဒိယလူတစ်ဦး တစ်နှစ်လျှပ်စစ်အသုံး ၂၀၁၆ ခုနှစ်က ၁၁၂၀ ကီလိုဝပ်နာရီ)။ တရုတ်ဟာ ၂၀၁၇ ခုနှစ်မှာ လူတစ်ဦး တစ်နှစ်သုံးစွဲနိုင်တဲ့ဓာတ်အားဟာ ၄၀၄၇ ကီလိုဝပ်နာရီ(ယူနစ်)ထိ ရောက်ရှိလာပြီဖြစ်ပါတယ်။ ကမ္ဘာ့ပျမ်းမျှ လူတစ်ဦးစီ (၂၀၁၅ ခုနှစ်) အသုံး ၃၀၅၂ ကီလိုဝပ်နာရီကို များစွာကျော် လွန်သွားပါပြီ။

တရုတ်က ၂၀၁၆ ခုနှစ်မှာ ဘာအရင်းအမြစ်တွေသုံးပြီး ဓာတ်အားဘယ်လောက်ထုတ်ပေးခဲ့သလဲ။ နောင် ၂၀၄၀ ပြည့်နှစ်အထိရော ဘာတွေသုံးပြီး ဘယ်လောက်ဓာတ်အားထုတ်ဦးမှာလဲဆိုတာ အောက်ကဇယားမှာ လေ့လာကြရအောင်ပါ။

တရုတ်နိုင်ငံရဲ့စွမ်းအင်အရင်းအမြစ်တစ်ခုစီအလိုက် လျှပ်စစ်ထုတ်လုပ်သုံးစွဲမှုနှင့် ရည်မှန်းချက် (TWh)

 

(Source; World Energy Outlook 2017-IEA)

တရုတ်ရဲ့ရေရှည်ရည်မှန်းချက်ကိုကြည့်ရင် နည်း(က) (New Policy Scenario) အတိုင်းသာ ဓာတ်အားထုတ်မယ်ဆိုရင် ၂၀၄၀ ပြည့်နှစ်မှာ ၂၀၁၆ ခုနှစ်ထက် ဓာတ်ငွေ့၊ နျူကလီးယား၊ ရေအား၊ လေအား၊ နေအား စတာတွေ အားလုံးတိုးပြီးထုတ်ရပါလိမ့်မယ်။ ဒီလိုမဟုတ်ဘဲ နည်း(ခ) (Sustainable Development)  အတိုင်း  လိုက်နာမယ်ဆိုရင်တော့ ကျောက်မီးသွေးကို လေးပုံတစ်ပုံကျန်တဲ့အထိလျှော့ပြီး နျူကလီးယား၊ ရေအား၊ လေအား၊ ဆိုလာတွေကို တွန်းတင်ရပါလိမ့်မယ်။ အဓိက တိုးလာမှာတွေက လေအားနဲ့နေအားလည်း ပါလာတာကြောင့် တရုတ်ရဲ့ ဓာတ်အားခဈေးနှုန်းထက်တော့ မြင့်လာတော့မှာ သေချာပါတယ်။ တရုတ်ကတော့ နည်း(က)ကိုသာရွေးမှာသေချာပါတယ်။

ဆက်လက်ဖော်ပြပါမည်။