စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

အမှတ်စဉ်(၈၇)

မလေးရှားပြည်မနဲ့ ဆာရာဝပ်ပြည်နယ် နှစ်ခုပေါင်းရဲ့ ၂၀၁၅ ခုနှစ် တပ်ဆင်အင်အားများနဲ့ အရင်းအမြစ်ပါဝင်မှုအချိုးတွေကို အောက်မှာ လေ့လာပါမယ်။

မလေးရှားတစ်နိုင်ငံလုံး အရင်းအမြစ်အလိုက် ဓာတ်အားပေးစက်ရုံတပ်ဆင်အင်အား(မဂ္ဂါဝပ်) (၂၀၁၅ ခုနှစ်)

မလေးရှားတစ်နိုင်ငံလုံးရဲ့ တပ်ဆင်စက်အင်အားသုံးသပ်ချက်အရ ရေအားဟာ ယခုအချိန်ထိ ၁၈ ရာခိုင်နှုန်းသာ ရှိသေးတယ် ဆိုရာမှာ ပြည်မကြီးမှာ ရေအားလျှပ်စစ်အရင်းအမြစ် နည်းတာကြောင့်သာဖြစ်ပါတယ်။ ဆာရာဝပ်ပြည်နယ်မှာသာ ရေအားက ပေါကြွယ်ဝနေ လို့ ဘရူနိုင်းနဲ့ အင်ဒိုနီးရှား ကာလီမန်တန်ကို ရေအားလျှပ်စစ် တိုးချဲ့ရောင်းသွားမှာ ဖြစ်ပါတယ်။

မလေးရှားဓာတ်အားပေးစက်ရုံအားလုံးက ၂၀၁၅ ခုနှစ်မှာ ထုတ်လုပ်ပေးနေတဲ့ဓာတ်အားဟာ ကီလိုဝပ်နာရီ(ယူနစ်)သန်းပေါင်း ၁၃၃၀၀၀ ဖြစ်တဲ့အတွက် မလေးရှားလူဦးရေ ၃၂ သန်းနဲ့တွက်ရင် လူတစ်ဦးတစ်နှစ်သုံးနိုင်တဲ့ ဓာတ်အားပမာဏဟာ ၄၂၆၅ ကီလိုဝပ် နာရီ(ယူနစ်)အထိ ရောက်ရှိနေပြီဆိုတာ တွေ့ရမှာပါ။ ကမ္ဘာ့ပျမ်းမျှထက် ၁၀၀၀ ကျော် ပိုနေပါပြီ။

ဒါဆိုရင် မလေးရှားနိုင်ငံသားတွေ လျှပ်စစ်လုံလောက်နေပြီပဲလို့ ထင်ရင်မှားသွားမှာပါ။ သူ့ပြည်သူအတွက် ၂၀၃၇ ခုနှစ်အထိ တစ်နှစ် ပြီးတစ်နှစ် ထပ်တိုးဝင်ရောက်မောင်းနှင်လာမယ့်စက်ရုံတွေ ဆက်လက် တည်ဆောက်နေဆဲ၊ တည်ဆောက်ရန် ပြင်ဆင်နေဆဲဖြစ် ပါတယ်။ ဒါဆိုရင် ဘယ်အချိန်မှာ ဘယ်လိုအရင်းအမြစ်စက်ရုံမျိုးတွေ ဘယ်လောက် အင်အားတိုးလာမလဲလေ့လာဖို့ အောက်က ဇယားကို ကြည့်ကြရအောင်ပါ။

မလေးရှား၏ ၂၀၁၅ ခုနှစ်မှ ၂၀၃၇ ခုနှစ်အထိ တိုးတက်တပ်ဆင်မယ့် ဓာတ်အားပမာဏ

ယခုဖော်ပြခဲ့တဲ့ မလေးရှားရဲ့ ၂၀၁၄ ခုနှစ်နောက်ပိုင်း ၂၀၃၇ ခုနှစ် စီမံချက်ကိုလေ့လာရင် ရေအားအရင်းအမြစ်မျိုးစုံကို ရသလောက် သုံးမယ်။ ကျောက်မီးသွေးရော၊ ဓာတ်ငွေ့ရော အချိုးညီအသစ်တွေတည် ဆောက်မယ်ဆိုတာမြင်ရမှာပါ။ တစ်နှစ်ပျမ်းမျှ မဂ္ဂါဝပ် ၈၇၀ ခန့် တိုးတက်ဆောင်ရွက်မယ်ဆိုတာ တွေ့ရမှာပါ။ ဒီလိုတပ်ဆင်အင်အားတိုးလာတဲ့ အတွက် ၂၀၃၃ ခုနှစ်မှာ တစ်နှစ်အတွင်း ထုတ်လုပ်သုံးစွဲမယ့် ဓာတ်အား ပမာဏဟာ ကီလိုဝပ်နာရီသန်းပေါင်း ၁၆၃၄၇၄ အထိရှိလာမှာဖြစ်ပါတယ်။ ဒီလောက်တိုးတက် လာခဲ့ရင်တောင် သူ့နိုင်ငံလူဦးရေတိုးနှုန်းကြောင့် ၂၀၁၅ ခုနှစ်မှာရှိနေတဲ့ မလေးရှားပြည်သူ တစ်ဦးစီသုံးနိုင်တဲ့  ကီလိုဝပ် နာရီ ၄၂၆၅ ကို ၂၀၃၃ ခုနှစ်မှာ မကျော်နိုင်သေးပါဘူး။ ဒီနိုင်ငံတွေ အကြောင်းလေ့လာရင်း အာဆီယံနိုင်ငံတွေထဲက မိမိတို့တစ်နိုင်ငံပဲ ရေအား လျှပ်စစ်တမံတွေမလုပ်နဲ့၊ ကျောက်မီးသွေးမလုပ်နဲ့ဆိုပြီး အောက်ဆုံးအဆင့်မှာ စုံးစုံးမြုပ်ကျန်ခဲ့တော့မှာ မလွဲပါဘူးလို့သာ ဆိုပါရစေ။

ထိုင်းနိုင်ငံ စွမ်းအင်ဗျူဟာထိုင်းနိုင်ငံဟာ မိမိတို့နဲ့ကပ်လျက်နိုင်ငံတစ်နိုင်ငံဖြစ်တာရယ် တစ်ချိန် က (၁၉၅၀ ပြည့်နှစ်မှာ) မိမိတို့နဲ့ ဖွံ့ဖြိုးမှုတန်းတူညီတူနီးပါးရှိခဲ့ပြီး ယနေ့ ဖွံ့ဖြိုးမှုသိသိသာသာကွာဟသွားတာရယ်၊ အာဆီယံနိုင်ငံတစ်နိုင်ငံဖြစ်တာရယ်၊ မိမိနိုင်ငံက သဘာဝဓာတ်ငွေ့ကို ပိုက်လိုင်းနဲ့ သွယ်တန်းအသုံးပြုနေတဲ့ နိုင်ငံဖြစ်တာရယ်တွေ ပေါင်းစုံနေလို့ နည်းနည်းပြည့်စုံအောင် ဖော်ပြ ပါမယ်။

မြန်မာနိုင်ငံမှာ ၁၉၆၀ ပြည့်နှစ်မှာ လောပိတအမှတ်(၂)စက်ရုံရဲ့ ပထမစက်သုံးလုံးကနေ ၈၄ မဂ္ဂါဝပ် ထွက်ရှိလာချိန်အထိ ထိုင်းနဲ့ မြန်မာဟာ သိပ်ကွာခြားမှုမရှိသေးပါဘူး။ ဒါပေမဲ့ ၁၉၆၄ ခုနှစ်မှာ ထိုင်းမှာ ဘူမိဘောတမံ ရေအားလျှပ်စစ်စက်ရုံကနေ ၇၄၉ မဂ္ဂါဝပ်ထွက်ရှိလာတဲ့အတွက် နိုင်ငံရဲ့ဓာတ်အားသုံးစွဲမှု ထက်ဝက်နီးပါးလောက်ကို တိုးချဲ့ဖြည့်ဆည်းပေးနိုင်ခဲ့တယ်။ ထိုင်းနိုင်ငံ ဘုရင်မင်းမြတ်ကလည်း လျှပ်စစ်နဲ့စိုက်ပျိုးရေးကို ကိုယ်တိုင်ထဲထဲဝင်ဝင်နားလည်တယ်။ စီးပွားရေးမှာလည်း အသေးစား၊ အလတ်စားတွေကို နိုင်ငံတော်ရဲ့  အတိုးအလွန် နည်းတဲ့ချေးငွေနဲ့  အားပေးခဲ့သူဖြစ်တယ်။  နိုင်ငံတစ်နိုင်ငံရဲ့  အခြေခံ လိုအပ်ချက်ဟာ  လျှပ်စစ်ဖြစ်တယ်ဆိုတာကို  သဘောပေါက်တဲ့ခေတ် ပညာတတ်လည်းဖြစ်တယ်။ ကမ္ဘာ့နိုင်ငံတွေ ဘယ်လိုဖွံ့ဖြိုးလာသလဲဆို တာ ကောင်းကောင်းသိသူလည်း ဖြစ်တယ်။  ထိုင်းနိုင်ငံမှာက  ဘုရင်ကို ပြည်သူက ဘုရားတစ်ဆူလို ကိုးကွယ်နေတာဖြစ်တော့ အစိုးရတွေ ကလည်း ခေတ်အဆက်ဆက် ဘုရင်ကို ရိုသေကြရတယ်။ ဘုရင်ကလည်း ပြည်သူအတွက် လူဖြစ်လာတဲ့ ပုဂ္ဂိုလ်လို့ဆိုရမယ်။ ထိုင်းနိုင်ငံဟာ  ဘုရင်တွေ တော်လို့ အရှေ့တောင်အာရှမှာ ဘယ်သူ့ကိုလိုနီမှမဖြစ်ခဲ့တဲ့ တစ်ခုတည်းသော နိုင်ငံဖြစ်ခဲ့တယ်။  ဒါကြောင့်  ထိုင်းနိုင်ငံဟာ  အိမ်နီးချင်းတွေ ထက်ပိုပြီး  ဦးတည်ချက်ကောင်းကောင်းနဲ့  စဉ်ဆက်မပြတ်ဆောင်ရွက် ခွင့်ရခဲ့တယ်။                             

 ဆက်လက်ဖော်ပြပါမည်။