ပိုမိုဖွံ့ဖြိုးတိုးတက်သော ပြည်နယ်အဖြစ်သို့ . . .

ပိုမိုဖွံ့ဖြိုးတိုးတက်သော ပြည်နယ်အဖြစ်သို့ . . .

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ မတ် ၁၉ ရက်)

    မြန်မာနိုင်ငံတွင် တိုင်းဒေသကြီးများ၊ ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ/တိုင်းဟူ၍ ပိုင်းခြားသတ်မှတ်ထားသည်။ ထိုသို့ပိုင်းခြား သတ်မှတ်ထားသည်မှာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးစသည့် ကိစ္စရပ်များ အဆင်ပြေစေရန်ဖြစ်သည်။ မြန်မာနိုင်ငံ တစ်ဝန်းရှိ နေရာဒေသများမှာ ရှုကြည့်၍မဝနိုင်လောက်အောင် သာယာရှုမောလှသည်။ တောတောင်ရေမြေ၊ သဘာဝအလှတရား၊ စပါးဆန်ရေသီးနှံ အထွေထွေနှင့် သယံဇာတပေါကြွယ်ဝမှုများက နိုင်ငံ၏အလှကို ဖော်ကျူးနေသကဲ့သို့ ရှိလှသည်။ ဤအလှတရားများကို ပိုင်ဆိုင်သောဒေသများတွင် မွန်ပြည်နယ်လည်း ပါဝင်သည်။

အမျိုးဘာသာသာသနာနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို  ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ချစ်မြတ်နိုးခြင်းစသော ဝံသာနုရက္ခိတ တရားများနှင့်မွန်ပြည်နယ်သူ၊ ပြည်နယ်သားတို့က မိမိတို့ပြည်နယ်ကို အလှဆင်လျက် ရှိသည်။ မွန်ပြည်နယ်သည် ယခင်က တနင်္သာရီတိုင်းအမှတ်(၁)အတွင်း ပါဝင်ခဲ့သည်။ ၁၉၇၄ ခုနှစ် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေအခန်း(၃) ပုဒ်မ ၃၀(ဂ)တွင် တနင်္သာရီတိုင်း အမှတ်(၁)ကို မွန်ပြည်နယ်ဟု သတ်မှတ်သည်ဟူ၍ပြဋ္ဌာန်းခဲ့သည်။ မွန်ပြည်နယ်ဟု ကမ္ပည်းတင် ရေးသားခဲ့သည့် မတ်လ ၁၉ ရက်နေ့ကို “မွန်ပြည်နယ်နေ့”အဖြစ်သတ်မှတ်ပြီး အထိမ်းအမှတ် အခမ်းအနားများကို နှစ်စဉ်ကျင်းပခဲ့ရာ ၂၀၂၃ ခုနှစ်တွင် (၄၉)နှစ်ပြည့်မြောက်ပြီဖြစ်သည်။

မြန်မာနိုင်ငံတွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် တိုင်းရင်းသားလူမျိုးများ အားလုံး ရှေးနှစ်ပေါင်းများစွာကပင် အေးအတူပူအမျှ နေထိုင်ခဲ့ကြသည်။ ထိုသို့နေထိုင်ခဲ့ကြရင်း နယ်ချဲ့လက်အောက် ကျရောက် သွားခဲ့ချိန်တွင်လည်း  မွန်တိုင်းရင်းသားတို့သည်  အခြားတိုင်းရင်းသားများနှင့် အတူ ဆုံးရှုံးထားသော လွတ်လပ်ရေးကို ပြန်လည်ရယူရာတွင် လည်းကောင်း၊ ရရှိပြီးသော လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ရေးတို့တွင် လည်းကောင်း စုပေါင်းလက်တွဲ ပါဝင်ခဲ့သည်။ ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်လျက်ရှိသော အခြားတိုင်းရင်းသား မျိုးနွယ်စုများကဲ့သို့ပင် မွန်တိုင်းရင်းသားတို့သည် ရှည်လျားသော သမိုင်းစဉ်နှင့် အဆင့်မြင့်သော ယဉ်ကျေးမှုကိုပိုင်ဆိုင်သည့် လူမျိုးများဖြစ်သည်။

မွန်ပြည်နယ်သည် ရာသီဥတုကောင်းမွန်မျှတ၍ စိမ်းလန်းစိုပြည်သည့် သစ်တောများ၊ မြစ်ချောင်းများ၊ ပြန့်ပြူးသာယာသည့် ပင်လယ်ကမ်းခြေ အလှများနှင့်ပြည့်စုံသည့် ပြည်နယ်တစ်ခုဖြစ်သည်။ တိုင်းရင်းသား လူမျိုးများအလိုက် အဖိုးမဖြတ်နိုင်သော ယဉ်ကျေးမှုအစဉ်အလာကောင်းများ ထွန်းကားရာ ပြည်နယ်တစ်ခုလည်းဖြစ်သည်။

မွန်ပြည်နယ်၏ မြို့တော်မှာ မော်လမြိုင်မြို့ဖြစ်သည်။ မော်လမြိုင် “အစား”ဟု ပြောစမှတ်ရှိသည့်အတိုင်း မွန်ပြည်နယ် မော်လမြိုင်မြို့မှ အစားအသောက်ကောင်းများဖြစ်သည့် ဒူးရင်း၊ မင်းကွတ်၊ ကြက်မောက်၊ ကျွဲကော၊ ကနစိုး၊ ရေငန်း စသော ရာသီစာများ ထွက်ရှိသည်။ ငါးနှပ်ခြောက်နှင့် ရေထွက်ကုန်ပစ္စည်းများကို တစ်ပြည်လုံးက နှစ်သက်စွာ စားသုံးကြသည်။ ရော်ဘာထုတ်ကုန်ပစ္စည်းများ၊ စက်မှုကုန်ကြမ်းပစ္စည်းများ ပေါများစွာထွက်ရှိပြီး လမ်းပန်းဆက်သွယ်ရေးအတွက် ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလမ်းများ ရှိနေသည်။

ပြည်တွင်း/ပြည်ပ အပန်းဖြေခရီးသွားလိုသူများအတွက် ကျိုက္ခမီ၊ စက်စဲ၊ ကဗျာ၀ စသောသဘာဝ ပင်လယ်ကမ်းခြေများက လှပစွာ ဆွဲဆောင်လျက်ရှိသည်။ ထို့ပြင် “ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်ကြီး”မှာလည်း မြန်မာ့အံ့ဖွယ်၊ ကမ္ဘာ့အံ့ဖွယ်ဖြစ်သည်။ ခရီးသွားလုပ်ငန်း ရှုထောင့်မှဖြစ်စေ၊  ဘာသာရေးရှုထောင့်မှဖြစ်စေ လူမျိုးဘာသာမရွေး သွားရောက်ကြည့်ရှုကြ၊ ဖူးမြော်ကြရင်း ရင်သပ်ရှုမော အံ့သြကြသည်။ မွန်ရိုးရာဖြူနီကွက် ပုံဖော်ရက်လုပ်ထားသည့် ရိုးရာတိုက်ပုံနှင့် နီမြန်းသော မွန်လုံချည်ကို ဝတ်ဆင်ထားပြီး နုနယ်ပျိုမျစ်သန်စွမ်းကာ ဖြူစင်ရိုးသားမှု၊ တည်ကြည်ခံ့ညားမှုတို့ဖြင့်ပြည့်စုံသည့် မွန်အမျိုးသား လူငယ်များ၊ ကျစ်လျစ်သော ဆံထုံးထုံးထားပြီး မွန်ရိုးရာဝတ်စုံကို ဆင်မြန်းထားသည့် မွန်လုံမငယ်များသည်ကား တစ်မျိုးတစ်ဖုံအလှစုံနေသည်။

သက်ရှိအလှများကဲ့သို့ သက်မဲ့အလှများလည်းရှိပေရာ ထိုအထဲတွင် အိပ်မက်တံတား ခေါ် သံလွင်မြစ်ကူး တံတားကြီးနှင့် မွန်ပြည်နယ်အစိုးရရုံးရှေ့ ပန်းခြံတွင်းက နာရီကြီးဖြစ်သည်။ ထိုနာရီကြီးကို ၁၉၁၀ ပြည့်နှစ်က တပ်ဆင်ခဲ့ခြင်းဖြစ်ပြီး သက်တမ်း ၁၀၀ ကျော်မရပ်မနားသွားနေသည့်နာရီကြီးဖြစ်သည်။ ထိုကဲ့သို့ အခြေအနေကောင်းများကို ပိုမိုဖွံ့ဖြိုးတိုးတက်စေပြီး ပြည်နယ်ဖွံ့ဖြိုး တိုးတက်မှုမှသည် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံကာ မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား ပြည်သူအားလုံးက စည်းလုံးချစ်ခင်စွာဖြင့် အတူတကွပူးပေါင်း ဆောင်ရွက်ကြရန်ဖြစ်ပါသည်။   

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ဦးတည်ချက်(၁၂)ရပ်ပါ လူမှုရေး ဦးတည်ချက်တွင် “တိုင်းရင်းသား လူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်း အစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားရေး စိတ်ဓာတ်ကို အခြေခံသည့် ကိုးကွယ်ယုံကြည်မှု၊ ယဉ်ကျေးမှု၊ အမျိုးသားရေး စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး”ဟုဖော်ပြထားသည့်အတိုင်း ဆောင်ရွက်ပေးလျက်ရှိရာ မတ်လ ၁၉ ရက်နေ့ တွင်ကျရောက်သော (၄၉)နှစ်မြောက် မွန်ပြည်နယ်နေ့မှစ၍ ပိုမိုဖွံ့ဖြိုး တိုးတက်သောပြည်နယ် ဖြစ်ပေါ်လာပါစေကြောင်း ဆန္ဒပြုရေးသား လိုက်ရပေသည်။   ။