(၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ တတိယနေ့ ဆက်လက်ကျင်းပ၊ ပုလဲအတွဲပေါင်း ၁၄၃ တွဲရောင်းချနိုင်ခဲ့

 (၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ တတိယနေ့ ဆက်လက်ကျင်းပ၊ ပုလဲအတွဲပေါင်း ၁၄၃ တွဲရောင်းချနိုင်ခဲ့

နေပြည်တော်  မတ်  ၁၉

    (၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ တတိယနေ့ကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်း ခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များဖြင့် စည်ကားလျက်ရှိသည်။

နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များသည် မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း ခင်းကျင်းပြသထားသည့် ပုလဲအတွဲများ၊ ကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများ အလိုက်  ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက် လေ့လာကြည့်ရှုကြသည်။

ယနေ့ပြပွဲတွင် ရောင်းချမည့် ပုလဲအတွဲ အမှတ် (၁၅၁) မှ အတွဲအမှတ် (၂၉၅)အထိ ပုလဲအတွဲပေါင်း ၁၄၅ တွဲကို ရတနာကုန်သည်များက  ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းတင်သွင်းလွှာများကို သက်ဆိုင်ရာ တင်ဒါပုံးများ အတွင်းသို့ ထည့်သွင်းကြသည်။

ထို့နောက် ပုလဲအတွဲအမှတ် (၁၅၁) မှ အတွဲအမှတ် (၂၉၅)အထိ အတွဲပေါင်း ၁၄၅တွဲ တင်သွင်းထားသော ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက ဖွင့်ဖောက်စစ်ဆေးကာ ပုလဲအတွဲပေါင်း ၁၄၃ တွဲရောင်းချရကြောင်း ကြေညာသည်။

ယနေ့ရောင်းချခဲ့ရသည့် ပုလဲအတွဲများကို အမေရိကန်ဒေါ်လာဖြင့် အခြေခံဈေးထားရှိပြီး တန်ဖိုးငွေပေးချေရာတွင် ပြည်ပကုန်သည်များသည် အမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ်နှင့် ထိုင်းဘတ်ငွေတို့ဖြင့် လည်းကောင်း၊ ပြည်တွင်းကုန်သည်များသည် မြန်မာကျပ် ငွေဖြင့်လည်းကောင်း ပေးချေနိုင်ကြောင်း သိရသည်။

ပြပွဲစတုတ္ထနေ့တွင် ကျောက်မျက်အတွဲပေါင်း ၁၂၀ အတွဲကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များကို ဆက်လက်ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 ထို့ပြင် မဏိရတနာကျောက်စိမ်းခန်းမ အတွင်း၌ ကျောက်မျက်နှင့် လက်ဝတ်ရတနာ အရောင်းဆိုင်များကိုလည်း ဖွင့်လှစ်ထားရှိရာ လာရောက်လေ့လာ ဝယ်ယူသူများဖြင့် စည်ကားလျက်ရှိသည်။

ယခုကျင်းပသည့် (၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို မဏိ ရတနာကျောက်စိမ်း ခန်းမ၌ မတ် ၁၇ ရက်မှ ၂၃ ရက်အထိ  ကျင်းပနေခြင်းဖြစ်ပြီး ပုလဲအတွဲပေါင်း ၂၉၅ တွဲအနက် ၂၉၀ တွဲကို ပြည်တွင်း၊ ပြည်ပရတနာ ကုန်သည်များအား ရောင်းချပေးနိုင်ခဲ့သည်။ 

ထို့ပြင် ကျောက်မျက်အတွဲပေါင်း ၁၂၀ နှင့် ကျောက်စိမ်းအတွဲပေါင်း ၂၁၅၀ တွဲတို့ကို ပြည်တွင်း၊ ပြည်ပရတနာ ကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆက်လက်ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။