စောင်နီလေးတစ်ထည် (A RED BLANKET )ရုပ်ရှင်ဇာတ်ကား RED CARPET SHOW ပြသ

စောင်နီလေးတစ်ထည် (A RED BLANKET )ရုပ်ရှင်ဇာတ်ကား RED CARPET SHOW ပြသ

ရန်ကုန်  မတ်  ၁၈

    ပြည်သူ့တပ်မတော်သားတို့၏ စွန့်လွှတ် စွန့်စားသော စိတ်ထား၊ ချစ်ခြင်းမေတ္တာနှင့် ငြိမ်းချမ်းရေးကို အခြေခံရိုက်ကူးထားသည့် စောင်နီလေးတစ်ထည် (A RED BLANKET) ရုပ်ရှင်ဇာတ်ကား RED CARPET SHOW ပြပွဲကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး   ရန်ကင်းမြို့နယ် မိုးကောင်းလမ်းရှိ  STAR CINEMA (MYAWADI MEDIA CENTER)တွင်  ပြသသည်။

အဆိုပါ RED CARPET SHOW  ပြပွဲသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊   MYAWADI MEDIA CENTER မှတာဝန်ရှိသူများ၊ ဒါရိုက်တာနှင့် ရုပ်ရှင်သရုပ်ဆောင်များ၊ အနုပညာရှင်များ၊ ရုပ်ရှင်ရိုက်ကူးရေး အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်  များနှင့် မီဒီယာများ တက်ရောက်ကြသည်။

စောင်နီလေးတစ်ထည် ဇာတ်ကားတွင် ရန်အောင်၊ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ ကျော်ဇောဟိန်း၊ နက္ခတ်၊ အယ်လ်နေနော်၊ အယ်လ်ဆိုင်းဇီ၊  နေရောင်၊  သီဟနိုင်၊ သားထွေးနှင့် ဇီဇီတို့ အဓိကသရုပ်ဆောင် ထားကြပြီး ရုပ်ရှင်မပြသမီ ရုပ်ရှင်ဇာတ်ကား အား ဖန်တီးမှု၊ ဇာတ်ကားရိုက်ကူးမှုအတွေ့ အကြုံများနှင့်  ကျေးဇူးတင်စကားတို့ကို ဒါရိုက်တာနှင့် သရုပ်ဆောင်များက ရှင်းလင်း ပြောကြားကြကာ မုဒိတာစကားများ ပြောကြား ကြသည်။

စောင်နီလေးတစ်ထည် ရုပ်ရှင်ဇာတ်ကား သည် ဖြစ်ရပ်မှန်အပေါ် အခြေခံရိုက်ကူးထား ခြင်းဖြစ်ပြီး ဝတ္ထုဇာတ်လမ်းကို တင်သန်းဦး၊ တင်အောင်စိုး(ပန်းမြို့တော်)တို့က ရေးသား ၍ မျိုးမြင့်ရန်နောင်က ဇာတ်ညွှန်းရေးဖွဲ့၍  ဒါရိုက်တာတင်အောင်စိုး (ပန်းမြို့တော်)က ရိုက်ကူးတင်ပြထားကာ ပြသချိန်မှာ ၂ နာရီ  မိနစ် ၄၀ ဖြစ်သည်။   အဆိုပါဇာတ်ကားကို ကချင်ပြည်နယ်တွင် အခြေခံ ရိုက်ကူးထားခြင်း ဖြစ်ပြီး ငြိမ်းချမ်းရေးနှင့် ချစ်ခြင်းမေတ္တာကို အခြေခံ၍ မေတ္တာတရားကို ပေါ်လွင်အောင် ရိုက်ထားသော ဇာတ်ကားကောင်းတစ်ကား ဖြစ်ကာ (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသည့် ဇာတ်ကားတစ်ကားဖြစ်သည်။

မြဝတီမီဒီယာစင်တာကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ  တပ်မတော် ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူမင်းအောင်လှိုင်က၂၀၂၁ ခုနှစ် မေ ၂ ရက်တွင် ဖွင့်လှစ်ပေးခဲ့သည်။ စင်တာအတွင်းရှိ လူ ၂၀၀ ဆံ့ STAR Cinema    ရုပ်ရှင်ရုံတွင် Screen 20 X 40 ပေ၊ 4K, 3D Sound System 11.1စနစ်နှင့် စတုရန်းပေ ၃၅၉၈ ပေအကျယ်အဝန်း၌ အလျား ၅၈ ပေ ၉ လက်မ၊ အနံ ၆၁ ပေ ၃ လက်မ၊ အမြင့် ၂၈ ပေ ရုပ်ရှင်ရုံနှင့် လူ ၃၀၀ ဆံ့ STAR Theatre  ရုပ်ရှင်ရုံတွင် Screen  ၃၆ ပေ ၃ လက်မ X ၂၂ ပေ ၃ လက်မဖြင့် ကြည့်ရှုခံစားနိုင်ပြီး ၅၈၀၂ စတုရန်းပေ အကျယ်အဝန်း၌ အလျား ၅၈ ပေ ၉ လက်မ၊ အနံ ၉၁ ပေ ၉ လက်မနှင့် အမြင့် ၂၈ ပေ ကျယ်ဝန်းကာ Reception ၂ ခုဖြင့်    ကြည့်ရှုအားပေးကြသည့် ပရိသတ်တို့ကို ဝန်ဆောင်မှုများ ပေးထားသည်။

ထို့ပြင် မြဝတီမီဒီယာစင်တာ၌ Make Up Room Lobby နှစ်ခန်းနှင့်  Gangway, မြက်ခင်းပြင်၊ Office Room, Training Room, Meeting Room များ၊ လူ ၁၈၀ နှင့် လူ ၄၅၀ ဆံ့ ခန်းမများ၊ ရုပ်ရှင်ရုံ၊ ကဇာတ်ရုံနှင့် အင်ဒိုးစတူဒီယို၊ အောက်ဒိုး စတူဒီယိုများ စသည်တို့ကို ငှားရမ်းလိုပါက ဖုန်း-၀၁-၄၇၀၅၉၉၁ သို့ဆက်သွယ်နိုင်ပြီး ဝန်ဆောင်မှုကောင်းများဖြင့် ကြိုဆိုလျက်ရှိကာ STAR  CINEMA  ရုပ်ရှင်ရုံမှ ဝန်ထမ်းများက ကြည့်ရှုအပန်းဖြေသော ပြည်သူများ စိတ်နှလုံးအေးချမ်းစွာ ကြည့်ရှု ခံစားနိုင်ရန် ဝန်ဆောင်မှုကောင်းများဖြင့်  ကြိုဆိုလျက်ရှိသည်။

စောင်နီလေးတစ်ထည်  (A  RED BLANKET) ရုပ်ရှင်ဇာတ်ကားကို  (၇၈) နှစ်မြောက် တပ်မတော်နေ့ကိုဂုဏ်ပြုသောအားဖြင့် ပြသသွားမည်ဖြစ်ပြီး တပ်မတော်သားတို့၏ စွန့်လွှတ်စွန့်စားသောစိတ်ဓာတ်၊ မေတ္တာတရားနှင့် ထာဝရငြိမ်းချမ်းရေးကို အစဉ်တန်ဖိုးထားသော စိတ်ထားတို့ကို ရုပ်ရှင်ချစ်ပြည်သူတို့ထံ ချပြသွားမည်ဖြစ်ကြောင်း  သိရသည်။