တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်

တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်

နေပြည်တော်၊ မတ် - ၁၈

          ရခိုင်ပြည်နယ် အတွင်းရှိ ကမ်းရိုးတန်းဒေသတစ်လျှောက်မှ  ဒေသခံပြည်သူ များအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ထွက်ခွာလာသည့်  တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ နယ်လှည့်အထူးကုဆေးအဖွဲ့များ လိုက်ပါ လာသော တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)သည် ယနေ့တွင် စစ်တွေခရိုင်၊ ပေါက်တောမြို့ရှိ စိုးမဲကျီကျေးရွာသို့ရောက်ရှိရာ ဌာနဆိုင်ရာမှ တာဝန် ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများက သောင်းသောင်းဖျဖျကြိုဆိုကြသည်။ အဆိုပါ နယ်လှည့်အထူးကု ဆေးအဖွဲ့သည်  စိုးမဲကျီကျေးရွာရှိ ဓမ္မရက္ခိတစိုးမဲကျီ ကျောင်းတိုက်၌အခြေပြု၍ အဆိုပါကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၈၆၇ဦးအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

          ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၃၆၇ ဦး၊ ခွဲစိတ်ရောဂါ ၂၇ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၃၄ ဦး၊ ကလေးရောဂါ ၃၄ ဦး၊ အရိုးရောဂါ ၁၂၀ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ  ၄၈ ဦး၊ မျက်စိရောဂါ ၁၈၃ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၅၄ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် ခွဲစိတ်ကုသရန် လိုအပ်သူ အထွေထွေခွဲစိတ်လူနာ ၃ ဦး၊ မျက်စိခွဲစိတ်လူနာ ၁၂ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၁ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၆၉ ဦး၊ ECG ဖြင့် နှလုံးစမ်းသပ်လူနာ ၅၆ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၂၁ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန်လိုအပ်သူ ၂ ဦးကို နီးစပ်ရာ တပ်မတော် ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး ဆောင်ရွက်ပေးသည်။

  ယင်းသို့‌ ဆောင်ရွက်ပေးနေမှုများကို ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ထင်လတ်ဦးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး အာဟာရဖြည့်စားသောက်ဖွယ်ရာများပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။       

    ကျန်းမာရေးဆောင်ရွက်ပေးမှုအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခုလိုပဲ ကြားသိခဲ့ရပါတယ်-      

   “ကျွန်မတို့ရွာဆိုရင် မြို့တွေနဲ့လည်း ဝေးပါတယ်။ ပြီးရင် ဒီရာသီဥတု အခြေအနေနဲ့ ဆိုရင်  အဆိုးဆုံး အခြေအနေမှာ ရင်ဆိုင်နေရတဲ့ ရွာတစ်ရွာလည်းဖြစ်ပါတယ်။ ဒီလိုမျိုး  သံလွင်နယ်လှည့်ဆေးကု သင်္ဘော လာမယ်လို့ သတင်းကြားတာနဲ့ကို အရမ်းကို ဝမ်းသာနေတာပါ။ ဘာလို့ဆိုတော့ ဒီမှာက ကျွန်မတို့ရောဂါတစ်ခုခုဖြစ်ပြီဆိုရင် မြို့နဲ့လည်းအလှမ်းဝေးတဲ့အတွက် ကုန်ကျစရိတ်တွေလည်း များပါတယ်။ ဒီမှာက အကြောနဲ့ပတ်သက်တာရော၊   မျက်စိနဲ့ပတ်သက်တာရော   ပြီးရင်  ခန္ဓာကိုယ်မှာရှိတဲ့ရောဂါဆိုရင်   အကုန်လုံးပြလို့ရတယ်။  ပိုပြီးတော့ကောင်းတာက  ဘာလဲဆိုရင် မျက်စိမမြင်တဲ့သူဆိုရင် ချက်ချင်းကိုခွဲစိတ်ပေးတယ်။  ဆေးလိုတဲ့သူတွေဆိုရင်လည်း ဆေးပေးတယ်။ ခွဲစိတ်ဖို့လိုမယ် ဆိုရင်လည်း ခွဲစိတ်ပေးတယ်။   လူနာတွေကိုလည်း စားစရာတွေ အခမဲ့ကျွေးတယ်။ ဆေးခန်းဆိုရင်လည်း   ခွဲစိတ်ခလုံးဝမကုန်ပါဘူး။ အကုန်လုံးကိုအခမဲ့ ကုသပေးပါတယ်။ ဒီမှာ OG တွေလည်း ပါတဲ့အတွက်  ကိုယ်ဝန်ဆောင်တွေကိုလည်း ကုသပေးတယ်။ အဲ့ဒါကလည်း  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လုပ်ပေးတဲ့ ကျေးဇူးတွေကြောင့်ပါ။ နောက်တစ်ခုက စိတ်ရှည်လက်ရှည်နဲ့ ကုသပေးတဲ့ ဆရာဝန်တွေရော အကုန်လုံး အဘက်ဘက်ကကူညီပေးတဲ့ ဌာနဆိုင်ရာ အကြီးအကဲတွေအကုန်လုံးကိုလည်း  ကျေးဇူးတင်ပါတယ်ရှင့်။ နောက်လည်း လာရောက်ကုသပေးဖို့ ပြောချင်ပါတယ်”ဟု ပြောသည်။

    “တာဝန်ရှိသူတွေ   ဒီကို   တကူးတကလာပြီးမှ    ဆေးကုပေးတယ် ဆိုတော့ ကျွန်တော်တို့ရွာသားတွေ ကိုယ်စားပျော်ရွှင် မိပါတယ်။  ကျွန်တော်တို့ရွာက  မြို့တွေနဲ့အလှမ်းဝေးတယ်။   နောက်ပြီး   ဒီသဘာဝ လေမုန်တိုင်းတွေကြောင့်၊   သဘာဝဒီရေတွေကြောင့်    ကိုယ်ဝန်ဆောင်တွေဆိုရင်  ဗိုက်နာလို့မွေးရမယ့်ဟာတွေဆို မမွေးခဲ့ရဘူး။  သွားရလာရတာလည်း ခက်ခဲတာကြောင့်   မြို့ဆိုရင်လည်း သွားချင်ပေမယ့် မသွားခဲ့ရတာတွေလည်း ရှိပါတယ်။ ကျွန်တော်တို့က အလှမ်းဝေးတဲ့မြို့ဆေးခန်းတွေဆီလည်း မသွားနိုင်ဘူးလေ။  အဲ့လိုမသွားနိုင်တဲ့သူတွေကို  ဒီမှာလာရောက် ကုသပေးတဲ့အတွက်  ဝမ်းသာပါတယ်။  အခက်အခဲတွေလည်း မရှိတော့ဘူးလေ။    ဆရာတို့ရဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူများနဲ့  ကုသပေးတဲ့ ဆေးတွေကြောင့်လည်း ကျွန်တော်တို့အနေနဲ့ အဆင်ပြေပါတယ်။  အရင်ကတော့ဒီလိုမျိုး ဌာနဆိုင်ရာတွေ    လာရောက်ကုသပေးတာလည်း   ကျွန်တော်တို့ မတွေ့ရဖူးပါဘူး။

နိုင်ငံတော်အကြီးအကဲရဲ့    ခွင့်ပြုချက်နဲ့ ဒီကျေးရွာထဲမှာ    ဌာနဆိုင်ရာအစုံက လာပြီးတော့   စေတနာရှိရှိနဲ့ ကုသပေးတဲ့အတွက် ကျွန်တော်တို့ကျေးရွာသားတွေ အနေနဲ့    မပြောပြတတ်လောက်အောင် ဝမ်းသာပီတိဖြစ်မိပါတယ်။     လေးလည်း လေးစားပါတယ်။ ဂုဏ်လည်းယူပါတယ်လို့ ပြောချင်ပါတယ်”ဟု ပြောသည်။