မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်း တစ်ရပ်ဖြစ်ပါသဖြင့် နိုင်ငံတော်အတွက် ဝင်ငွေတိုးမြှင့်ရရှိရေးကို အထူးကြိုးပမ်း ဆောင်ရွက်ရန်လို

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်း တစ်ရပ်ဖြစ်ပါသဖြင့် နိုင်ငံတော်အတွက် ဝင်ငွေတိုးမြှင့်ရရှိရေးကို အထူးကြိုးပမ်း ဆောင်ရွက်ရန်လို

    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့်    ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ မွန်းလွဲပိုင်းတွင် မရမ်းကုန်းမြို့နယ် (၈)မိုင်လမ်းဆုံအနီးရှိ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ ဝန်ဆောင်မှုဌာနနှင့် လုပ်ငန်းလည်ပတ်မှုဌာန    ဘုရင့်နောင် Data Center တို့သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ရှေးဦးစွာ   ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း သည်   မရမ်းကုန်းမြို့နယ်  (၈)မိုင်လမ်းဆုံ အနီးရှိ  မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏   ဝန်ဆောင်မှုဌာနနှင့် လုပ်ငန်းလည်ပတ်မှု ဌာနသို့ရောက်ရှိလာရာ အမြဲတမ်းအတွင်းဝန်နှင့်  တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။ ၎င်းင်းနောက် အစည်းအဝေးခန်းမတွင် တာဝန်ရှိသူများက ဌာနအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ ဆက်သွယ်မှုမပြတ်တောက်စေရေး အတွက်  စီစဉ်ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ်  ပြည်ထောင်စုဝန်ကြီးက ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းသည် ပြည်သူများ၏ နေ့စဉ်လူမှုဘဝအတွက် အလွန်အရေးကြီးကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ချို့ယွင်းမှုများ ဖြစ်ပေါ်ပါက ဝန်ဆောင်မှုများ ပြတ်တောက်မှု မရှိစေရေးအတွက်  လိုအပ်သည့် အရန်စနစ်များ၊ အရန်ဆက်ကြောင်းများ၊ အရန်စက်ပစ္စည်းများ    အဆင်သင့်ဖြစ်စေရေး တပ်ဆင်တည်ဆောက် ထားရှိရန်   လိုအပ်ကြောင်း၊  မီးဘေးအန္တရာယ်များ မဖြစ်ပေါ်စေရေး အတွက်လည်း လိုအပ်သည့်ကြိုတင် ပြင်ဆင်မှုများ ထားရှိရန် လိုအပ်သလို ဖြစ်ပေါ်လာပါကလည်း    စနစ်တကျငြှိမ်းသတ်မှု ဆောင်ရွက်နိုင်ရန်    လိုအပ်သောမီးငြှိမ်းသတ်ရေး ပစ္စည်းများ အဆင်သင့်ထားရှိရန်နှင့်   လက်တွေ့သုံးစွဲနိုင်ရေး ကြိုတင်ဇာတ်တိုက် လေ့ကျင့်ထားရှိမှုများလည်း လိုအပ်မည်ဖြစ်ကြောင်း မှာကြားသည်။

ထို့ပြင်  မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည်   နိုင်ငံတော်ပိုင်စီးပွားရေး လုပ်ငန်း တစ်ရပ်ဖြစ်ပါသဖြင့်  နိုင်ငံတော်အတွက် ဝင်ငွေတိုးမြှင့်ရရှိရေးကို   အထူးကြိုးပမ်း ဆောင်ရွက်ရန် လိုအပ်သလို နိုင်ငံတော်၏ ဆက်သွယ်ရေး လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး  အစဉ်ကြိုးပမ်း ဆောင်ရွက်သွားရန်   မှာကြားခဲ့သည်။ ၎င်းနောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် ဝန်ဆောင်မှုဌာနနှင့် လုပ်ငန်းလည်ပတ်မှုဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများ၊ စက်ပစ္စည်းများတပ်ဆင် အသုံးပြုဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

၎င်းင်းနောက်    ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မရမ်းကုန်း မြို့နယ်ရှိ    မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းဘုရင့်နောင် Data Center သို့ ရောက်ရှိရာတာဝန်ရှိသူများက   အသစ်တည်ဆောက် တပ်ဆင်ထားသည့်    Data Center နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြမှုအပေါ် ယနေ့ခေတ်သည်   သတင်းအချက်အလက် နည်းပညာခေတ်ဖြစ်သည်နှင့်အညီ Data အသုံးပြုမှုများ   တိုးတက်လျက်ရှိကြောင်း၊ Data အချက်အလက်များကို ၂၄ နာရီပြတ်တောက်မှု မရှိစေဘဲ အသုံးပြုရရှိနိုင်ရေး  ထိရောက်သော ဝန်ဆောင်မှုပေးရန် လိုအပ်ကြောင်း၊   အချက်အလက်များ၏ လုံခြုံရေးနှင့် Data Center ၏ လုံခြုံရေးစနစ်ကို အဆင့်မြင့်စွာစီမံ ဆောင်ရွက်ထားရှိရန် လိုအပ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်လာသည့် စီးပွားရေး၊ စီမံအုပ်ချုပ်ရေး၊ လူမှုရေး ကဏ္ဍအသီးသီးအတွက်  အနာဂတ်တွင်  Data Center သုံးစွဲမှု ပိုမိုလိုအပ်လာနိုင်မည်ကိုပါ ထည့်သွင်းစဉ်းစား သုံးသပ်ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ စက်ပစ္စည်းများ အစဉ်ကောင်းမွန်စေရေးအတွက် လိုအပ်သည့် ပြုပြင်ထိန်းသိမ်းမှုများကို  သတ်မှတ်ချက်များနှင့်အညီ စနစ်တကျ ဆောင်ရွက်ကြရန်ဖြစ်ကြောင်း မှာကြားခဲ့ပြီး တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများကို စားသောက်ဖွယ်ရာ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။