လွတ်လပ်ရေးကြိုးပမ်းမှုနှင့်အတူ . . .

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ မတ် ၂၀ ရက်)

လွတ်လပ်ရေးကြိုးပမ်းမှုနှင့်အတူ . . .

မြန်မာနိုင်ငံ၏ သမိုင်းကြောင်းတစ်လျှောက်တွင် အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံအဖြစ် တိုင်းရင်းသားလူမျိုးပေါင်းစုံနှင့် ငြိမ်းချမ်းထည်ဝါစွာ နေထိုင်ခဲ့ရသည်။ သို့သော် ၁၈၈၆ ခုနှစ်တွင် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာဆုံးရှုံးခဲ့ရပြီး နယ်ချဲ့တို့၏ ဖိနှိပ်မှုအောက်သို့ နှစ်ပေါင်း ၁၀၀ ကျော် နေထိုင်ခဲ့ရသည်။ ၁၈၈၆ ခုနှစ်တွင် လွတ်လပ်ရေးဆုံးရှုံးခဲ့သည်ဟုဆိုသော်လည်း အမှန်တကယ်အားဖြင့် ၁၈၂၄ ခုနှစ်တွင် အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲ၊ ၁၈၅၂ ခုနှစ်တွင် အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲတို့ဖြင့် မြန်မာနိုင်ငံ အောက်ပိုင်းတစ်ခုလုံးကို အင်္ဂလိပ်တို့က မတရားသိမ်းပိုက်ထားပြီးဖြစ်သည်။ ၁၈၈၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် အင်္ဂလိပ်တို့၏ လိမ်လည်လှည့်ဖြားကောက်ကျစ်မှုဖြင့် ဘုရင်နှင့်မိဖုရားကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြင့် လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာဆုံးရှုံးသွားခဲ့သည်။

မြန်မာတိုင်းရင်းသားအပေါင်းသည် ဆုံးရှုံးသွားသော လွတ်လပ်ရေးအတွက် ရရာလက်နက်စွဲကိုင်ကာ တိုက်ပွဲဝင်ခဲ့ကြသည်။ စိတ်ဓာတ်ကောင်းသော်လည်း လက်နက်ကောင်းမရှိခြင်း၊ ခေတ်မီသော စစ်အတတ်ပညာမရှိခြင်းတို့ကြောင့် မြန်မာတို့၏ တော်လှန်ရေးစစ်ပွဲများမှာ အောင်မြင်မှုမရခဲ့ပေ။ သခင်အောင်ဆန်းဦးဆောင်သော ရဲဘော်သုံးကျိပ်သည် ဂျပန်တို့၏ အကူအညီဖြင့် စစ်ပညာများကို အပင်ပန်းအဆင်းရဲခံ သင်ယူခဲ့ကြသည်။ ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်တို့၏ ဦးဆောင်မှုနှင့် ဗမာ့လွတ်လပ်ရေး တပ်မတော်(BIA)ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ စတင်ဖွဲ့စည်းခဲ့ပြီး နယ်ချဲ့အင်္ဂလိပ်တို့ကို မျိုးချစ်စိတ်ထက်သန်ပြင်းပြသည့် ပြည်သူလူထုနှင့် ပူးပေါင်းမောင်းထုတ်ခဲ့ကြသည်။

ဗမာ့လွတ်လပ်ရေးတပ်မတော်(BIA)ကို ၁၉၄၂ ခုနှစ်တွင် ဗမာ့ကာကွယ်ရေးတပ်မတော်(BDA)၊ ၁၉၄၃ ခုနှစ်တွင် ဗမာ့အမျိုးသား တပ်မတော်(BNA)၊ ၁၉၄၅ ခုနှစ် ဇူလိုင်လတွင် မျိုးချစ်ဗမာ့တပ်မတော် (PBF)၊ စက်တင်ဘာလတွင် ဗမာ့တပ်မတော် (Burma Army) အဖြစ်  အဆင့်ဆင့် အမည်ပြောင်းလဲ ဖွဲ့စည်းခဲ့ကြသည်။ အင်္ဂလိပ်တို့ ဆုတ်ခွာပြီးနောက် ၁၉၄၃ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှာ ဖက်ဆစ်တို့က လွတ်လပ်ရေးပေးခဲ့သော်လည်း ပြည်သူလူထုမှာ ဆိုးရွားစွာညှဉ်းပန်းနှိပ်စက်မှုကို ခံခဲ့ကြရသည်။ ၎င်းခေတ်ကာလ သည် မြန်မာတိုင်းရင်းသားတို့အတွက် ကိုယ်၊ နှုတ်၊ နှလုံးလွန်စွာ ညှိုးနွမ်းခဲ့ရသော ကာလဖြစ်ခဲ့သည်။ ပြည်သူ့အရေးကို အစဉ် ရှေးရှုတွေးဆနေသော တပ်မတော်သည် ပြည်သူလူထုကို ဦးဆောင်ကာ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ဖက်ဆစ် တော်လှန်ရေးကြီး စတင်ဆင်နွှဲခဲ့သည်။ ထိုနေ့မှစတင်၍ တပ်မတော်သည်မည်သူ၏ လက်အောက်ခံမှ မဟုတ်တော့သည့် အတွက် ထိုနေ့ကို တပ်မတော်နေ့အဖြစ် ဂုဏ်ပြုသတ်မှတ်ခြင်း ဖြစ်သည်။

တပ်မတော်သည် အမည်နာမအားဖြင့် မည်သို့ပင်ပြောင်းလဲခဲ့စေကာမူ အဓိကမှာ တိုင်းပြည်နှင့်လူမျိုး အကျိုးအတွက်သာဖြစ်သည်။ တပ်မတော်နှင့် ပြည်သူလူထုအတူလက်တွဲပြီး ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် နယ်ချဲ့ဗြိတိသျှတို့လက်အောက်မှ မြန်မာနိုင်ငံကို လွတ်လပ်ရေးရယူပေးခဲ့သည့်အတွက် လွတ်လပ်ရေးနှင့်အတူ သန္ဓေတည်ပေါက်ဖွားလာသည့် တပ်မတော်လည်းဖြစ်သည်။ လွတ်လပ်ရေးရပြီးနောက် နယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်မှု၊ အယူဝါဒရေးနှင့် တိုင်းရင်းသားရေးတို့အရ ပြည်တွင်းသောင်းကျန်းမှုများ ပေါ်ပေါက်လာရာတွင် တပ်မတော်က ပူပူနွေးနွေးရရှိထားသည့် လွတ်လပ်ရေးကြီး လက်လွတ်မဆုံးရှုံးစေရန် အသက်၊ သွေး၊ ချွေးများစွာကို စတေးပြီး သောင်းကျန်းသူများကို နှိမ်နင်းပေးခဲ့ရသည်။ ၁၉၄၈ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် ဗမာပြည် ကွန်မြူနစ် ပါတီ(ဗကပ)တို့ စတင်လက်နက်ကိုင်တောခိုခဲ့ရာမှစပြီး အခြားလက်နက်ကိုင် သောင်းကျန်းသူအဖွဲ့များ ပေါ်ပေါက်လာခဲ့သည်။ နိုင်ငံတကာကလည်း “ရောင်စုံသောင်းကျန်းသူများ” ဟုကင်ပွန်းတပ်ခဲ့ကြသည်။

ထိုအချိန်က ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်နေသည့် ဗိုလ်ချုပ်ကြီးနေဝင်းမှာ ခြေလျင်တပ်အနည်းငယ်၊ လက်ရုံးဝန်ထမ်း တပ်အနည်းငယ်နှင့် ရသမျှအင်အားစုစည်းပြီး နိုင်ငံအနှံ့ဆူပူသောင်းကျန်းနေသည့် ရောင်စုံသောင်းကျန်းသူများကို ပြန်လည် ထိန်းချုပ် တိုက်ခိုက်ကာ နိုင်ငံကိုတည်ငြိမ်အောင်၊ မပြိုကွဲအောင်ဆောင်ရွက်ပေးနိုင်ခဲ့သည်။ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခမှာ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား စတင်ဖြစ်ပွားခဲ့ခြင်းမဟုတ်ဘဲ သက်ဆိုင်ရာအစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ တပ်မတော်အနေဖြင့် နိုင်ငံတော်နှင့်အချုပ်အခြာအာဏာကို ကာကွယ်ရန် တာဝန်ရှိသည့် အဖွဲ့အစည်းပီသစွာ ဆောင်ရွက်ခဲ့ရခြင်းဖြစ်သည်။

တပ်မတော်သည် လွတ်လပ်ရေးကြိုးပမ်းမှုနှင့်အတူ ပေါ်ပေါက်လာခဲ့ပြီး လွတ်လပ်ရေးကြီးတည်တံ့ခိုင်မြဲစေရန် ထိန်းသိမ်း ကာကွယ် စောင့်ရှောက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် “အမျိုးသားရေးကို ဘယ်တော့မှသစ္စာမဖောက်” သည့် တပ်မတော်ရှိနေသည့်အတွက် နိုင်ငံနှင့်လူမျိုးကို ဘေးအန္တရာယ်မှ ကာကွယ်ပေးနိုင်ခြင်းဖြစ်သည်။ မည်သည့်အခက်အခဲနှင့်ကြုံနေပါစေ တပ်မတော်သားတို့သည် သက်စွန့်ကြိုးပမ်း သယ်ပိုးထမ်းရွက်နေမည်သာဖြစ်ပေရာ မတ် ၂၇ ရက်တွင်ကျရောက်မည့် (၇၈)နှစ်မြောက်မှသည် နှစ်ပေါင်း ထောင်သောင်းမက တည်တံ့ပါစေကြောင်း ရေးသားလိုက်ရပေသည်။    ။