ယူကရိန်းသို့ပေးပို့သည့် တိုက်လေယာဉ်မှန်သမျှကို ရုရှားပစ်ချမည်

ယူကရိန်းသို့ပေးပို့သည့် တိုက်လေယာဉ်မှန်သမျှကို ရုရှားပစ်ချမည်

အနောက်နိုင်ငံများက   ယူကရိန်းနိုင်ငံသို့ ပေးပို့လာသည့်  တိုက်လေယာဉ်မှန်သမျှကို ပစ်ချသွားမည်ဖြစ်ကြောင်း ရုရှားအစိုးရက  မတ်  ၁၇  ရက်တွင် သတိပေးလိုက်သည်။

NATO အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ပိုလန်နှင့်စလိုဗက်ကီးယားနိုင်ငံတို့က MiG-29 တိုက်လေယာဉ်များကို ယူကရိန်းသို့ ပေးပို့ကူညီသွားမည်ဟု ကတိပြုပြီးနောက် ရုရှားအစိုးရ၏ သတိပေးချက်ထွက်ပေါ်လာခြင်း ဖြစ်သည်။

ယူကရိန်းပဋိပက္ခ  ဖြစ်ပွားကတည်းက အနောက်အုပ်စုမှ NATO အဖွဲ့ဝင်နိုင်ငံများက ယူကရိန်းနိုင်ငံသို့ အမေရိကန်ဒေါ်လာဘီလီယံပေါင်းများစွာ တန်ဖိုးရှိသည့် စစ်လက်နက်ပစ္စည်းများကို ထောက်ပံ့ပေးနေခဲ့ခြင်း ဖြစ်သည်။

ယခုအခါ အနောက်အုပ်စုသည် ယူကရိန်းနိုင်ငံသို့ စစ်လက်နက်ပစ္စည်းများပေးပို့ခြင်းအားဖြင့် ပဋိပက္ခအတွင်း  တိုက်ရိုက်ပါဝင် ပတ်သက်လာပြီဖြစ်သောကြောင့် ထိုနိုင်ငံသို့ပေးပို့သမျှသော စစ်လက်နက်ပစ္စည်းမှန်သမျှသည် တရားဝင်စစ်ရေးပစ်မှတ်များ ဖြစ်လာပြီဖြစ်ကြောင်း ရုရှားအစိုးရကသတိပေးထားသည်။

ထို့ပြင် အဆိုပါနိုင်ငံများက ယူကရိန်းသို့ပေးပို့နေသည့်လက်နက်များသည် ၎င်းတို့ နိုင်ငံအတွက် အသုံးမလိုတော့သည့် အိုနွမ်းဟောင်းမြင်းသော လက်နက်များသာဖြစ်ကြောင်း ရုရှားသမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့က ပြောသည်။

စလိုဗက်ကီးယားနိုင်ငံသည် သက်တမ်း ရင့်နေပြီဖြစ်သော  ၎င်းတို့၏  MiG-29 အမျိုးအစားတိုက် လေယာဉ်များနေရာ၌ အစားထိုးရန် ၂၀၁၈ ခုနှစ်တွင် အမေရိကန်နိုင်ငံမှ F-16 တိုက်လေယာဉ်များကို မှာယူပြီးနောက် ပြီးခဲ့သည့်နွေရာသီတွင် MiG-29 အမျိုးအစားတိုက်လေယာဉ်  ၁၁  စင်းကို အနားပေးလိုက်ကြောင်း သိရသည်။

Ref:CNA