ကျိုင်းတုံမြို့နယ်နှင့်မုံရွာမြို့နယ်တို့၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

ကျိုင်းတုံမြို့နယ်နှင့်မုံရွာမြို့နယ်တို့၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

နေပြည်တော်၊ မတ် - ၁၈

          ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်းရှိ ကတ်ထိုက်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဒေသခံတိုင်းရင်းသားပြည်သူ စုစုပေါင်း ၄၅၀ ဦးတို့ကို လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ကံကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ သံဃာတော်များနှင့် ဒေသခံပြည်သူ စုစုပေါင်း ၆၂ ဦးတို့ကို ယနေ့တွင် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ နယ်မြေခံဆေးကုသရေးအဖွဲ့များက ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

          တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့က ဒေသခံတိုင်းရင်းသား ပြည်သူများကို သွေးတိုးရောဂါ၊ အရိုးအကြောရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ မျက်စိ ရောဂါ၊ အရေပြားရောဂါ၊ ခွဲစိတ်ကုသမှု ဆိုင်ရာရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခြင်းနှင့် ဓာတ်မှန်ရိုက် ပေးခြင်း စသည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးပြီး ဆေးရုံ တက်ရောက် ကုသရန်လိုအပ်သူများကို သက်ဆိုင်ရာ တပ်နယ်ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး ဆောင်ရွက်ပေးသည်။

          ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းစစ်ဌာနချုပ်အလိုက် တိုင်းမှူးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး အာဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။