တရုတ်သမ္မတရှီကျင့်ဖျင် ရုရှားနိုင်ငံသို့သွားပြီး သမ္မတပူတင်နှင့်တွေ့ဆုံမည်

တရုတ်သမ္မတရှီကျင့်ဖျင် ရုရှားနိုင်ငံသို့သွားပြီး သမ္မတပူတင်နှင့်တွေ့ဆုံမည်

 

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖျင်သည် လာမည့်သီတင်းပတ်တွင် နိုင်ငံတော်ခရီးစဉ်အဖြစ် ရုရှားနိုင်ငံသို့ သွားမည်ဖြစ်ပြီး သမ္မတဗလာဒီမာပူတင်နှင့်တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရှီကျင့်ဖျင်အနေဖြင့် မတ် ၂၀ ရက်မှ ၂၂ ရက်အထိ ရုရှားနိုင်ငံသို့သွားမည်ဖြစ်ပြီး  ပူတင်နှင့်တွေ့ဆုံစဉ် နိုင်ငံတကာ၊ ဒေသတွင်းအရေးကိစ္စများနှင့်ပတ်သက်၍ အမြင်များကို ဖလှယ်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက မတ် ၁၇ ရက်တွင်ထုတ်ပြန်ထားသည်။

ပူတင်သည် ရှီကျင့်ဖျင်နှင့် မတ် ၂၀ ရက်တွင် နှစ်ဦးတည်းတွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး မတ် ၂၁ ရက်တွင် သက်ဆိုင်ရာ ဝန်ကြီးများနှင့်ဆွေးနွေးမှုများကို လုပ်ဆောင်မည်ဖြစ်ကြောင်း ရုရှားသမ္မတရုံးက ထုတ်ပြန်ထားသည်။

တွေ့ဆုံဆွေးနွေးမှုအတွင်းမှာ နှစ်နိုင်ငံကြား ပြည့်စုံကျယ်ပြန့်တဲ့  ဆက်ဆံရေးနဲ့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု တို့ကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးသွားမှာဖြစ်တဲ့အပြင် အရေးပါတဲ့နှစ်နိုင်ငံ သဘောတူညီချက်များကိုလည်း လက်မှတ်ထိုးသွားမှာပါဟု ရုရှားသမ္မတရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ရှီကျင့်ဖျင်၏ယခုခရီးစဉ်သည် နှစ်နိုင်ငံကြား အပြန်အလှန်ယုံကြည်မှု ခိုင်မာစေရေးနှင့် ငြိမ်းချမ်းရေး အတွက် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ဘင်းက ပြောသည်ဟု သိရသည်။                       

Ref: TST