တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်) ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်

တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်) ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်

နေပြည်တော်၊ မတ် - ၁၉

      ရခိုင်ပြည်နယ်အတွင်းရှိ ကမ်းရိုးတန်းဒေသ တစ်လျှောက်မှ  ဒေသခံပြည်သူ များအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် တပ်မတော် ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)ဖြင့် ရောက်ရှိနေသော တပ်မတော်နှင့် ကျန်းမာရေး ဝန်ကြီးဌာနတို့မှ အထူးကုဆေးအဖွဲ့များမှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများ သည် ပေါက်တောမြို့နယ်၊ ပြိုင်းတောင်ကျေးရွာအုပ်စု၊ စိုးမဲကျီကျေးရွာနှင့် ပတ်ဝန်း ကျင်ကျေးရွာများမှ ခွဲစိတ်ကုသပြီးသော မျက်စိခွဲစိတ်လူနာ ၆ ဦးအား ဆေးရုံရေယာဉ် ပေါ်၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

      ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေး၍ မျက်စိခွဲစိတ်လူနာများအား မျက်မှန်များ တပ်ဆင်ပေးပြီး အာဟာရဖြည့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ကြသည်။ ထို့နောက် အဆိုပါလူနာများအား တပ်မတော်ရေယာဉ်ဖြင့် စိုးမဲကျီဆိပ်ကမ်းသို့ ပြန်လည် ပို့ဆောင်ပေးသည်။

     ထို့အတူ နယ်လှည့်အထူးကုဆေး အဖွဲ့သည် ယနေ့တွင် စိုးမဲကျီကျေးရွာရှိ ဓမ္မရက္ခိတစိုးမဲကျီကျောင်းတိုက်၌ အခြေပြု၍ အဆိုပါကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာ များမှ ဒေသခံပြည်သူ ၁၀၀၈ ဦးအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက် ပေးကြသည်။

        ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာ ရောဂါ ၃၈၂ ဦး၊ ခွဲစိတ်ရောဂါ ၅၁ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၂၇ ဦး၊ ကလေးရောဂါ ၁၁၄ ဦး၊ အရိုးရောဂါ ၁၁၀ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ  ၅၅ ဦး၊ မျက်စိရောဂါ ၂၁၆ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၅၃ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် ခွဲစိတ်ကုသရန် လိုအပ်သူ အထွေထွေခွဲစိတ်လူနာ ၅ ဦး၊ မျက်စိခွဲစိတ်လူနာ ၆ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၄ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၅၉ ဦး၊ ECG ဖြင့် နှလုံးစမ်းသပ်လူနာ ၅၃ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၁၂ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သူ ၁ ဦးကို နီးစပ်ရာ တပ်မတော် ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး ဆောင်ရွက်ပေးသည်။

    ကျန်းမာရေး ဆောင်ရွက်ပေးမှုအပေါ် ဒေသခံပြည်သူများ၏  စကားသံများကို ယခုလိုပဲ ကြားသိခဲ့ရပါတယ်-

“ကြက်ခြေနီတပ်ဖွဲ့က ပေါက်တောမြို့ မှာလာပြီး ပါဝင်ကူညီဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။ ဆေးရုံဆေးခန်းကတော့ ပေါက်တောမြို့မှာ ဖွင့်ထားတဲ့ ဆေးခန်းတွေ  တော့ရှိပါတယ်။ ဒါပေမဲ့ ပြည့်စုံလုံလောက် မှုမရှိတာတွေတော့ ကြုံရပါတယ်။ အခုလို သင်္ဘောကြီးလာတဲ့အတွက် ကျွန်တော်တို့မှာ  ပြည့်ပြည့်စုံစုံ ပါဝင်လာတဲ့အတွက် အင်မတန်မှအားလည်း ရှိပါတယ်။အခုချိန်မှာ သင်္ဘောကြီးရောက်ခဲ့တဲ့အတွက် ဒေသခံပြည်သူတွေ တစ်ရက်မှာတစ်ထောင်ကျော် ဆေးကုသခွင့်ရတဲ့အတွက် အင်မတန်မှ ဝမ်းသာပါတယ်။ တချို့ဆိုရင် မျက်စိလုံး၀ ကွယ်နေတဲ့သူတွေကိုတောင် ဆေးဝါး အပြည့်အစုံနဲ့ကုသပေးမှုကြောင့် မျက်စိကို မြင်ရတဲ့အထိ  အောင်မြင်စွာကုသပေး နိုင်တာကို ကိုယ်တိုင်တွေ့ကြုံခဲ့ရပါတယ်။ ဒါကြောင့် ဒေသခံတွေကိုယ်စား ဂုဏ်ယူ ဝမ်းမြောက်မိပါတယ်။  ဒီနေရာမှာရှိတဲ့ ဒေသခံတွေက ငွေကြေးအရသော် လည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေး အရသော်လည်းကောင်း   တော်တော်လေး ခက်ခဲနေတာဖြစ်ပါတယ်။ လာရောက်ကုသပေးတဲ့အတွက်  သက်ဆိုင်ရာ တာဝန်ရှိသူတွေ၊ နိုင်ငံတော်အကြီးအကဲနှင့်တကွ သမားတော် ကြီးတွေ၊   ပါရဂူကြီးတွေ၊   သူနာပြုတွေ၊ ဆရာမတွေ၊ ဆရာတွေ သက်ဆိုင်ရာဌာန အသီးသီးက ဝိုင်းဝန်းကူညီကြသူတွေ အားလုံးကို  အထူးကျေးဇူးတင်ပါတယ်။ နောက် နောင်ကို ကျွန်တော်တို့မြို့နယ်ကို လာခဲ့ပါ လို့ တောင်းဆိုပါတယ်။ လာပါစေလို့လည်း ဆုတောင်းပါတယ်”ဟု ပြောသည်။

“အခမဲ့ဆေးကုသပေးမယ်လို့ ပေါက်တောမြို့မှာ  ကြေညာပါတယ်။  အသွားအပြန်အားလုံး အခမဲ့လုပ်ပေးမယ်လို့ ပြောပါတယ်။ တပ်မတော်က ဆေးတပ်ဖွဲ့က အခမဲ့ပို့ဆောင်ပေးပါတယ်။ အခုလိုလာရောက် ကုသပေးတဲ့အတွက် ဝမ်းသာမိပါတယ်။ ဘင်္ဂလားပင်လယ်အော်နဲ့ နီးတဲ့အတွက် သွားရလာရ  အခက်ခဲဆုံးနေရာအထိ လာရောက်ကုသပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီလိုကျန်းမာရေး စောင့်ရှောက်မှုတွေကို   တစ်နှစ်တစ်ခါ လာရောက် ကုသပေးစေချင်ပါတယ်။ ဒီလို နိုင်ငံတော်ကနေပြီး  ရခိုင်ပြည်နယ်ထိလာရောက်  အခမဲ့ဆေးကုသပေးတဲ့သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်”ဟု ပြောသည်။