မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်နှင့် မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း အလုပ်အမှုဆောင်များနှင့် တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်

မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်နှင့် မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း အလုပ်အမှုဆောင်များနှင့် တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်

လှည်းကူး  မတ်  ၁၈

    စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့ နံနက် ၉ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ ကုန်ပစ္စည်း စမ်းသပ် စစ်ဆေးရေးနှင့် အရည်အသွေး စီမံခန့်ခွဲမှုဌာနစု (Commodity Testing and Quality Management - CTQM) သို့ရောက်ရှိပြီး အဆိုပါဌာနစုအတွင်း  သီးနှံများ အရည်အသွေး စစ်ဆေးခြင်း၊ စားသုံးဆီများ အရည်အသွေး စစ်ဆေးခြင်း   လုပ်ငန်းဆောင်ရွက်မှုနှင့် ဓာတ်ခွဲခန်းသုံး ပစ္စည်းများ၏ အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ပိုမိုအရည်အသွေး မြင့်မားသည့် ဌာနစုဖြစ်လာရေး၊ ဝန်ထမ်းတစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး နှင့် ကောက်ပဲသီးနှံပြည်ပ ပို့ကုန်မြှင့်တင်ရေး အတွက် အရေးပါသည့် ကုန်ပစ္စည်းစမ်းသပ် စစ်ဆေးမှုလုပ်ငန်းများ ပိုမိုအဆင့်မြှင့်ဆောင်ရွက်နိုင်ရေး ဆိုင်ရာကိစ္စများကို မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့်ဟင်းသီး ဟင်းရွက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်း၏ ညီနောင်အသင်းဖြစ်သော မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းမှ အလုပ်အမှုဆောင်များနှင့်တွေ့ဆုံ၍ မြန်မာ့ထောပတ်သီးများ အရည်အသွေးမီ စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ ဈေးကွက်တိုးချဲ့၍ ပြည်ပသို့ပိုမို တင်ပို့နိုင်ရေးနှင့် ပြည်ပသို့တင်ပို့ရာတွင် ဈေးကွက်နိုင်ငံ၏ လိုလားချက်နှင့်အညီ တင်ပို့နိုင်ရေးအတွက်  လိုအပ်သည်များကို  ကူညီဆောင်ရွက်ပေးရေး ကိစ္စရပ်များကို ဆွေးနွေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်၏ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ဆန်စပါး ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး၊ ပြည်တွင်းဆန်စပါးဈေးနှုန်း တည်ငြိမ်စေရေး  ပြည်တွင်းဈေးကွက်ကို ထိခိုက်မှုမရှိစေဘဲ ပြည်ပသို့ ပုံမှန်တိုးမြှင့် တင်ပို့နိုင်ရေးနှင့် ကုန်ပစ္စည်းစမ်းသပ် စစ်ဆေးရေးနှင့် အရည်အသွေး စီမံခန့်ခွဲမှုဌာနစု (Commodity Testing and Quality Management - CTQM) နှင့် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စများကို  ဆွေးနွေး ညှိနှိုင်းသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အဆိုပါဌာနစုဝင်းအတွင်း   ဆန်ကြိတ်ခွဲမှု သင်တန်းဖွင့်လှစ်ရန်အတွက် သင်တန်းသား သင်တန်းခန်းမနှင့်  အိပ်ဆောင်များကို ကြိုတင်ပြင်ဆင်ရေး အတွက်  လှည့်လည် ကြည့်ရှုစစ်ဆေးကာ  လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။