၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ နဝမနေ့အဖြစ် စိတ်ကြိုက်မြန်မာစာ ဘာသာရပ် ဆက်လက်ဖြေဆို

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ နဝမနေ့အဖြစ် စိတ်ကြိုက်မြန်မာစာ ဘာသာရပ် ဆက်လက်ဖြေဆို

နေပြည်တော်၊ မတ် - ၁၈

          ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၈ ရက်တွင် စတင်ကျင်းပလျက်ရှိရာ ယနေ့တွင် နဝမနေ့အဖြစ် စိတ်ကြိုက်မြန်မာစာ ဘာသာရပ်ကို ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့ရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက် ဖြေဆိုလျက်ရှိသည်။

ဦးစွာ စာမေးပွဲ ဖြေဆိုခြင်းမပြုမီ ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်များ မှန်/မမှန် စစ်ဆေးခြင်းများနှင့် လိုအပ်သည့် စစ်ဆေးမှုများကို စာမေးပွဲ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ကြသည်။ ယင်းသို့ ကျောင်းသား၊ ကျောင်း သူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့် အပြင်များ၌ သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များက  စနစ်တကျ စောင့်ကြပ်ကြည့်ရှုပေးလျက်ရှိသည်။

ယခုနှစ်တွင် နဝမနေ့အဖြစ် စိတ်ကြိုက်မြန်မာစာဘာသာရပ် အတွက် ပြည်တွင်း၌ စာစစ်ဌာန ၂ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူ ဦးရေ ၂ ဦးရှိပြီး လာရောက်ဖြေဆိုသူ ၂ ဦးရှိကာ ဖြေဆိုသူရာခိုင်နှုန်း ၁၀၀  ရာခိုင်နှုန်းရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

ထိုသို့ ကျောင်းသား၊ ကျောင်းသူများ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှုများကို ပညာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တာဝန် ရှိသူများက သွားရောက် ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။