စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်-၈၆

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်-၈၆

အမှတ်စဉ်(၈၆)

ဘာကြောင့်လဲဆိုတော့ ဒီနှစ်ထဲမှာပဲ ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံဟောင်းတချို့ကို ဖျက်သိမ်းပြီး မဂ္ဂါဝပ်ထောင်ချီတဲ့ ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံအသစ်တွေ    ထပ်ပြီး တည်ဆောက်နေတာကို ကြည့်ရင်သိနိုင်ပါတယ်။

မလေးရှားစွမ်းအင်ဗျူဟာ

    မလေးရှားနိုင်ငံရဲ့ အဓိကစီးပွားရေးက ဆီအုန်းစိုက်တယ်။ စားအုန်းဆီ ရောင်းတယ်။ စက်မှုကုန်ကြမ်းဆီရောင်းတယ်။ အဆင့်မြင့် လူသုံးကုန်တွေ ထုတ်တယ်။ ရေနံသဘာဝဓာတ်ငွေ့ရောင်းပြီး ငွေရှာတယ်။ ၂၀၁၆ ခုနှစ်စာရင်းအရ   သဘာဝဓာတ်ငွေ့သိုက်   ပိုင်ဆိုင်မှုဟာ   ကမ္ဘာ့နံပါတ် (၂၆) အဆင့်ရှိပြီး ကုဗမီတာဘီလျံ ၁၁၈၃ ထိ ပိုင်ဆိုင်ပါတယ်။ ဒါတွေကို သူအကုန်သုံးသလားဆိုတော့ မသုံးပါဘူး။ သူ့စွမ်းအင် လိုအပ်ချက် အားလုံးရဲ့ ၃၀ ရာခိုင်နှုန်းတောင် သူမသုံးဘဲ ပြည်ပကို LNG အဖြစ်တင်ပို့ နေပါတယ်။ ရှေ့က သဘာဝဓာတ်ငွေ့ အခန်းမှာ ဖော်ပြခဲ့ပြီးပါပြီ။ ၂၀၁၆ ခုနှစ်စာရင်းအရလည်း သူဟာ ကမ္ဘာ့ဒုတိယ LNG အတင်ပို့ဆုံးနိုင်ငံ ဖြစ်နေပါတယ်။

မလေးရှားနိုင်ငံရဲ့ ပထဝီအနေအထားအရ နိုင်ငံပိုင်နက်နှစ်ခုဟာ ပင်လယ်ခြားပြီး   နှစ်ပိုင်းကွဲနေပါတယ်။  ကီလိုမီတာ ၆၀၀ လောက် ကျယ်တဲ့ပင်လယ်ကြီးကြောင့်    အရှေ့ဘက်ဘော်နီယိုကျွန်းပေါ်မှာ ဆာရာဝပ်လို့ခေါ်တဲ့ ပြည်နယ်တစ်ခုနဲ့ ပင်နဆူလာ မလေးရှားဆိုတဲ့ ပြည်မကြီး တစ်ခုကွဲနေပါတယ်။

ဘော်နီယိုကျွန်းပေါ်မှာ အင်ဒိုနီးရှားကာလီမန်တန်၊ မလေးရှားရဲ့ ဆာရာဝပ်နဲ့ ဘရူနိုင်းဒါရုဆလင် နိုင်ငံတွေရှိနေကြတယ်။ ဆာရာဝပ်ရဲ့ လျှပ်စစ်ကိစ္စတွေကို ဆာရာဝပ်စွမ်းအင်အဖွဲ့ (Sarawat Energy ) ကပဲ တာဝန်ခံဆောင်ရွက်တယ်။ ဆာရာဝပ်ပြည်နယ်မှာ တောတောင်တွေ ထူထပ်ပြီး လူဦးရေမျှတတော့ ရေအားလျှပ်စစ်ထုတ်ဖို့ အခွင့်အလမ်းတွေ အများကြီးရှိနေတယ်။ သူ့ပြည်နယ်ရဲ့ ဝန်ကြီးချုပ်ကိုယ်တိုင် ရေအား လျှပ်စစ်ကို   အားထည့်ဆောင်ရွက်ခဲ့မှု ရလဒ်ဟာ  ၂၀၀၅  ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အတွင်း ရေအားလျှပ်စစ်တွေ အများကြီးပြီးစီးခဲ့ပါတယ်။ ထွက်လာတဲ့ဓာတ်အားဟာ ရေအားလျှပ်စစ်ဓာတ်အား ဖြစ်ပြီး အလုံးအရင်းနဲ့ ထွက်လာတာဖြစ်လို့ သူ့ပြည်နယ် ကမ်းရိုးတန်းဒေသတွေမှာ ရင်းနှီးမြှုပ်နှံမှု အထူးဇုန်တွေထူထောင်ပြီး ဓာတ်အားခကို အလုံးလိုက်အခဲလိုက် သုံးစွဲနေသူတွေ အတွက်  3 Uscent/KWh နှုန်းခန့်နဲ့ ရောင်းချပါတယ်။ ဒီနှုန်းနဲ့ဆိုရင် လျှပ်စစ်အလုံးအရင်းနဲ့သုံးမယ့် ရေနံချက်စက်ရုံတို့၊ သံမဏိကုန်ကြမ်းမှ ကုန်ချောထုတ်လုပ်တဲ့ စက်ရုံတို့ စတာတွေအတွက် အလွန်တွက်ခြေကိုက်တဲ့ အတွက် အလုံးအရင်းနဲ့ လာရောက် ရင်းနှီးမြှုပ်နှံနေကြတယ်။ ပင်လယ်ရေလမ်းကြောင်းကလည်း စင်ကာပူ မလက္ကာရေလက်ကြားက တစ်ဆင့် အရှေ့အနောက်သွား ရေလမ်းကြောင်း

ပေါ်ကျနေလို့ ကုန်သင်္ဘောတွေ သွားလာရလွယ်ကူတယ်။

ယခင်က ဆာရာဝပ်ပြည်နယ်မှာ ဓာတ်ငွေ့သုံးစက်ရုံတွေနဲ့ ကျောက်မီးသွေးသုံး စက်ရုံတွေ၊ အသေးစားရေအား လျှပ်စစ်တွေသာ ရှိနေရာကနေ ယခုဆိုရင် ၁၀ စုနှစ်တစ်စုကျော်အတွင်း ရေအားလျှပ်စစ်အကြီးစားတွေကြောင့် အချိုးညီမောင်းနှင်နိုင်တဲ့ အဆင့်ရောက်လာပါပြီ။ တပ်ဆင်အင်အားတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    ရေအားလျှပ်စစ်များ               ၃၄၄၄ မဂ္ဂါဝပ်

          -  Botany Ai                     ၁၀၀   မဂ္ဂါဝပ်

          - Bakun                          ၂၄၀၀  မဂ္ဂါဝပ်

          - Murum                           ၉၄၄   မဂ္ဂါဝပ်

    အပူသုံးစက်ရုံများ                    ၁၄၈၀  မဂ္ဂါဝပ်

          - ဓာတ်ငွေ့စက်ရုံ                  ၆၈၉ မဂ္ဂါဝပ်

          - ကျောက်မီးသွေးစက်ရုံ        ၈၉၁ မဂ္ဂါဝပ်

    စုစုပေါင်း                                 ၄၉၂၄ မဂ္ဂါဝပ်

ဖော်ပြခဲ့တဲ့အတိုင်း ပြည်နယ်တစ်ခုတည်းမှာပဲ ဓာတ်အားလုံလောက်စွာ ထွက်ရှိပြီး ပိုလျှံနေလို့ မလေးရှား ပင်နဆူလာကို ပင်လယ်ရေအောက် ဓာတ်ကြိုး (Submarine Cable) နဲ့ ပို့ဖို့စဉ်းစားရာမှာ ကီလိုမီတာ ၆၀၀ ထိ DC (Direct Current) ကြိုးဆွဲရမှာပါ။ ဒီလိုလုပ်ရင် စရိတ်ထောင်းမှာဖြစ်လို့ မစဉ်းစားတော့ဘဲ ပြည်နယ်က ပိုလျှံတဲ့ဓာတ်အားကို အင်ဒိုနီးရှား ကာလီမန်တန်ကို ရောင်းချပါတော့တယ်။

၂၀၁၆ ခုနှစ် ဇန်နဝါရီလမှာ အနောက်ကာလီမန်တန်ကို နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းနဲ့ စတင်ရောင်းချခဲ့တယ်။ ဓာတ်အားလိုင်းတစ်ခုဟာ ၂၇၅ ကေဗွီလိုင်းဖြစ်ပြီး ဆာရာဝပ်စွမ်းအင် ကုမ္ပဏီ (Sarawat Energy Berhad) ကပဲ  တာဝန်ယူဆောင်ရွက်ခဲ့တယ်။   Sarawat Energy Berhad ဟာ ပြည်နယ်အစိုးရရဲ့ ပိုင်ဆိုင်မှု ၄၅ ရာခိုင်နှုန်းသာ ပါတဲ့ ဖက်စပ်လျှပ်စစ်ကုမ္ပဏီဖြစ်ပါတယ်။ နိုင်ငံပိုင်အချိုး ၅၀ ကျော်မှ ဖက်စပ်လုပ်မယ်ဆိုတဲ့နိုင်ငံတွေ ပညာယူရမှာပါ။ အမှုဆောင် အရာရှိချုပ် (CEO) ကိုပါ ဥရောပသားပညာရှင်ကို ငှားရမ်းဆောင်ရွက်နေတာပါ။ ဆာရာဝပ်ပြည်နယ်မှာ ဓာတ်အားသုံးစွဲသူ ဦးရေဟာ ၂၀၁၆ ခုနှစ်၊ မေလစာရင်းအရ ၆၀၀၀၀၀ ဦးရှိပါတယ်။ ဝန်ထမ်းအင်အားက စုစုပေါင်း ၄၂၀၀ ဦးနဲ့ ထုတ်လုပ်မှုရော၊ ဖြန့်ဖြူးမှုရော ဓာတ်အားလိုင်း ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်နေတဲ့အတွက် တပ်ဆင်အင်အားနဲ့ တွက်ကြည့်ရင် တစ်မဂ္ဂါဝပ်ကို ဝန်ထမ်းတစ်ဦးသာ ခန့်ထားလို့ မျှတတယ်လို့ပြောလို့ရ ပါတယ်။ မလေးရှားပြည်မကြီးကို လေ့လာပါမယ်။ မလေးရှားပြည်မကြီးမှာ အောက်ပါဓာတ်အားပေးစက်ရုံတွေ လည်ပတ်နေပါတယ်။

ဆက်လက်ဖော်ပြပါမည်။